သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က သူတို့ဒေသတွင်း လုံခြုံရေးအခြေအနေ တိုးတက်လာတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် နေရပ်ရင်းကို ပြန်ခဲ့ကြပါပြီ။ ဒါဟာ ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း ပထမဆုံး နေရပ်ပြန်တဲ့ စစ်ပြေးဒုက္ခသည်တွေဖြစ်ပြီး ကချင်ပြည်နယ် အစိုးရကလည်း ဒုက္ခသည်တွေ ပြန်လည် အခြေချနေထိုင်ဖို့အတွက် ကူညီထောက်ပံ့တာတွေ ဆောင်ရွက်ပေးနေတယ်လို့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအနက် တနင်္လာနေ့ကတော့ မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်က စစ်ရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ ရှမ်းဒုက္ခသည်တွေဟာ သူတို့နေရပ်ရင်းကို ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဒုက္ခသည်တွေ နေရပ်ပြန်တဲ့အကြောင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ က အခုလို ပြောပါတယ်။

“သူတို့က တာလောကြီးအုပ်စု စံကင်းကျေးရွာကို ပြန်တာပါရှင့်။ အိမ်ထောင်စုက ၁၅ အိမ်ထောင်စု၊ လူဦးရေက ၈၃ ဦးပါရှင့်။ မနေ့ကပဲ ကျမတို့ ပို့ပေးလိုက်ပါတယ်။ သူတို့က လွန်ခဲ့တဲ့ ၁ လခွဲကတည်းက ပြန်ချင်ပါပြီ၊ သူတို့ရွာ အေးချမ်းပါပြီဆိုပြီး သူတို့က တောင်းဆိုတာပါရှင့်။ သူတို့က အဲ့လို တောင်းဆိုလာတော့ ကျမက ၂၉ ရက်နေ့က ကွင်းဆင်းပြီး လေ့လာတာပေါ့။ ကွင်းဆင်းလေ့လာတဲ့အခါမှာ အဲ့ဒီမှာ ပြည်သူ့စစ်ရှိတယ်။ နောက်ပြီး တပ်ရင်း ၃၇ ကနေပြီး တာဝန်ယူထားပေးတာ ရှိတယ်ရှင့်။ ဆိုတော့ အဲ့ဒီမှာ သွားကြည့်တော့ ဒါ ငြိမ်းချမ်းတယ်၊ သူတို့ကလည်း ပြန်ချင်ပြီဆိုတော့ ကျမတို့က ၀န်ကြီးချုပ်ဆီက လမ်းညွှန်ချက် ခံယူပြီးတော့မှ ဆောင်ရွက်ပေးတာပါရှင့်။ ဒါ သူတို့ ပြည်သူတွေရဲ့ လိုလားချက်ပါ။”

တာလောကြီးအုပ်စု စံကင်းကျေးရွာနဲ့ မြစ်ကြီးနားမြို့ဟာ ရေလမ်းခရီးက စက်လှေနဲ့ သွားမယ်ဆိုရင် အနည်းဆုံး ၂ နာရီလောက် ကြာမြင့်တာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ပြန်လည်အခြေချ နေထိုင်ဖို့အတွက်ကို ကချင်ပြည်နယ်အစိုးရဘက်က ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

“ဆောင်ရွက်တာကတော့ ကျမတို့က စက်လှေအကြီးစားပေါ့နော် ၃ စီးပေါ့။ အဲ့ဒီအတွက် ကုန်ကျတဲ့ စက်ဆီက ၁၇၅ ဂါလံပေါ့။ ကျမတို့ အစိုးရက စတင် မတည်ပေးတာပါ။ အဲ့ဒါပြီးတဲ့အခါမှာ သူတို့က ရေတွင်းတောင်းတယ်။ သူတို့က ရေတွင်း ၂ တွင်း တောင်းတဲ့အတွက်ကြောင့်မို့ ၄၂ သိန်း တခါတည်း စက်လှေနဲ့တင်၊ တခါတည်း အလုပ်အပ်၊ တခါတည်း စပြီး ဆောင်ရွက်နေပါပြီ။ နောက်တခုက ကျောင်းက အကာ မရှိဘူးရှင့်။ အကာအခင်းမရှိတဲ့အတွက်ကြောင့်မို့ မနေ့ကလည်းပဲ Construction တွေ ခေါ်လာပေးတဲ့အခါမှာ ဒီကျောင်းကိုလည်း နှစ်ပတ်အတွင်း အပြီးပေါ့ အုတ် တပ်ပေးမယ်။ သူတို့ ကျန်းမာရေး ဆေးပေးခန်းလေးကလည်း အမိုးပဲရှိတယ်၊ အကာအခင်း မရှိတာကို အလှူရှင်တွေ မနေ့က လိုက်ကြည့်တာရှိတော့ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကနေ ပေါင်းပြီးတော့မှ နှစ်ပတ်အတွင်း ဆောက်ပေးမှာပါရှင့်။”

ဒါ့အပြင် လုံးဝ ပျက်စီးသွားတဲ့ နေအိမ် ၃ လုံးကိုလည်း ပြန်လည် တည်ဆောက်ဖို့ စီစဉ်ထားသလို၊ ဒုက္ခသည်တွေ နေရပ်ပြန်စဉ်မှာ ပြည်နယ်ဝန်ကြီးချုပ်က တစ်အိမ်ထောင်ကို ကျပ်ငွေ ၅ သောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တစ်အိမ်ထောင် ကျပ် ၃ သောင်းနဲ့ ဆန်တစ်အိတ်၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တစ်လစာ ရိက္ခာ ၊ နေရောင်ခြည်သုံး မီးအိမ်၊ဆေးစိမ်ခြင်ထောင် စတာတွေ ထောက်ပံ့ပေးခဲ့ကြောင်း လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။ တာလောကြီးဒေသခံတဦးကတော့ သူတို့နယ်မြေတွင်း အခြေအနေကို အခုလို ပြောပါတယ်။

“လုံလုံခြုံခြုံ ရှိနိုင်သလားဆိုတော့ ရွာထဲမှာနေရင်တော့ လုံခြုံတယ်ပေါ့လေ။ ဒါပေမဲ့ ရွာနဲ့ဝေးလံတဲ့နေရာတွေကို သွားရင်တော့ ဘယ်လိုပြောမလဲ စစ်သားစုဆောင်းရေးတို့ ဘာတို့၊ KIA က ဆွဲမှာတို့ အဲ့ဒါလေးတော့ နည်းနည်း တချက်တော့ ရှိတာပေါ့လေ။ ကျန်တဲ့အပိုင်းကတော့ လုံခြုံစိတ်ချရတယ်လို့ ပြောလို့ရတာပေါ့။”

နေရပ်ရင်းပြန်လာတဲ့ ရွာသားတွေ လတ်တလော ကြုံရနိုင်တဲ့ အခက်အခဲကိုတော့ ဒေသခံက အခုလို ဆက်ပြောပါတယ်။

“တခြားအခက်အခဲလေးတော့ ဘယ်လိုရှိတုန်းဆိုတော့ သူတို့ အဲ့ဒီမှာ ရွာမှာပေါ့လေ နော့် ၂၄ ရွာ ဧရိယာနယ်မြေသစ်မှာ တချို့ စက်တွေဘာတွေနဲ့ ရွှေကျင်နေတဲ့ စက်ဆိုင်းတွေရှိတယ်ပေါ့။ အဲ့လို စက်ဆိုင်းတွေကို သူတို့ မရှိစေချင်ဘူးပေါ့။ အဲ့လို စက်ဆိုင်းတွေရှိတဲ့အတွက် နယ်ခံတွေက ဘယ်လိုပြောမတုန်း ဒုက္ခသည်စခန်းက ပြန်လာတာဆိုတော့ အဲ့လို စက်ဆိုင်းတွေ မရှိဘူးဆိုရင် တနိုင်တပိုင် လုပ်ကိုင်စားသောက်လို့ရတဲ့အတွက် အဲ့လိုမျိုးလေးတွေဖြစ်ရင်တော့ အဆင်ပြေနိုင်တယ်ပေါ့လေ။ နောက်ပြီးတော့ ဧရာဝတီမြစ်ကြောင်းတလျှောက်က နေရာတော်တော်များများလည်းပဲ အဲ့ဒီစက်ဆိုင်းတွေက ရှိတဲ့အတွက် ရေတွေက ညစ်ညမ်းကုန်ပြီ။ သောက်သုံးရေအဖြစ်နဲ့ သုံးလို့က မရတော့ဘူးပေါ့။”

တာလောကြီးဒေသဘက်မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က စစ်သားစုဆောင်းတာတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်က အစိုးရထိန်းချုပ်ရာ ဒေသအတွင်းမှာ ဒုက္ခသည်စခန်း ၉၉ ခုရှိပြီး အိမ်ထောင်စုပေါင်း ၈၇၄၄ စု၊ လူဦးရေ ၃၈၉၈၀ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာအတွင်းက မြစ်ကြီးနားမြို့မှာ KIA နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်ကတော့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားဖို့အတွက် ကချင်ပြည်နယ်အတွင်း ရွာ ၄ ရွာမှာ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဆောင်ရွက်ဖို့ သဘောတူထားပါတယ်။
XS
SM
MD
LG