သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒပြ


ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒပြ (Hkun Awng Nlam)
ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒပြ (Hkun Awng Nlam)

ကချင်ဒေသမှာ တပ်မတော်က ထိုးစစ်ဆင်နေတာကို ရပ်တန့်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ တနိုင်းမြို့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြစ်ကြီးနားမှာတော့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ စီတာပူမနောကွင်းအတွင်းမှာပဲ စုဝေးခဲ့ကြပြီး တနိုင်းမှာတော့လူ ၇၀၀လောက်ဟာ မြို့တွင်းကိုလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က လိုင်ဇာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသတွေမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေတာပါ။

ဒီလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင် ကချင်ပြည်သူတွေက ထိုးစစ်တွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပြီး မြစ်ကြီးနားမြို့မှာ ဆန္ဒထုတ်ဖော်ရတဲ့ အဓိကအကြောင်းကိုတော့ ဒီပွဲကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ဦးလုန်ဂျုံတူးရော်က အခုလို ပြောပါတယ်။

“တပ်မတော်ရဲ့ထိုးစစ်က အရပ်သားတွေနေတဲ့ကျေးရွာတွေမှာ အမြှောက်နဲ့ထုတာကို ၊ အရပ်သားတွေ ကလေးတွေ ၃-၄ ယောက်လောက် ဒဏ်ရာရသွားတယ် မနေ့က ကလေးလေးတယောက်ဆုံးသွားတယ်။ နောက် ၂ ယောက်က တရုတ်ပြည်ဘက်မှာ ဆေးသွားကုနေတယ်။ ကလေးငယ်တွေဖြစ်တဲ့အခါကျတော့ လူထုက စိတ်ထဲမှာ မသက်မသာခံစားရတာပေါ့ဗျာ။ဒါတွေလည်းပါတယ် ပြီးတော့ ဒီလိုထိုးစစ်ဆင်ခြင်းအားဖြင့် စစ်တပ် ၂ ဘက်က ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် စစ်ကိုရပ်ပါလို့ ကျနော်တို့ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။"

(Hkun Awng Nlam)
(Hkun Awng Nlam)

လက်ရှိ ၆ နှစ် ကျော်ကြာပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေရတာကြောင့် ထိုးစစ်တွေ ရပ်ဆိုင်းပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့လည်း ထပ်မံတောင်းဆိုပါတယ်။

“ဒီလို ပဋိပက္ခတွေအတွင်းမှာ ကချင်ပြည်သူတွေ အပြစ်မဲ့ပြည်သူတွေက ဒုက္ခဆင်းရဲခံစားရတာပေါ့ဗျာ။ အခုက ကချင်ကျေးရွာပေါင်း ၃၀၀ ကျော် မီးရှို့ခံရပြီးပြီ။ ဘုရားရှိခိုးကျောင်းပေါင်း ၆၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံရပြီးပြီ။ ပြစ်မဲ့ပြည်သူ ၁ သိန်းကျော်ကလည်း စစ်ပြေးဒုက္ခသည်အဖြစ်နေရတာပေါ့ဗျာ။ ကိုယ့်ရပ်ကျေးရွာကိုပစ်ထားပြီးတော့ ဒါကလည်း ၆ နှစ်ကျော်ကြာပြီ။ ဒီနိုင်ငံရေးပြဿနာ ကြောင့်ဖြစ်တဲ့ကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် တောင်းဆိုတဲ့သဘောပါ။”

မြစ်ကြီးနားမြို့ ဆန္ဒထုတ်ဖော်ပွဲကိုတော့ မနက် ၇နာရီကနေ ၁၀နာရီထိ ကျင်းပခဲ့ပြီး လူထောင်နဲ့ ချီတက်ရောက်ခဲ့သလို တနိုင်းမြို့မှာလည်း မြို့တွင်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ဦးနော်တောင်က ပြောပါတယ်။

“ကျနော်တို့ ၉ နာရီကနေစတင်တာ အခုကျနော်တို့ ဒါ တနိုင်းမြို့တခေါက်ပတ်တော့မယ်။ နဂိုနေရာပြန်ရောက်တော့မယ် နည်းနည်းလေးပဲလိုတော့တယ်။အခုကျနော်တို့ လမ်းလျှောက်ဖော်ထုတ်တဲ့နေရာမှာ လူက ၆၀၀ ကျော် ပါဝင်တယ်။ နောက် ထပ်တိုးလာတာ ၇၀၀ ကျော်တယ်ခင်ဗျ။”

တနိုင်းမြို့က ပြည်သူတွေကတော့ တောင်းဆိုချက် ၅ချက်ကို အခုလို ကြွေးကြော်ခဲ့ကြပါတယ်။

“တပ်မတော်မှ ထိုးစစ်ဆင်မှု ချက်ချင်းရပ် ၊ စစ်ဘေးရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး ဒို့အရေး”

တခြားအချက်တွေကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာမပြေလည်သရွေ့ အကြီးစားစီမံကိန်းများရပ်ဆိုင်းရေး၊ ကချင်ပြည်နယ်မှာ ဖက်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုတာတွေဖြစ်ပါတယ်။

နောက်ရက်တွေမှာတော့ ဒီလို ဆန္ဒထုတ်ဖော်ပွဲတွေကို ဗန်းမော်၊ ဖားကန့်နဲ့ ဝိုင်းမော်မြို့တွေမှာလည်း ကျင်းပဖို့ရှိနေပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ ၁၉၆၁ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီး ၁၉၉၄ခုနှစ်မှာ အစိုးရအပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီး နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးတာတွေရှိခဲ့ပေမဲ့ ဒီကနေ့ထိတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒပြ
please wait

No media source currently available

0:00 0:03:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG