သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးပွဲအကြို မြစ်ကြီးနား လုံခြုံရေး


ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲအတွက် ဒေသတွင်းမှာ မြန်မာစစ်တပ်ဘက် လုံခြုံရေးထူထူထပ်ထပ် ချထားပြီး ကချင်ကေအိုင်အိုဖက် ကလည်း ရှေ့ပြေးပွိုင့်တွေ ဝင်ရောက်နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ နှစ်ဘက်ပြင်ဆင်နေကြချိန်မှာလည်း စစ်ရေးတင်းမာမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အခုလာမယ့် မေလ ၂၈ရက်နေ့မှာ စတင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပမယ့်ပွဲဖြစ်ပါတယ်။ ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ပထမဆုံး တွေ့ဆုံကြမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို တရုတ်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့က လာရောက် လေ့လာကြမှာလည်းဖြစ်တဲ့အတွက်လည်း ဒီဆွေးနွေးပွဲမှာ လုံခြုံရေးဟာ သိပ်ကိုအရေးကြီးတဲ့ အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဆွေးနွေးပွဲကျင်းပမယ့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းမှာ မြန်မာ အစိုးရဘက်ကနေ ရဲလုံခြုံရေးအင်အားတွေနဲ့ စစ်တပ်လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချပြီး လုံခြုံရေး အသင့်အနေအထားမှာ ရှိနေကြပြီဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ရဲ့ လမ်းဆုံလမ်းခွတိုင်းမှာ စစ်တပ်အင်အားတွေ ချထားတာကို တွေ့ရတယ်လို့ ကချင်ပြည်နယ်အရေး စောင့်ကြည့်လေ့လာနေသူ ကိုစားဂျီကပြောပါတယ်။

“ စစ်တပ် နဲ့ ရဲတွေ လုံထိန်းတွေ မြို့ထိပ် လမ်းထောင့်တိုင်းမှာ စောင့်နေကြတယ် အခု။ အဲ့ဒီ့အနေအထားမှာ ရှိနေတာပေါ့နော်။ လုံခြုံရေးကတော့ တော်တော်ကတော့ ယာဉ်ထိန်းနဲ့ ရဲတွေပေါ့နော်။ တော်တော်များများ လုံခြုံရေးချထားတာတွေ့တယ်။ အဲ့ဒီ့မနောကွင်းနဲ့ ကေအိုင်အို ဆက်ဆံရေးရုံး တလျောက်ပေါ့နော် Police ဆိုပြီး ပုလိပ်တွေနား အစောင့်ယူတဲ့သဘော ရဲစောင့်ကင်းတဲတွေ လုပ်ထားတာပေါ့နော်။ အများအားဖြင့် ရဲတွေနဲ့ လုံထိန်းတွေ ချထားတာပေါ့နော်။”

အရင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုတော့ တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ တရုတ်ပြည်နယ် ရွှေလီမြို့မှာ ပြုလုပ်ခဲ့ကြပေမယ့် ပြည်တွင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စီစဉ်တာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အတိအကျရက် သတ်မှတ်နိုင်ဖို့ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အတွက် ကချင့်အရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားမှာကိုလည်း နိုင်ငံရေး အင်အားစုတွေဘက်က စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။

အခုလိုမျိုး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ဖြစ်လာတဲ့ အခြေအနေ ကတော့ တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်ပြီး ပိုပြီးတော့မှ လွတ်လပ်ပြီး လုံခြုံရေးအရ လည်း စိတ်ချရနိုင်တဲ့ ကချင်လွတ်မြောက်ရေး ထိန်းချုပ် နယ်မြေထဲမှာ တွေ့ဆုံဖို့ စီစဉ်တာဖြစ်နိုင်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုစားဂျီက ပြောပါတယ်။ ကချင်တပ်ဘက် ကလည်း ဆွေးနွေးပွဲရက် နီးကပ်လာချိန်မှာပဲ ကချင်တပ် အမှတ်တံဆိပ်နဲ့ ကားတွေ နယ်မြေ ထဲကို ဝင်ရောက်ပြီးတော့ ရှေ့ပြေးတပ် အဖြစ် နေရာယူ ထားတာကိုလည်း တွေ့ရတယ်လို့ ဆက်ပြောပါတယ်။

“ ကချင်ဘက်က မနေ့က ကေအိုင်အိုကား ရောက်လာတာကို တွေ့ရှိရတယ်။ သူတို့ရဲ့ ကေအိုင်အိုတံဆိပ်နဲ့ပေါ့နော်။ ကေအိုင်အိုကားနံပတ်နဲ့ပေါ့နော်။
ကေအိုင်အို တပ်ရင်းက နံပတ်နဲ့ပေါ့နော်။ ကားဝင်လာတယ်။ ကားသုံးစင်း ဝင်လာတာတွေ့တယ်။ ရှေ့ပြေးသဘောနဲ့ပေါ့နော်။ ကြာပြီလေ ဒီလို ကားမဝင်လာတာအရင်တုန်းက၊ မနေ့ကစပြီးတော့ ကေအိုင်အို အမှတ်တံဆိပ် ပါတဲ့ ကားတန်းဝင်လာတာ မနေ့ညက တွေ့ရှိရတယ်။ ပွဲဦးထွက် ရှေ့ပြေးအနေနဲ့ သွားတယ်လို့ပဲ ကျနော်ထင်တယ်။”

အခုလိုနှစ်ဖက်တွေ့ဆုံမှုတွေ လုပ်ဖို့ပြင်ဆင်နေကြချိန် ဒီရက်ပိုင်းအတွင်းမှာပဲ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ အစိုးရတပ်တွေကြား ရှမ်းပြည်နယ်မြောက်ပိုင်း မွန်ဂိုးဒေသဘက်မှာ တိုက်ပွဲတွေ ဟာ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရေး တင်းမာမှုတွေ ရှိနေသေးတဲ့ အတွက် နှစ်ဖက် စစ်ပြေငြိမ်းပြီးတော့ အမှန်တကယ်ငြိမ်းချမ်းမှုကိုသာ ကချင်လူထုက လိုလားနေကြပါတယ်လို့ ဆက်ပြောပါတယ်။

“နှစ်ရက်သုံးရက်အတွင်းတော့ တိုက်ပွဲတွေ တင်းမာတဲ့နေရာတွေ ရှိသေးတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းပေါ့နော်။ ဒေသခံပြည်သူရော၊ အားလုံးပေါ့နော်။ ဒီအမှန်တရား ကိုဆွေးနွေးနိုင်ဖို့က အဓိကပေါ့နော်။ တကယ့်အရှိကို အရှိအတိုင်း ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲဆိုရင်တော့ ကချင်လူထု ကတော့ နှစ်သက် ပါတယ်။”

မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းက စပြီး စီစဉ်ခဲ့ကြပေမယ့် နှစ်ဖက် သဘောတူညီမှုတွေရဖို့ အကြိမ်ကြိမ် ညှိနှိုင်းနေရဆဲ ဖြစ်တဲ့ အတွက် နှောင့်နှေးကြန့်ကြာမှုတွေဖြစ် ခဲ့ရတာပါ။ နောက်ဆုံး မှာတော့ ဒီလ ၂၈ ရက်နေ့မှာ KIO နဲ့ ပြည်ထောင်စု ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာဘူက မဂျွယ်ခမ်းမမှာ တွေ့ဆုံဖို့ နှစ်ဘက် သဘောတူညီနိုင်ခဲ့ကြပြီဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းစမယ့် ဆွေးနွေးပွဲမှာတော့ အရင်က မျှော်လင့်ထားသလို အနောက်နိုင်ငံက ကိုယ်စားလှယ်တွေ မပါဝင်ပေမဲ့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်မယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG