သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်၊ ဖားကန့်ဒေသ ပြန်လည် တည်ငြိမ်စပြုလာ


ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားမြင်ကွင်း။
ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားမြင်ကွင်း။

ပြီးခဲ့တဲ့လ နောက်ဆုံးပတ်လောက်ကနေစတင်ပြီး စစ်ရေးတင်းမာနေခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အောင်ဘာလေကျေးရွာဖက်မှာ အခု အခါမှာတော့ အစိုးရတပ်တွေပြန်လည် ရုပ်သိမ်းတာတွေရှိတာကြောင့် အခြေအနေဟာ အရင်လို ပြန်လည် တည်ငြိမ်လာနေပြီ ဖြစ်ပါတယ်။ အရင်က နေရပ်စွန့်ခွာပြီးထွက်ပြေးဖို့ပြင်ဆင်ခဲ့တဲ့ အောင်ဘာလေကျေးရွာမှာ အခုဆိုရင် ကျောင်းတွေ၊ ဈေးတွေ ပြန်ဖွင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့လ ဒုတိယပတ်လောက်မှာ အစိုးရရဲ့ တပ်မ (၆၆) က ဖားကန့်ဒေသက အောင်ဘာလေရွာမှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆) စခန်းကိုရုပ်သိမ်းဖို့ တောင်းဆိုခဲ့ရာက နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာတာတွေစတင်ခဲ့တာပါ။ KIA က တပ်ရုပ်သိမ်းဖို့ကို လက်မခံတဲ့နောက် အစိုးရဖက်က တပ်အင်အားတွေဖြည့်လာခဲ့တာကြောင့် ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွဲဖြစ်မှာကို စိုးရိမ်ပြီး အောင်ဘာလေရွာကနေ တိမ်းရှောင်ဖို့အထိ ပြင်ဆင်ခဲ့ကြတာပါ။

အခုအခါမှာတော့ အစိုးရစစ်တပ်ဖက်က ဖြည့်တင်းထားတဲ့တပ်အင်အားကို တဝက်လောက် လျှော့ချလာတယ်လို့လည်း KIA တပ်ရင်း (၆) က အရာရှိတဦးက ပြောပါတယ်။

“တချို့တွေကတော့ ဆင်းသွားကြပြီ၊ ဒါပေမယ့်လည်း လက်ရှိလည်း ရှိပါသေးတယ်။ သဘောက တပ်ရင်းတရင်း လူ (၁၀၀) လောက် တက်လာပြီဆို တဝက်လောက်ကတော့ ဆင်းသွားကြပြီ။ တဝက်လောက်ကတော့ ဆက်လက်ပြီးမှ နေရာယူထားတုန်းပဲ ရှိပါသေးတယ်။ လောလောဆယ်က (၃) ရင်းရှိတာပေါ့။ အခုက KIA အခြေအနေထက်တော့ များနေပါတယ်။”

အရင်က အောင်ဘာလေရွာနဲ့ ဥရုချောင်းခြားထားတဲ့ ကမ်ဆီးရွာမှာ အစိုးရစစ်တပ်က တပ်ရင်း တစ်ရင်းသာရှိတာ ဖြစ်ပါတယ်။ အောင်ဘာလေ ဒေသခံ ရွာသူ အမျိုးသမီးတယောက်ကတော့ အခြေအနေက အရင်လိုပဲ ပြန်တည်ငြိမ်လာပြီလို့ ပြောပါတယ်။

“အခုက လွတ်လွတ်လပ်လပ်ကြီး သွားလို့ရပြီ။ ခရီးသွားဆိုရင်က ရတယ်လေ။ အဲလိုမျိုးဆိုရင်က။ နဂိုရ်လိုပဲပေါ့။ ကျောင်းကပြန်ဖွင့်ပြီ၊ ဈေးဆိုင်တွေက နဂိုရ်လိုက ပြန်ဖွင့်ပြီလေ။”

အခြားဒေသခံတယောက်ကလည်း ကျောက်တူးဖော်တဲ့လုပ်ငန်းတွေ ပြန်စနေပြီဖြစ်ကြောင်း ပြောပါတယ်။

“ကျောင်းကတော့ ဒီနေ့ဆို သုံးရက်ရှိပြီ၊ ဖွင့်တာ။ ကျောက်တူးတဲ့လူတော့ အခုက အလုပ်ပြန်ဆင်းကြတာ တရက်၊ ၂ ရက်ရှိတယ်။”

ကချင်ပြည်နယ်အတွင်းမှာ အခုလို စစ်ရေးတင်းမာတာတွေ လျော့ကျလာတာကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလမှာ တိုက်ပွဲတွေ ထပ်မဖြစ်စေဖို့ KIA ဖက်က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို တင်ပြဆွေးနွေးခဲ့တာကြောင့်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကိုယ်စားလှယ်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သောင်မတင်ရေမကျ ဖြစ်ခဲ့တဲ့နောက် ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့သလို စစ်ရေးတင်းမာတာတွေလည်း ဖြစ်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပြည်လုံးအပစ်အခတ် ရပ်စဲရေးဆက်လက် ဆွေးနွေးဖို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို သွားရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ဆွေးနွေးနေပါတယ်။

XS
SM
MD
LG