သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်


ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း တကျော့ပြန် စစ်ရေး တင်းမာမှုတွေ ဖြစ်လာနေတဲ့အတွက် ထောင်ချီတဲ့ကချင်ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ် ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကချင်အရေးလှုပ်ရှားသူတွေကပြောပါတယ်။ ကုလသမဂ္ဂအပါအဝင် အလှူရှင်တွေ က သွားရောက်ကူညီဖို့ လုပ်ဆောင်နေပေမဲ့ ရင်ဆိုင် တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် ပို့ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ကချင်ပြည်နယ် တွင်းက စစ်ပြေးဒုက္ခသည်တွေအတွက် အကူညီပေးနေတဲ့ ကချင်အမျိုးသား အစည်းအရုံး (KNO) Kachin National Organization ရဲ့ တွဲဖက် နိုင်ငံခြားရေး တာဝန်ခံ Ms Kai Htang (မခိုင်ထန်) က VOA ကိုပြောပါတယ်။ မဆုမွန်က မခိုင်ထန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေချိန်မှာပဲ အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်ထဲမှာ တကျော့ပြန် တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာလာနေတာဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ အစိုးရစစ်တပ်ကြား ဗန်းမော်ခရိုင်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတော့ ကချင်ရွာသားတချို့ကို ဖမ်းဆီးမှုတွေ လုပ်တဲ့အတွက် ထောင်ချီတဲ့ ကချင်ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ချက်ခြင်း အကူအညီတွေသွားပေးနိုင်ဖို့ နှစ်ဖက်စလုံးက လမ်းကြောင်းတွေ ဖွင့်ပေးဖို့ အရေးကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနကိုယ်စားလှယ် Ashok Nigam ကလည်းတောင်းဆိုခဲ့ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်း ဆောင်းရာသီဥတုပြောင်းနေချိန်လည်းဖြစ် တောတောင်တွေထဲ ပုန်းရှောင်ထွက်ပြေးနေရတဲ့ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုပါတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ၊ အခြေခံဆေးဝါးနဲ့ လူသုံးပစ္စည်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကချင်အမျိုးသား အစည်းအရုံးက မခိုင်ထန်က ပြောပါတယ်။

“အခုလောလောဆယ်က ဘာအဓိကလိုသလဲဆိုတော့ မကျန်းမာတဲ့သူတွေ များလာတယ်ပေါ့နော်။ အာဟာရချို့တဲ့မှုတွေ များလာတဲ့အခါကျတော့ ကျမတို့က ဆေးဝါးက အရေးတကြီးလိုအပ်တယ်။ နောက်ပြီးတော့ ဒီနေ့ခေတ်အနေနဲ့ ကလေးတွေရဲ့ အာဟာရချို့တဲ့မှုက အင်မတန်မှ စိုးရိမ်စရာ အခြေအနေရှိတယ်။အဲဒါအတွက်ကို အကူအညီပေးစေချင်တယ်။ အခုဆောင်းတွင်းက ဝင်လာပြီဆိုတော့ အအေးဒဏ်ခံနိုင်ဖို့အတွက်ကလည်း အစားအသောက်ကလည်း သေသေချာချာ မပြည့်စုံဘူးဆိုတော့ အစားအသောက်၊ အနွေး- ဒီဟာတွေက အရေးကြီးတယ်။ အခုလောလောဆယ် ဒါတွေက တကယ်အရေးကြီးတယ်ပေါ့နော်။

"သုံးပုံတပုံကျော်ကျော်က ကလေးတွေ ဖြစ်တယ်ပေါ့နော်။ ၁၂ နှစ်အောက် ကလေးတွေဖြစ်တယ်။ ဒီကလေးတွေရဲ့ပညာရေးကို ကျမတို့က တကယ်ပဲ စိုးရိမ်မှုရှိတယ်ပေါ့နော်။ သူတို့တွေကို ဘယ်လိုနည်းနဲ့ပညာသင်ပေးရမလဲဆိုတာ ကျမတို့ အမြဲတမ်းနည်းလမ်းရှာတယ်။ ကူညီဖို့လည်း လုပ်နေတယ်ဆိုတော့ နိုင်ငံတကာကသာ ဒီအကူအညီတွေကို ပေးနိုင်မယ်ဆိုရင်တော့ ကျမတို့အနေနဲ့က တကယ်ပဲ ဝမ်းသာတယ်ပေါ့နော်။ ဒီဟာလေးတွေကို သေချာစဉ်းစားပြီးမှ အကူအညီပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အကြား ကချင်ပြည်နယ်တွင်း တိုက်ပွဲ အရှိန် လျော့ချရေးနဲ့ နယ်မြေသတ်မှတ်ရေး မြစ်ကြီးနားတွေ့ဆုံပွဲကနေ သဘောတူညီချက် ချမှတ်ထားချိန်မှာပဲ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲပြန်ဖြစ်တာဖြစ်တဲ့ အတွက် မြန်မာအစိုးရရော ကေအိုင်အိုအနေနဲ့ပါ ကတိတည်ကြပါလို့ ကချင့်အရေး လှုပ်ရှားသူ မခိုင်ထန်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် ကတိတည်ပါ-ဆိုတဲ့စကားကို ကျမ ပြောချင်ပါတယ်။ နောက်ပြီးတော့မှ တရားမျှတမှုရှိဖို့အတွက်ပေါ့နော်-KIO ကိုကျတော့ ကျမတို့ ကချင်လူမျိုးတွေကို တလျှောက်လုံး ဦးစီးဦးဆောင်ပြုခဲ့တယ် ပေါ့နော်။ အထူးသဖြင့် ဒီ ဒုက္ခသည်တွေနဲ့ စစ်ရေးအခြေအနေအားလုံးကို သူတို့က ကိုင်တွယ်ဖြေရှင်းနေရတယ်ပေါ့နော်။ သူတို့တွေကိုလည်း ကျမတို့က အားမလျှော့ပါနဲ့၊ ကချင်တမျိုးသားလုံး သူ့အနောက်မှာရှိတယ်ဆိုတာကို ကျမတို့က Message ပေးချင်ပါတယ်လို့-”

အခုလို ကချင်ပြည်နယ်တွင်း နှစ်နဲ့ချီပြီးတော့ တိုက်ပွဲတွေ ဖြစ်ပြီး မငြိမ်းချမ်းနိုင်သေးတဲ့ အခြေအနေကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကူညီပေးဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကချင်အရေးလှုပ်ရှားသူတွေက မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့လည်း မခိုင်ထန်က ပြောပါတယ်။

“ကျမတို့ ကချင်အမျိုးသားတွေဟာ ကချင်အရေးမှာ ပါဝင်ပေးဖို့အတွက် ကျမတို့ စာနှစ်စောင်ပို့တယ်။ နောက်ပြီးတော့ ကချင် Peace Network ကနေပြီးမှလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ ခွင့်တောင်းတယ်။ အဲဒါကို အခုချိန်အထိလည်း ကျမတို့ကို စာမပြန်လာဘူး။ Kachin Peace Network နဲ့လည်း အခုချိန်အထိ အတွေ့မခံဘူး။ တကယ်လို့သာ သူက ကျမတို့ကို တကယ်ပဲ ပါဝင်စေချင်တယ်ဆိုရင် ကျမတို့ ခေါ်ဖိတ်တာတောင် မလိုဘူးပေါ့နော်။ ဒီဟာက တိုင်းပြည်ကိုချစ်တယ်၊ တိုင်းပြည်ရဲ့အရေးဖြစ်တယ်လို့ သူတကယ်ပဲခံယူတယ်၊ ဒီအရေးက အရေးကြီးတယ်၊ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အရေးက ကြီးတယ်လို့ ပြောလို့ရှိရင် ဘယ်သူ့ရဲ့ မေတ္တာရပ်ခံချက်မှ ပါဝင်စရာမလိုဘူး။ ပါဝင်ဖို့အတွက်က အမြဲ တခါးပွင့်နေတယ်လို့ ကျမတော့မြင်တယ်။ အဲဒီတော့ ဖိတ်ခေါ်မှလာမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်သူ ဧည့်သည်လိုသဘောထားနေတာလားလို့ ကျမက သူ့ကို မေးခွန်းပြန်ထုတ်ချင်တယ်ပေါ့နော်။ ကျမတို့ ကချင်အမျိုးသားတွေနဲ့ ပတ်သက်ပြီးတော့မှ ဘာမှ သူ မပြောဘူးဆိုတော့ ကျမတို့အတွက်က ဆင့်ကဲ ဆင့်ကဲ ဝမ်းနည်းစရာတွေ ကြုံနေရတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ အင်္ဂါနေ့ကစလို့ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် မုန်းဒိန်ပါရွာကို အစိုးရတပ်တွေက ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ကေအိုင်အေနဲ့အစိုးရတပ်ကြား ရင်ဆိုင်ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။

ဒေသခံပြည်သူတချို့ အဖမ်းဆီး အထိန်းသိမ်း ခံနေရသလို ဒုက္ခသည်တွေ အတွက် လုံခြုံရေးကလည်း စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်အစိုးရ အပါအဝင် အမေရိကန်အစိုးရနဲ့ အနောက်နိုင်ငံတွေက နိုင်ငံအကြီးအကဲတွေကို မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ ပွင့်လင်း မြင်သာမှု ရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲဖို့အရေး မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ကိုလည်း ကချင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG