သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်ဆိုင်းရေး ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ


ဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးရှေ့မှာ အမေရိကန်နဲ့ ကနေဒါနေ ကချင်တိုင်းရင်းသားများ ဆန္ဒပြစဉ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၃)
တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်ဆဲရေး အစိုးရနဲ့ ဆွေးနွေးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၈ ဖွဲ့တို့ ဘုံသဘောတူညီချက် ရပြီးနောက်မှာဘဲ အမေရိကန် ပြည်ထောင်စုက ကချင်တိုင်းရင်းသားတွေ ကတော့ ကချင်ပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်စေဖို့ ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စုတဝှမ်းနဲ့ ကနေဒါတို့မှာ နေထိုင်ကြတဲ့ ကချင် တိုင်းရင်းသားတချို့ တို့ဟာ ၀ါရှင်တန် ဒီစီ မြန်မာသံရုံးရှေ့မှာ အမေရိကန် စံတော်ချိန် သောကြာနေ့ ညနေပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို စီစဉ်သူတဦးဖြစ် ကချင်မဟာမိတ်အဖွဲ့ Kachin Allience က ဂျာမိုင်က သူတို့ တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

"ကျမတို့ဘက်က တောင်းဆိုတာကတော့ နံပတ်တစ်က ဖန်းခါး စခန်းဘက်မှာ ဖမ်းဆီးထားတဲ့ ကျေးရွာသားတွေကို လွှတ်ပေးဖို့၊ နောက်ပြီးတော့ အပြင်ကို ထွက်ခွင့်မပေးဘူးပေါ့နော်။ သူတို့ကို အကူအညီပေးဖို့ လူတွေကိုလည်း ကျေးရွာထဲကို ဝင်ခွင့်မပေးဘူး ဆိုတော့ ကျေးရွာသားတွေ အနေနဲ့ အစားအစာတွေ ဒုက္ခဖြစ်တယ်။ အမျိုးမျိုး ဒုက္ခဖြစ်တယ်။ ဒါကြောင့် ကျေးရွာသားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ အတွက်ပေါ့နော်။ ဖန်းခါးမှာတင် မဟုတ်ဘူး။ ဒီကိစ္စက မုန်းဒိန်ပါဆိုတဲ့ မန်စီမြို့နယ်မှာ လည်း ဖြစ်တယ်လေနော်။ ဆိုတော့ ဒီလိုမျိုး ကိစ္စတွေကို ရပ်ပေးဖို့။ အထူးသဖြင့် ဆရာမ ဒေါ်ဘောက်ဂျာပေါ့နော်။ သူ့ရဲ့အမှုဟာ ပြီးသွားတဲ့ဟာကို ပြန်ပြီးဖွင့်ပြီးမှ နိုင်ငံရေးကိရိယာအဖြစ် သုံးတာပေါ့။ ဒါမျိုးတွေ ရပ်ပေးစေချင်ပါတယ်။ အခုကချင်ပြည်မှာ ထိုးစစ် ထဆင်တာတွေဆို တိုင်းသူပြည်သားတွေကို အများကြီး ဒုက္ခရောက်စေတဲ့ အတွက် ဒါတွေကိုလည်းပဲ ရပ်စေချင်ပါတယ်။"

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အားလုံး
ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး ဆွေးနွေးပွဲဖြစ်ခဲ့ရင် တသံတည်း ထွက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ဟာ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာမှာ တိုင်းရင်းသား ညီလာခံ ကျင်းပ ဆွေးနွေးနေကြပါတယ်။

ဒီလို အချိန်မျိုးမှာ ကချင် တိုင်းရင်းသားတို့က မြန်မာ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေက အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ဆွေးနွေးမှု အပေါ်မှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေတော့ မဖြစ်ပါဘူးလို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Kachin Allience က ဂမ်ဆန် ကအခုလို ဆိုပါတယ်။

"မထိခိုက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာကဒီက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ငြိမ်းချမ်းရေး လိုလားလို့ပဲ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးသာ ပြုလုပ်မယ်ဆိုရင် ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်။ အဲ့လိုဆိုတော့ ဒီလိုဆန္ဒပြမှုတွေဟာ မီးမောင်းထိုးပေးသလိုမျိုး အောက်ခြေ တပ်သားတွေ ပြုလုပ်နေတဲ့ ဟာတွေကို မီးမောင်းထိုးပေးနေ သလိုမျိုး ဖြစ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။"

ဒီငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီမှုတွေဟာလည်း တကယ်တန်း လိုက်နာမှု မရှိတဲ့အတွက် ကချင်ပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိ သလို တိုက်ခိုက်မှုတွေလည်း ဆက်ပြီး ဖြစ်နေဆဲပါလို့ ဆန္ဒပြသူ ဂျာမိုင်က ဆိုပါတယ်။

"ကျမတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ့နော်။ နောက်ပြီးတော့ ကတိပြုမှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ အခေါက်တိုင်း ဒါတွေကို အကောင်အထည်ဖော်မှု မရှိခဲ့ပါဘူး။ ပြောရမယ်ဆိုရင် အောက်တိုဘာ ၁၀ရက်နေ့မှာ လုပ်ထားတဲ့ တချို့အချက်တွေဆိုရင်လည်းပေါ့နော် ကတိပြုချက်တွေ။ ဒီ့နောက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ပတ်ကျော်ကျော်ကာလမှာလည်း စစ်တွေပြန်ဖြစ်ပြီးတော့ ကျမတို့ စစ်ပြေးဒုက္ခသည်တွေ ပိုများပြားလာတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကတိပြုတယ်ဆိုပေမဲ့ ဒါကို တကယ်တမ်းပဲ အားလုံးကို လိုက်နာစေချင်ပါတယ်။"

သောကြာနေ့ ညနေပိုင်း ၃ နာရီကနေ စပြီး ၁ နာရီခွဲလောက် ကြာတဲ့ ၀ါရှင်တန် ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာတော့ မြန်မာ သံရုံးဘက်က ဆန္ဒပြသူတွေကို ဓာတ်ပုံရိုက်ယူမှုသာ ရှိခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ဆွေးနွေးတာ မရှိသလို ဆန္ဒပြသူတွေ ပေးချင်တဲ့ အိတ်ဖွင့်ပေးစာကိုလည်း သံရုံးတာဝန်ရှိသူတွေကို ပေးအပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန္ဒထုတ်ဖော်နိုင်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော မြန်မာ အစိုးရကိုပါ ဒီအကြောင်း သိရှိစေခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။
XS
SM
MD
LG