သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာထိုးစစ်ကြောင့် ကချင်ဒုက္ခသည်ဦးရေတိုး


ရိက္ခာစောင့်နေကြတဲ့ ကချင် စစ်ဘေးသင့် ဒုက္ခသည်များ။
ရိက္ခာစောင့်နေကြတဲ့ ကချင် စစ်ဘေးသင့် ဒုက္ခသည်များ။
KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသကို မြန်မာ အစိုးရတပ်တွေဘက်က ဒီကနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ စစ်ရေး ဗျူဟာအရ အရေးပါတဲ့ KIA ထိန်းချုပ်ရာ အမာခံရှေ့တန်းနေရာ တခုဖြစ်တဲ့ ဖွန်ပြန်ဘွမ်တောင် ကို မြန်မာတပ်တွေဘက်က သိမ်းပိုက်ဖို့ ကြိုးစားနေပေမဲ့ အခုထိတော့ မအောင်မြင်သေးဘူးလို့ KIA တပ်ဖွဲ့နဲ့အတူ ပူးပေါင်းစစ်ဆင်နေတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ နောက်ဆုံး သိရတဲ့သတင်းတွေ အရ - ဖွန်ပြန်ဘွန်တောင်အနီးမှာရှိတဲ့ တိုက်ကြက်ကုန်းကနေတော့ KIA ရော၊ ABSDF မြောက် ပိုင်းတပ်တွေပါ ဆုတ်ခွာပေးခဲ့ရပြီး - ဒီကနေ့ ထူးခြားချက်မှာတော့ မြန်မာ စစ်တပ်ဘက် ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတယ်လို့ ABSDF က ပြောပါတယ်။ ဒီလိုနောက်ဆုံး အခြေအနေတွေကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။


ဒီကနေ့တရက်တည်းမှာပဲ မြန်မာအစိုးရဘက်က KIA ထိန်းချုပ်ထားတဲ့ ဖွန်ပြန်ဘွမ်တောင် ကိုရော - အဲ့ဒီရဲ့ တဘက်မှာရှိနေတဲ့ လုံရော့ခ် တောင် ကိုပါ မြန်မာအစိုးရတပ်တွေဘက်က တနေကုန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါ တယ်။ လေကြောင်းနဲ့ လက်နက်ကြီး အကူမပါဘဲ မြေပြင်ကနေသာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အခုထိတော့ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း KIA တပ်မဟာ-၂ နဲ့ ABSDF လက်အောက်မှာ ရှိနေတဲ့ တိုက်ကြက်ကုန်းကနေတော့ ဒီညပိုင်းမှာ ဆုတ်ခွာပေးခဲ့ရပြီး - ဒီကနေ့ တိုက်ပွဲမှာ မြန်မာစစ်တပ်တွေ ဘက်ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတာ သိရတယ်လို့ ABSDF မြောက်ပိုင်းရဲ့ နိုင်ငံရေးနဲ့ စည်းရုံးရေးတာဝန်ခံ ကိုကျော်ကျော် က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“ဒီကနေ့ ကျနော်တို့ အဲ့ဒီ စိုးမိုးကုန်းတခုဖြစ်တဲ့ ဖွန်းပြန်ဘွန်ကို သူတို့ မနက်ကတည်း ကနေ စပြီးတော့ ထိုးနေတာဗျ။ အခု ၄ နာရီရှိပြီ။ ၄ နာရီအထိ တိုက်နေတုန်းပဲ။ ဖွန်းပြန်ဘွန်နဲ့ တဘက် တချက်မှာရှိနေတဲ့ လုံရော့ခ် ကုန်းကနေပြီးတော့ ဒီဘက် တောင်ကြောမှာရှိတဲ့ တိုက်ကြက်ကုန်း ကိုလည်း သူတို့ ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်တဲ့အခါကျတော့ တိုက်ကြက်ကုန်းကတော့ ကျနော်တို့ စစ်ရေးအရ အချက်အခြာမကျတဲ့ နေရာဖြစ်တဲ့အတွက် အဲ့ဒီကနေပြီး ခေတ္တ ယာယီ ပြန်ဆုတ်ပေးတယ်။ ဒါပေမဲ့ ဒီကနေ့ တိုက်ပွဲမှာ ထူးခြားတာက ပြည်သူ့စစ်တွေ၊ ရဲတွေပါ ပါလာတာ ကျနော်တို့ သတင်းရတယ်။”

လောလောဆယ်အထိတော့ နှစ်ဘက် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ မသိရသေးဘူးလို့ ကိုကျော်ကျော် က ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့ကစလို့ ဒီကနေ့အထိ မြန်မာတပ်တွေဘက် က တောက်လျှောက် ထိုးစစ်ဆင်ပြီး KIA လက်ထက်ကနေ သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့ ဖွန်ပြန်ဘွန်တောင်ဟာ မြစ်ကြီးနားကားလမ်းနဲ့လည်း နီးပြီး - လဂျားယန်ကုန်သွယ်ရေး စခန်းနဲ့လည်း မနီးမဝေးမှာ တည်ရှိတဲ့အပြင် - စစ်ဗျူဟာအရ အရေးပါတဲ့ တောင်တတောင် လည်း ဖြစ်တာကြောင့် - ဒီဖွန်ပြန်ဘွတာင် ကျခဲ့ရင် - လိုင်ဇာကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ABSDF က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ လိုင်ဇာဒေသမှာရှိတဲ့ နမ့်ဆန်ယန်ရွာကို မြန်မာအစိုးရတပ်ပိုင် တိုက်လေယာဉ် ၂ စင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်း ကိုကျော်ကျော် က ဆက်ပြောပြပါတယ်။

“နမ်ဆန်ယန်ရွာကို ဒီကနေ့ နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ပစ်ခတ်သွားတယ်။ နမ်ဆန်ယန်ရွာ ကျတော့ အဲ့ဒီမှာ ရွာသားတချို့ ရှိကြတယ်။ မနေ့က လဂျားယန်ကို ပစ်သလိုမျိုးပေါ့နော်။ ဒီကနေ့က ရွာတွေကို ပစ်သွားတယ်။ လူထုအထိအခိုက်တို့၊ ကျေးရွာအထိအခိုက်တို့ကတော့ အခုထက်ထိ ကျနော်တို့ ဘာမှ မကြားရသေးဘူး”

အခုလို အစိုးရတပ်တွေဘက်က ဒေသခံရွာတွေကိုပါ တိုက်ခိုက်လာနေတာကြောင့် မနေ့က ဆိုရင် မြန်မာစစ်တပ်ဘက်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ လဂျားယန်ရွာ အပါအဝင် အနီးနားတဝိုက် ရွာတွေက အရပ်သားပြည်သူတွေဟာ လိုင်ဇာဒုက္ခသည်စခန်းဆီ ထပ်မံထွက်ပြေးလာတဲ့အတွက် ဒီမနက်မှာ ရာနဲ့ချီ ရောက်ရှိလာတယ်လို့ ကချင်ဒုက္ခသည်ရေးရာကော်မတီ တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါတယ်။

“ဒီလိုင်ဇာမြို့ ပတ်ဝန်းကျင်ကပေါ့လေ ဒုက္ခသည်တွေတော့ ရာဂဏန်းလောက်တော့ တိုးလာ ပါတယ်။ ဒီမနက်လောက်ကပဲ ဝင်လာတာ။ အမျိုးသမီးများတယ်။ သူတို့ရွာတွေမှာ လက်နက်ကြီး ကျည်ဆန်တွေရောက်တော့ လုံခြုံမှု မရှိလို့ ထွက်ပြေးလာကြတာ ပါ။ ဖြစ်အောင်တော့ စီစဉ်နေကြတာပဲ။ တဲတွေလည်း ထပ်ဆောက်ပေးရမှာပဲ။ စားရေးသောက်ရေးကတော့ ကော်မတီက စီစဉ်ထားတဲ့အတိုင်း ထပ်တိုးလာရင်လည်း ကျနော်တို့က တာဝန်ယူရတာပဲ။ (ဒုက္ခသည်တွေအတွက်) လိုအပ်တာတော့ အများကြီး လိုအပ်တာပေါ့။ ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာတော့ မပြောတတ်ဘူးလေ”

ဒါ့အပြင် ဒုက္ခသည်စခန်းတွေအတွင်းမှာလည်း ကဒုတ်ကျင်းတွေ တူးထားရပြီး - စစ်ပြေး ဒုက္ခသည်တွေအနေနဲ့ လေယာဉ်သံကြားရင် ကတုတ်ကျင်းတွေထဲ ပြေးဝင်ပုန်းအောင်းကြ ရတယ် လို့ ဦးဒွဲပီဆာ က ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် ညွှန်ကြားချက်တွေကိုလည်း ဒုက္ခသည် စခန်းအတွင်း ထုတ်ပြန်ထားပြီး - လောလောဆယ် အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ အပြင်ကို မထွက်ကြဖို့၊ စခန်းတွင်းမှာပဲ သတိထားနေကြဖို့ မှာကြားထားတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

တခါ ရှမ်းပြည် မြောက်ပိုင်းဘက်မှာလည်း အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေဘက်က စစ်ကြောင်းတွေ အလုံအရင်းနဲ့ ဝင်ရောက်လာတာကြောင့် အဲ့ဒီမှာရှိတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေ ဟာ ကွတ်ခိုင်မြို့ဘက်ကို ထွက်ပြေးတာတွေ ရှိနေတယ်လို့ KIO က ပြောပါတယ်။ KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီစစ်ပွဲတွေ စတင်ကတည်းက ကချင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပြီး၊ စစ်ပြေးဒုက္ခသည်ဦးရေဟာလည်း ၁ သိန်းကျော်သွားပြီ လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုထားကြပါတယ်ရှင်။
XS
SM
MD
LG