သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပထမနေ့ နှစ်ဘက်အားရ


မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၂၈ မေ ၂၀၁၃)
မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၂၈ မေ ၂၀၁၃)
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရစစ်တပ်အကြား သေနတ်တစ်ချက်မှ မဖောက်ကြတော့ဘဲ အပစ်ရပ်တော့မယ်ဆိုတဲ့ သဘောတူညီချက်မျိုးထိ မရကြသေးပေမဲ့လည်း အခုအချိန်ထိ ဆွေးနွေးပြီးသမျှ ကျေနပ်မှု ရှိပါတယ်လို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ KIO/KIA တို့အကြား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးပွဲ ပထမနေ့အပြီး အဲ့ဒီလို ပြောလိုက်တာပါ။ ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေရော၊ လေ့လာသူတွေကပါ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အတော်လေး အကောင်းမြင် မျှော်လင့်ချက်တွေနဲ့ ပြောခဲ့ကြတာလည်း ဖြစ်ပါ တယ်။
အပြည့်အစုံကို ဆွေးနွေးပွဲကျင်းပရာ မြစ်ကြီးနားမြို့တော်မှာ သတင်းသွားယူနေတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO/KIA တို့ရဲ့ အင်္ဂါနေ့က ဆွေးနွေးပွဲအပြီး ဆွေးနွေးချက်တွေအပေါ် ကျေနပ်အားရမှုရှိတဲ့အကြောင်း နှစ်ဘက်စလုံးက ပြောခဲ့ကြတာပါ။

နှစ်ဘက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို သီးခြားဆွေးနွေးဖို့ရှိပြီး လုံး၀ အပစ်အခတ် ရပ်စဲရေးအတွက် အတိအကျ သဘောထား မရသေးပေမဲ့ အခု ဆွေးနွေးခဲ့ပြီးသမျှ အပေါ်မှာတော့ ကျေနပ်ပါတယ်လို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဘက်ကနေ ဆွေးနွေးပွဲမှာ အဓိကပါဝင်သူ တစ်ဦးဖြစ်တဲ့ KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောသလို အခုဆွေးနွေးပွဲအပေါ် သူ့ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောခဲ့ပါတယ်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
“ဒီတကြိမ် ဆွေးနွေးပွဲမှာ အဓိကကတော့ ကျနော်တို့ နောက်ပိုင်းမှာ ရှေ့ဆက်ပြီး သွားမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို တကယ်လုပ်ချင်တဲ့ ဆန္ဒကို ပြည်သူကို အတိအကျ ဖော်ပြနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

အခု KIO/KIA နဲ့ ဆွေးနွေးပွဲတွေ အောင်မြင်မှုရခဲ့ရင် တိုင်းရင်းသားအားလုံးပါဝင်တဲ့ တွေ့ဆုံပွဲကြီးတစ်ခုလုပ်ဖို့ သမ္မတက ဆန္ဒရှိနေတယ်ဆိုတာကို ဆွေးနွေးပွဲအဖွင့်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)
ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)
“နိုင်ငံတော် သမ္မတကြီးကတော့ ဇွန်လ၊ ဇူလိုင်လလောက်မှာ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့၊ တိုင်းရင်းသားတွေ အားလုံးပါဝင်နဲ့ နေပြည်တော်မှာ ကျနော်တို့ အလုံးစုံ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ လက်မှတ်ရေးထိုးပွဲကြီးကို သူက ကျင်းပဖို့အတွက် စိတ်အားထက်သန်လျက် ရှိပါတယ်။ ဒါကိုလည်း ကျနော် တင်ပြအပ်ပါတယ်။ ဇွန်၊ ဇူလိုင်လောက်မှာ ကျင်းပနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။”

အခုဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ တက်ရောက်တဲ့အပြင် မြစ်ကြီးနားမြို့က မြို့မိမြို့ဖ တချို့ကိုလည်း လေ့လာသူတွေအဖြစ် တက်ရောက်တာ တွေ့ခဲ့ရပါတယ်။ နိုင်ငံတကာကဆိုရင်တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambir) နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒုတိယသံရုံးတာဝန်ခံတို့ တက်ရောက်တာကို တွေ့ရပါတယ်။

အခုဆွေးနွေးပွဲမှာ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့က လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့တာဟာ သူတို့ကိုချည်း သီးခြား ဖိတ်ခဲ့တာမျိုး မဟုတ်ပါဘူးလို့ ဗိုလ်ချုပ်ဂွမ်မော်က ရှင်းပြပါတယ်။

“သူတို့နှစ်ယောက်တည်းကို ကျနော်တို့က ရည်ညွှန်းပြီးတော့ ပြောတာမျိုးတော့ မဟုတ်ပါဘူး။ အားလုံးပေါ့ အခြားသော နိုင်ငံများကိုလည်း ကျနော်တို့ ဖိတ်ကြားထားတာ ရှိပါတယ်။ သို့သော်လည်းပဲ ဒီတကြိမ်မှာတော့ ဒီကုလသမဂ္ဂနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လာရောက်ပြီး ကျနော်တို့ကို လေ့လာသူအနေနဲ့ လာပြီး နားထောင်တာ ဖြစ်ပါတယ်။ ကျနော်တို့ကို ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကတော့ ကျနော်တို့ဘက်က ဘာတွေ အကူအညီ တောင်းမလဲ။ ပြီးတော့ လုပ်ထုံးလုပ်နည်းအရ ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့အပိုင်း ဒါက သီးသန့်ကဏ္ဍဖြစ်ပါတယ်။”

ဒီကနေ့မှာ ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့ကြပြီး၊ အခုချိန်ထိ ဆွေးနွေးပွဲ အခြေအနေဟာ သိပ်ကို ကောင်းမွန်နေပြီးတော့ သဘောတူညီချက် ရဖို့ မျှော်လင့်ပါတယ်လို့ မစ္စတာ နမ်ဘီးယား က ဗွီအိုအေကို ပြောပါတယ်။

ဗီဂျေး နမ်ဘီးယား (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)
ဗီဂျေး နမ်ဘီးယား (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)
"ကျနော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ သူတို့တွေ သဘောတူညီချက် တစ်ခုရပြီး ဒီနေရာမှာ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အခြေခံတွေ ချမှတ်နိုင်ရေးပဲ ဖြစ်ပါတယ်။ တိုးတက်မှု ရှိလိမ့်မယ်ဆိုတာ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။"

အခုဆွေးနွေးပွဲဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ မနောကွင်းမှာ ကျင်းပနိုင်ခဲ့တာကိုက အောင်မြင်မှု တစ်ရပ်ဖြစ်နေပြီး အခု ဆွေးနွေးပြီးသလောက် အခြေအနေ အားလုံးကောင်းပါတယ်လို့ ပြောသူက ဆွေးနွေးပွဲမှာ ပါဝင်သူ မြန်မာ့ငြိမ်းချမ်းရေး ဖွံ့ဖြိုးုတိုးတက်ရေးဆိုင်ရာ ဗဟိုဌာန (MPC) က ဒေါက်တာ ကျော်ရင်လှိုင်ပါ။

“အခု ဒီနေ့မနက်မှာဆိုလို့ရှိရင်လည်း ကျနော်တို့ အခြေခံ ရှေ့ဆက်ပြီး သွားတဲ့အခါမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဆွေးနွေးခဲ့ကြတယ်လေ။ ဆွေးနွေးတဲ့အခါမှာ နှစ်ဦးနှစ်ဘက်က သဘောမတူညီတာ ဆိုတာကို မရှိသလောက်ပဲ။ ရှေ့ဆက်ပြီး ဘယ်လို သွားကြမလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာပဲ ကျနော်တို့ ပြောသွားတာဆိုတော့ အားလုံး ခြုံပြီးပြောရရင် ကျေနပ်စရာလည်း အလွန်ကောင်းပါတယ်။ ဒီဆွေးနွေးပွဲကလည်း အောင်မြင်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

မနက် ၉ နာရီက စတင်ခဲ့တဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲဟာ နေ့လည် ၂ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။ ဆွေးနွေးပွဲ ခန်းမထဲကနေ ထွက်လာကြသူ အားလုံးဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ ခင်မင်ရင်းနှီးစွာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ အခုအချိန်ထိ သိထားရသမျှဆိုရင်တော့ ဗုဒ္ဓဟူးနေ့မှာ နှစ်ဘက် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးပွဲ မရှိဘဲ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် အပါအဝင် တချို့ကိစ္စရပ်တွေကို သီးခြား တံခါးပိတ် တွေ့ဆုံဆွေးနွေးတာမျိုးတွေ ရှိနိုင်ပါတယ်။

KIO/KIA ကတော့ ကချင်မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပြီး လူထုအသံကို နားထောင်ဖု့ိ ရှိတယ်ဆိုတာကို ပြောကြပါတယ်။ နှစ်ဘက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကိုတော့ ကြာသပတေးနေ့ကျရင် အပြီး ကျင်းပကြမှာဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG