သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း


ကချင်ဒုက္ခသည်များ။
ကချင်ဒုက္ခသည်များ။
မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မဝင်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီး လုပ်နေကြပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ၊ စစ်ပွဲတွေ အရှိန်ကတော့ ရပ်မသွားသေးပါဘူး။ အဓိကအားဖြင့် နယ်မြေသတ်မှတ်မှု စစ်ရေးကိစ္စတွေမှာ နှစ်ဘက် တင်းတင်း မာမာ ရှိနေကြပါတယ်။ အခုလို စစ်ပွဲတွေကြောင့် ဒေသခံ အရပ်သားတွေ မိမိတို့ကျေးရွာတွေကို စွန့်ခွာထွက်ပြေးကြရာမှာ နယ်ချင်းစပ် တရုတ်နိုင်ငံဘက်ကိုလည်း ကူးကြပါတယ်။

ကနဦးပိုင်းမှာ တရုတ်ဘက်က လက်ခံထားပေမယ့်လို့ နောက်ပိုင်းမှာ ကချင်အရပ်သား ဒုက္ခ သည်တွေ နေရပ်ကို ပြန်ဖို့ တရုတ်အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ရှိလာပါတယ်။ ဒုက္ခသည်သစ်တွေကိုလည်း လက်မခံဘဲ နယ်စပ်မျဉ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။ အခြားတဘက်မှာလည်း တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂဘက် က အကူအညီပေးဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ ဒီ ဒုက္ခသည်တွေအတွက် တရုတ်ဘက်က နယ်စပ်ဖွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတာပါ။

“အဲဒီဒေသတွေမှာ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေကို ကူညီနိုင်အောင် နယ်စပ်ဖွင့်ပေးထားဖို့ တရုတ်ကို တိုက်တွန်း နေပါတယ်။ အလားတူပဲ စစ်ပွဲတွေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ အရပ်သားတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီနိုင်အောင်လည်း မြန်မာအစိုးကို တိုက်တွန်းနေတာရှိပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland ပြောသွားတာပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်တန့်အောင် မြန်မာအစိုးရကိုရော အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ အမေရိကန်ဘက်က တိုက်တွန်းဆွေးနွေးထားတယ်လို့ သိရပါတယ်။

“အဲဒီနယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ပြီး သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။ တဘက်မှာလည်း မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဆွေးနွေးတဲ့ အခါမှာ တရုတ်အနေနဲ့ အရပ်သားဒုက္ခသည်တွေ အတွက် နယ်စပ်တံခါးတွေ ဖွင့်ထားပေးဖို့၊ နောက်.. အဲဒီမှာ ဖြစ်နေတဲ့ နှစ်ပေါင်းရှည်ကြာတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေ ကို ကူညီဖို့ ကျမတို့ အမြဲတမ်း တရုတ်ကို တိုက်တွန်းနေပါတယ်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရာမှာ တနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအဝင် လေကြောင်း အကူတွေပါ ရှိခဲ့ပြီး အဲ့ဒီအနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။
XS
SM
MD
LG