သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်စစ်ကြောင့် ဒေသခံတွေ ပိတ်မိနေဆဲ


ကချင်ပြည်နယ် ဖားကန့်ဒေသက တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ အောင်ဘာလေရွာက ရွာသားတွေဟာ အခုအခါ ကံဆီးရွာကို ပြောင်းရွှေ့နေထိုင်နေကြပြီး သူတို့တွေဟာ ပိုမိုလုံခြုံတဲ့ ဖားကန့်ဘက်ကို ပြောင်းရွှေ့ချင်ပေမဲ့ ရွှေ့ပြောင်းခွင့် မရသေးပါဘူး။

လောလောဆယ်မှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ရက်ရှည်ကြာလာမယ်ဆိုရင် စစ်ရှောင်ဒုက္ခသည်တွေဟာ ရိက္ခာအခက်အခဲ ကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

Google Map
Google Map

ဖားကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီလ ၁၅ ရက်နေ့က အောင်ဘာလေရွာအနီးမှာ စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲစစချင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဟာ သူတို့ရပ်ရွာဒေသမှာ မနေရဲအောင် အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

အခုအခါမှာတော့ အောင်ဘာလေရွာက လူ ၂ ထောင်နီးပါးဟာ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနည်းငယ် အလှမ်းဝေးတဲ့ ဥရုချောင်းတဘက်ကမ်းက ကံဆီးရွာကို ပြောင်းရွှေ့နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မရှိတော့ဘူး အားလုံး ဒီဘက်မှာပဲ တိုက်ကြီးမှာပဲ စုနေကြပြီ။ အဲ့ဘက်မှာ နေလို့မှမရတော့တာ။ ဟိုမှာ တအားကြီး တိုက်ပွဲဖြစ်တဲ့အခါ ကျမတို့က မနေရဲတော့ဘူးလေ။ ထွက်ပြေးကုန်တာပေါ့ အဲတော့ အားလုံး ဒီမှာပဲ စုနေတာပေါ့။ ဘုရားကျောင်းမှာရော ဟို ဘုန်းကြီးကျောင်းမှာရော အဲ့လိုမျိုး စုပြီးမှနေကြတာ။”

အောင်ဘာလေရွာသားတွေကို ဘာသာရေးအသင်းနဲ့ လူမှုရေးအသင်းတွေက စစ်ဘေးလွတ်လာ ဖားကန့်မြို့မှာ ခိုလှုံနေထိုင်ဖို့အတွက် သွားရောက်ခေါ်ဆောင်ပေမဲ့ စစ်တပ်က ခွင့်မပြုခဲ့ပါဘူး။ ဒေသခံတွေကတော့ ပိုမိုလုံခြုံရာဒေသကို ပြောင်းချင်ပေမဲ့ ပြောင်းခွင့်မရ ဖြစ်နေပါတယ်။

“လိုက်ချင်တော့လည်း လိုက်ချင်တယ်။ သူတို့လာခေါ်တော့လည်း ဒီဘက်မှာ မကျော်ခိုင်းတာကြီးကို သူတို့က။ မကျော်ခိုင်းဘူးလေ အဲ့ဒီကနေ။ ခြံကာဂိတ်ကနေ မကျော်ခိုင်းဘူး အဲ့ဒီမှာ။ ဒီကလည်း မသွားခိုင်းဘူး။ ဟိုကလည်း မလာခိုင်းဘူး အဲ့ဒီလိုဖြစ်နေတာ။”

စစ်ရှောင်ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် သဘာပတိအဖွဲ့ဝင် ဦးဒါရှီလဆိုင်းကတော့ ကံဆီးရွာဘက်ကို လမ်းပန်းအဆက်အသွယ်တွေ ဖြတ်တောက်ထားတာကြောင့် ရေရှည်မှာဆို ရိက္ခာအခက်အခဲတွေ တွေ့ကြုံလာနိုင်တယ်လို့ ပြောပါတယ်။

“အားလုံး အဲ့ဒီ ကံဆီးရွာထဲကို ရောက်လာပြီ။ ဟိုဘက်ကနေ ၁၈၀၀ လောက်ပေါ့နော်။ ကျောင်းသူကျောင်းသားပေါ့နော် မူလတန်းကနေ ၈ တန်းအထိ ကျောင်းသူကျောင်းသား အယောက် ၃၀၀ နဲ့ ရွာသားက အားလုံးပေါင်း ၁၈၀၀ ပေါ့။ လုံခြုံရေးအနေအထားအရတော့ တဘက် ဟိုဘက်ကမ်းမှာကလည်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အနေအထားရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့က စိုးရိမ်တာပေါ့ဗျာ။ အဲ့ဘက်ကို လမ်းပိတ်ထားတာက ၄၊ ၅၊ ၁၀ ရက်လောက်ရှိပြီလေ။ အဲ့ဒီကံဆီးရွာမှာလည်း အနည်းဆုံး လူဦးရေက မရှိဘူးဆိုရင်တောင် ၁ ထောင်ဝန်းကျင်၊ ၁ ထောင်ပေါ့။ အားလုံး ၂ ထောင်ကျော်ဝန်းကျင်ရှိတဲ့ လူဦးရေကနေ ၇ ရက်၊ ၈ ရက်လောက် အဲ့ဒီမှာ လမ်းပိတ်ထားတယ်ဆိုတော့ ဆန်တို့၊ ဆီတို့၊ ဆားတို့ အဲ့ဒီမှာ အခက်အခဲ ရှိလာနိုင်တယ်လေ။”

ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဖားကန့်မြို့ပေါ်က ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေက ဆန်နဲ့ငွေကြေးကောက်ခံပြီး ထောက်ပံဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ ဖားကန့်ဒေသအခြေစိုက် တပ်မ ၆၆ က တပ်မမှူးက စစ်ရှောင်ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ ရိက္ခာကို တာဝန်ယူမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။

“အခု အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သူတို့ PCG ကို အဲ့ဒီက ပြည်သူလူထုတွေလည်းပဲ အမြန်ဆုံးလာခေါ်ပါဆိုပြီး အသံကြားလို့လေ။ ကျနော်လည်း အဲ့ဒီကိုသွားမယ်လို့ ကျနော်တို့က သက်ဆိုင်ရာတွေ သတ်မှတ်မှုနဲ့ ကျနော်တို့ သွားတွေ့ပါတယ်။ လုံခြုံရေးအရ အဲ့ဒီကို သွားလို့မရဘူးဆိုပြီးမှ သူတို့တာဝန်မယူဘူးဆိုပြီး ပြောလို့ ကျနော်တို့လည်း အဲ့ဒီကို မသွားဖြစ်ဘူးဗျ။ နောက်ပြီး အဲ့ဒီမှာ ပြည်သူလူထုတွေကိုလည်းပဲ သူတို့က အေးအေးဆေးဆေး တိုက်ပွဲလည်း မဖြစ်တဲ့အထိ တည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီတဲ့။ အဲ့ဒါကြောင့် ခေါ်စရာမလိုတော့ဘူးဆိုပြီးမှ သူတို့လည်း ပြောပါတယ်။ ဒါဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးကိစ္စ အားလုံးနဲ့ပတ်သက်ပြီးလည်း တပ်မ ၆၆ တပ်မမှူး သူတို့ပဲ အားလုံးတာဝန်ယူမယ်လို့ ပြောပါတယ်ဗျ။”

ဖားကန့်ဒေသမှာ မနေ့ကနဲ့ ဒီကနေ့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။ တချို့ဒေသခံတွေကတော့ ဖားကန့်ဘက်မှာ တိုက်ပွဲမဖြစ်ပေမဲ့ ဖားကန့်-မိုးကောင်းလမ်းက နမ့်ယားဘက်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေ စတင်ပြီးတဲ့နောက် ဖားကန့်ဒေသမှာ ရဲစခန်း၊ လူနေရပ်ကွက်နဲ့ ကားလမ်းတွေမှာ မိုင်း ၁၅ လုံးလောက် ပေါက်ကွဲပြီး လူတယောက် သေဆုံးခဲ့သလို ၁၂ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးချက်အရ ဖောက်ခွဲသူဟာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကလို့လည်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အခု ကချင်ပြည်နယ် ဖားကန့်ဒေသ စစ်ပွဲတွေအတွင်း တရုတ်လူမျိုး ရာဂဏန်းပိတ်မိနေတယ်လို့ တရုတ်အစိုးရပိုင် Golden Times က မနေ့က ဖော်ပြရေးသားခဲ့ပေမဲ့လို့၊ သူတို့ စုံစမ်းလေ့လာချက်အရတော့ ဒီလို တရုတ်အများအပြား စစ်ပွဲထဲ ပိတ်မိနေတယ်ဆိုတဲ့ သတင်း မမှန်ကန်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG