သုံးရလွယ်ကူစေသည့် Link များ

ကျောက်စိမ်းထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ အပတ်ကတည်းက မြေပြိုမှုကြောင့် လူအနည်းဆုံး ၅၀ လောက် သေဆုံးခဲ့ပြီး ခုချိန်ထိ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ အာဏာပိုင်တွေက ထိရောက်တဲ့ ကူညီဆောင်ရွက် ပေးတာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ တစ်သုံးလုံး ကုမ္ပဏီက ကျောက်ရိုင်းတုံး ကောက်သူတွေဖြစ်ပြီး အများစုက ဖားကန့်ဒေသခံတွေ ဖြစ်ပါတယ်။ သေဆုံးသွားသူတွေရဲ့ အလောင်းတချို့ကို ကုမ္ပဏီက ထုတ်ပေးခဲ့ပြီး ကျန်တဲ့ အလောင်းတွေကိုတော့ အခုချိန်ထိ မထုတ်ပေးတဲ့အတွက် ဖားကန့်မြို့ခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ မော်လကိန်ကျေးရွာမှာ ပြီးခဲ့တဲ့အပတ် စနေနေ့ မနက်က တစ်သုံးလုံး ကုမ္ပဏီ သွန်ထားခဲ့တဲ့ မြေစာပြိုတဲ့အထဲ ပါသွားခဲ့တဲ့ ကျောက်စိမ်းအရိုင်းတုံး ကောက်သူ အယောက် ၅၀ ခန့်ကို ကုမ္ပဏီက အလောင်းမဖော်ပေးတဲ့အပြင် ဆက်ဖော်ခွင့်လည်း ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြိုကျတဲ့အထဲမှာ ကျောက်စိမ်းအရိုင်းတုံး ကောက်တဲ့သူတွေဆီက ကျောက်ဝယ်ဖို့ စောင့်နေချိန် ပါသွားတဲ့ ကချင်အမျိုးသား သူဌေး ၃ ယောက် အလောင်းကိုတော့ ကုမ္ပဏီက ခရစ်ယာန်အသင်းတော် လူကြီးတွေကို ထုတ်ပေးခဲ့တယ်လို့ ဖားကန့်ဒေသခံ တယောက်က ကချင်လို ပြောပါတယ်။

“အလုပ်လုပ်တဲ့သူတွေက ဟိုးအပေါ်မှာ ရေမဆေးကောက်တဲ့ သူတွေက အောက်မှာလေ၊ မနက် ၄ နာရီလောက်မှာ ပြိုတာ။ ခါတိုင်းကောက်တာ လူအရမ်းများတယ်၊ လူရာချီ ကောက်ကြတယ်။ အခုက မနက်အစောကြီးဆိုတော့ အဲလောက်တော့ မများဘူးထင်တယ်။ ၁၃ ရက်နေ့မနက် သူတို့ ကုမ္ပဏီတွေ ပြန်ထုတ်ပေးတာ။ ကျန်တဲ့သူတွေကိုတော့ တချို့ပြောတော့ ထုတ်တယ်တဲ့၊ တချို့တော့ မထုတ်ဘူးလို့ ပြောတယ်။ အခုတော့ ပိတ်လိုက်ပြီလေ။ အစိုးရက တခြား ဘာမှမပြောဘူး။ လူဘယ်လောက်ပါလဲ ဆိုတာတော့ အတိအကျ မသိဘူး။ ၃ ယောက်ပဲ ထုတ်ယူလိုက်ရတယ်။ တခြားအလောင်းတွေကိုတော့ မထုတ်တော့ဘူးလေ။”

မြေစာပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ ကုမ္ပဏီ အလုပ်သမားတွေ မဟုတ်ဘဲ အပြင်က ကျောက်စိမ်းအရိုင်းတုံး လာကောက်ကြတဲ့ သူတွေသာ ဖြစ်တဲ့အတွက် ကုမ္ပဏီက တာဝန်မယူပေးမှု အပေါ်မှာ တရားစွဲဆိုဖို့လည်း ခက်တယ်လို့ ဆိုပါတယ်။ အခုလို ကျောက်စိမ်းအရိုင်းတုံး ကောက်တဲ့သူတွေကို ဒေသ အခေါ်အဝေါ်အရတော့ ရေမဆေး ကောက်တဲ့သူတွေလို့ ခေါ်ပါတယ်။

အခုလို ကျောက်စိမ်းတုံးရိုင်း ကောက်တဲ့သူတွေ သေဆုံးမှုကို အစိုးရ အာဏာပိုင်တွေကလည်း ကုမ္ပဏီနဲ့သာ သက်ဆိုင်တယ်လို့ ပြောပြီး တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ဒေသခံတွေက ဘယ်လို ဆက်လုပ်ရမယ်မသိ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့မှာ ကျောက်စိမ်းကုမ္ပဏီ လာလုပ်တဲ့ သူတွေဟာ အနယ်နယ် အရပ်ရပ်က အလုပ်သမားတွေ အများစုဖြစ်ပြီး ကျောက်စိမ်းတုံးရိုင်း ကောက်တဲ့ သူတွေကတော့ ဒေသခံတွေ အများစု ဖြစ်ကြပါတယ်။

အခုမြေပြိုမှုမှာ တစ်သုံးလုံး ကုမ္ပဏီက တောင်ပေါ်မှာ တူးနေကြတာ ဖြစ်သလို မြေစာတွေကလည်း အလွန်မြင့်တဲ့အတွက် ပြိုကျသွားတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံက ကချင်လို ရှင်းပြပါတယ်။

“ကုမ္ပဏီတွေ တူးထားတဲ့မြေ တအားများလို့ အားအရမ်းကြီးပြီး ဖိပြီး ပြိုသွားတာပေါ့။ တောင်ကနေ အောက်ကိုကြည့်လိုက်ရင် လူတွေက သေးသေးလေးတွေ၊ အရမ်းမြင့်တာ။ အရမ်းမြင့်တာ အနည်းဆုံး ပေ ၂၀၀ တောင်မကဘူး ထင်တယ်။ ဟိုးကြည့်လိုက်ရင် လူကို သေးသေးလေးပဲ မြင်ရတော့တာ။ အပေါ်ကနေ ကြည့်လိုက်ရင် အောက်မှာရှိနေတဲ့လူ ဘယ်သူမှန်း မမှတ်မိနိုင်အောင်ကို မြင့်တာ။”

မြေစာပြိုကျမှုကြောင့် သေဆုံးမှုတွေ မကြာခဏ ဖြစ်တတ်တဲ့ ကိစ္စကို ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း နှုတ်ပိတ်ထားတာမျိုး လုပ်နေပြီး အခုပြိုကျမှုကိုတော့ ဒေသခံတွေ သိလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ နေပြည်တော်မှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ ၂၀၁၀ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာပဲ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ပြည်ပက ရတနာကုန်သည်တွေနဲ့ ထိုင်း၊ တရုတ် စီးပွားရေးသံမှူးတွေ ဖိတ်ခေါ်ပြီး ကျင်းပနေပါတယ်။ အဲဒီထဲမှာ ဖားကန့်ထွက် ကျောက်စိမ်းအတွဲ ၉,၁၅၇ တွဲကိုလည်း ခင်းကျင်း ပြသထားပါတယ်။

အခုတခါ ကျင်းပတဲ့ ပွဲကတော့ ၇၅ ကြိမ်ဖြစ်ပြီး ပြည်တွင်း ပြည်ပက ရတနာကုန်သည်တွေ စိတ်အားထက်သန်စွာ ၀ယ်ယူခဲ့ခြင်းကြောင့် တပွဲထက်တပွဲ အောင်မြင်မှုတွေ ရရှိနေတယ်လို့ မြန်မာစစ်အစိုးရ သတင်းစာမှာ ဖြော်ပထားပါတယ်။

အခုလို ဖားကန့်ဒေသဟာ မြန်မာစစ်အစိုးရရဲ့ တတိယ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိတဲ့နေရာ ဖြစ်ပေမဲ့ ဖားကန့်ဒေသခံတွေရဲ့ ဘ၀ကတော့ စားဝတ်နေရေး အဆင်မပြေတဲ့အပြင် အသက်အန္တရာယ်ကြားက လုပ်ကိုင်စားသောက်နေရပြီး တရုတ်နဲ့ မြန်မာ ပူးပေါင်းတိုးချဲ့ လုပ်နေတဲ့ ကျောက်စိမ်းကုမ္ပဏီတွေရဲ့ မြေစာတွေကြောင့်လည်း ရေလွှမ်းမိုးမှုဖြစ်ပြီး နှစ်တိုင်း လူထောင်ချီ အိုးအိမ်မဲ့ အသက်ဘေးနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG