သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း ဘိန်းတိုက်ဖျက်ရေး ခြိမ်းခြောက်ခံနေရ


ဘိန်းစိုက်ခင်းများ
ဘိန်းစိုက်ခင်းများ

ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဟာ ကန်ပိုက်တီးမြို့ နယ်ခွဲက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ပြင်ဆင်နေပြီး ဒီရက်ပိုင်းမှာ သွားရောက်ဖို့ ရှိနေပါတယ်။ လောလောဆည်မှာ ဘိန်းခင်း ပိုင်ရှင်တွေက လက်နက်တွေကိုင်ဆောင် စောင့်ဆိုင်းနေကြောင်း သတင်းရရှိထားသလို အစိုးရဖက်က လည်း လုံခြုံရေးလိုက်ပါ ဆောင်ရွက်မပေးတာကြောင့် နှစ်ဖက် တင်းမာလာမယ့် အနေအထား ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် တဝှမ်းက လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေဟာ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့နယ်ခွဲက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့အတွက် ဝိုင်းမော်မြို့မှာ လူစုနေပြီး လာမယ့်ရက်တွေ အတွင်းမှာ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

သွားရောက်ဖျက်ဆီးရမယ့် ဘိန်းခင်းတွေဟာ ဧက ၅ ထောင်ဝန်းကျင်လောက်ရှိပြီး လူ ၂ ထောင် ကျော် လောက်နဲ့ သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ ဝိုင်းမော်မြို့နယ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဦးဇုန်းတိန်က အခုလို ပြောပါတယ်။

“ကျနော်တို့သွားမယ့်နေရာကတော့ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီး မြို့နယ်ခွဲနေရာပေါ့နော်။ နေရာ ကတော့ မော်ချိတုန်းကျေးရွာတဝိုက်ရယ်၊ ကဇုန်ရွာပတ်ဝန်းကျင်ရယ်၊ ချင်းကိုင် ရွာ အဲဒီနေရာတွေပေါ့။ ဒေသခံတွေအပြောအရတော့ ၅၀၀၀ အဲဒီပတ်ဝန်းကျင်တော့ရှိတယ် လို့တော့ပြောတယ်။ ကျနော်တို့က အင်အားများများနဲ့ ဖျက်ဖို့ ၊ ကချင်ပြည်နယ် တနယ်လုံးပေါ့နော်။ ဒီမှာ လူစုနေတယ်။ အခုလောလောဆယ် ၂၀၀၀ တော့ကျော် သွားပြီ။”

ဒီကနေ့မနက်မှာ ဝိုင်းမော်မြို့မှာ တည်းခိုဖို့ နေရာမလောက်တာကြောင့် အခြားကို လူအင်အားတချို့ ပြောင်းရွှေ့ရာမှာ ရဲတပ်ဖွဲ့က မသွားဖို့ တားမြစ်တာတွေ ရှိတယ် လို့လည်း ပြောပါတယ်။

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဘိန်းခင်းတွေ သွားရောက် ဖျက်ဆီးဖို့ ပြင်ဆင်နေချိန်မှာ ဘိန်းခင်းပိုင်ရှင်တွေကလည်း တားဆီးဟန့်တားဖို့ လမ်းခရီးကနေ လက်နက်နဲ့ စောင့်ဆိုင်းနေတယ်လို့ သတင်းရကြောင်းလည်း ဆက်ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ဒီမှာ ဘိန်းခင်းဖျက်ဖို့ လာတဲ့လူတွေကို သတိလာပေးတာကတော့ အခုကတော့ လက်နက်အပြည့်အစုံနဲ့ပေါ့နော်၊ ကတုတ်ကျင်းတွေတူးပြီးတော့မှ စခန်း ပုံစံနဲ့ စောင့်နေကြတယ်တဲ့။ လူအင်အားကတော့ ၂၀၀-၃၀၀ ရှိတယ်လို့တော့ပြောတယ်။”

ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက်မယ့် ကန်ပိုက်တီးဒေသဟာ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ နဲ့ ကချင်အထူးဒေသ ၁ က ပြည်သူ့စစ်တပ်ဖွဲ့တွေ အခြေစိုက် ထားတဲ့ဒေသလည်းဖြစ်တာကြောင့် ဟန့်တားဖို့ ပြင်ဆင်သူတွေဟာ အဲဒီ တပ်ဖွဲ့ တွေနဲ့ ဆက်စပ်မယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ လကလည်း ဘိန်းခင်းတွေဖျက်ဆီးဖို့ သွားရောက်ရာမှာ အခုလို ဟန့်တားဖို့ ပြင်ဆင်တာ တွေရှိခဲ့ တာကြောင့် ပြည်နယ်အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကအဲဒီဒေသကို မသွားဖို့ ပန့်ကြား ခဲ့ပါတယ်။ အဲဒီနောက် မှာ မူးယစ် တိုက်ဖျက်ရေးအဖွဲ့တွေဟာ ချီဗွေဖက်ကိုသွားရောက်ခဲ့ကြပြီး ဒီရက်ပိုင်းမှာတော့ ကန်ပိုက်တီးဒေသ ဖက်ကို သွားရောက်ဖို့ ထပ်မံ စီစဉ်ကြတာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးပေးဖို့ စီစဉ်မပေးကြောင်း လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့က အကြံပေးအဖွဲ့ဝင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှုး ဒေါက်တာခလပ်ဆမ်ဆွန် က ပြောပါတယ်။

“ပထမမှာတော့ လုံခြုံရေးပါတယ်။ဒါပေမယ့် ဒီတခေါက်ကတော့ ဘယ်မှ မပေးနိုင်တော့ဘူး လို့ ပြောတယ်။ ကျနော်တို့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးမှာ KIA ပါတယ်လို့ သူတို့ယူဆတယ် ထင်တယ်။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက လုံခြုံရေး မပေးဘူး၊ ပါဝင်ခြင်းမရှိဘူးဆိုရင်လည်း ကျနော်တို့ကတော့ ဒီပြည်သူ့အသိစိတ်ဓါတ်နဲ့ ဆက်သွားမှာဖြစ်တယ်။ ဒီသွေးထွက်သံယို မဖြစ်အောင်တော့ ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ညှိနှိုင်းပြီးမှ မရဘူး ဆိုရင်လည်း ဒါတကမ္ဘာလုံးက ဘုံရန်သူအဖြစ်နဲ့ focus လုပ်နေတဲ့အရာကို ဘာကြောင့် တားဆီးမရသလဲပေါ့ ၊ ဒါ question တော့ဖြစ်သွားမှာပဲ။”

ပြီးခဲ့တဲ့လတွေအတွင်းကတော့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဟာကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ထောင်လောက်ကို ဖျက်ဆီးခဲ့ပြီ လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကတော့ ကချင်ပြည်နယ် တနိုင်းဒေသဖက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေက ဘိန်းခင်းဖျက်ဆီးနေချိန်မှာ တူမီးသေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ်တာကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး သေဆုံးခဲ့ရပါတယ်။

လက်ရှိအချိန်ဟာ ဘိန်းခင်းတွေ ရိတ်သိမ်းချိန်ဖြစ်ပြီး ဒီလကုန်လောက်ဆိုရင် အစေးထုတ်ယူတာတွေ ပြီးဆုံးတော့မှာ ဖြစ်တာကြောင့် ဘိန်းစိမ်းမထုတ်လုပ်နိုင်မီ ဘိန်းခင်းတွေ ဖျက်ဆီးဖို့ လိုအပ်နေ တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG