သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပြေးဒုက္ခသည် လုံခြုံရေး စိုးရိမ်ရဆဲ


(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးက ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး အကူအညီတွေ လိုအပ်နေသလို နေရာထိုင်ခင်း အတွက်လည်း အခက်အခဲ ရှိနေတယ်လို့ စခန်းက ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း စခန်းပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ အစိုးရစစ်တပ်က ခေါ်ယူ စစ်ဆေးတာတွေ ရှိနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာက နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၊ RC ခေါ် ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဧပြီလက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၅၀၀၀ လောက် ထပ်မံ တိုးများလာပြီး အခုအခါ မန်ဝိန်းကြီးရွာက ဘုရားကျောင်း ၂ ကျောင်းနဲ့ မန်ဝိန်းကြီးရွာအနီးက လဂတ်ယန်စခန်းမှာ ဒုက္ခသည်ပေါင်း ၉၀၀၀ လောက် ရှိနေပါတယ်။

မူလရှိပြီး ဒုက္ခသည်တွေအပြင် လူ ၅၀၀၀ လောက် ထပ်မံ တိုးများလာတာကြောင့် မန်ဝိန်းကြီးက ဒုက္ခသည်စခန်းတွေမှာ ဆေးဝါးနဲ့ နေရာ ထိုင်ခင်းအတွက် အခက်အခဲတွေ ရှိနေတယ်လု့ိ နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း က ဒုက္ခသည်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

“အခုလောလောဆယ်တော့ အလိုအပ်ဆုံးက ဆေးဝါးပစ္စည်းနဲ့ နေရေးထိုင်ရေး ကိစ္စပေါ့။ အဖြစ်များတာကတော့ သွေးတိုးရောဂါပေါ့ဗျာ။ သွေးတိုးနဲ့ ဝမ်းရောဂါ နည်းနည်းပါးပါး ဖြစ်တယ်။ များသောအားဖြင့် ချောင်းဆိုးတာတွေ အဖြစ်များပါတယ်ခင်ဗျ။ နေရေးထိုင်ရေးဆိုတာက ကျနော်တို့က အခု ဒီ RC ဘုရားကျောင်းဝင်းနဲ့ နှစ်ချင်းဘုရားကျောင်းဝင်းမှာ နေတဲ့အခါကျတော့ နေရာက မဆံ့ဘူးဖြစ်နေတယ်။ များသောအားဖြင့်ကတော့ ဒီဘုရားကျောင်းဝင်း ကွင်းပြင်မှာပဲ မိုးကာတဲလေးထိုးပြီးတော့ နေကြပါတယ်ခင်ဗျ။”

ကျန်းမာရေးအတွက်တော့ မန်ဝိန်းကြီးက အစိုးရကျန်းမာရေးဌာနနဲ့ ပြင်ပက အလှူရှင်တွေက ထောက်ပံ့တာတွေ ရှိနေပေမဲ့ လုံလောက်မှု မရှိဘူးလို့ ပြောပါတယ်။ ဒုက္ခသည်တွေအတွက် အခြားလိုအပ်ချက်တခုကတော့ လုံခြုံရေးဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

“လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ အာမခံချက်တော့ မပေးနိုင်ဘူးပေါ့နော်။ ပတ်ဝန်းကျင်မှာ ဒီသေနတ်သံတွေလည်း ကြိုကြားကြိုကြား အခုလည်းပဲ ကြားနေရတယ်ဆိုတော့ ဘယ်နေ့ ဘယ်အချိန် ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ ကျနော်တို့လည်း ဒီလုံခြုံရေးကိစ္စတော့ အမြဲတမ်းပဲ စိုးရိမ်နေပါတယ်ဆရာ။ ကျနော်တို့ ဒီ လဂတ်ယန်မှာတော့ ဒီစစ်တပ်ကနေ ခေါ်ယူပြီးတော့ စစ်ဆေးတာတွေ နည်းနည်းပါးပါး ရှိပါတယ်။ ကျနော်တို့ ဒီ RC နဲ့ နှစ်ခြင်းခရစ်ယာန် Camp မှာတော့ အခုထိတော့ ဘာမှ မရှိပါဘူးခင်ဗျာ။ ဒုက္ခသည်တွေကတော့ စိုးရိမ်နေပါတယ်။”

မန်ဝိန်းကြီး ဒုက္ခသည်စခန်းတွေကို ကူညီပေးနေတဲ့ ဗန်းမော်မြို့က ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့က ဦးနော်ဒင်းကလည်း ဒုက္ခသည်တွေရဲ့ လိုအပ်ချက်နဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သူတို့ လုံခြုံစိတ်ချရတဲ့ နေရာထိုင်ခင်းပေါ့လေနော် အခု သူတို့ တိုက်ပွဲနေရာနဲ့ တော်တော်လေး နီးနီးကပ်ကပ် ဖြစ်နေတဲ့အခါကျတော့ အဲ့ဒါ စိုးရိမ်တယ်ပေါ့လေနော်။”

ဒီလ ၃ ရက်နေ့က လဂတ်ယန်စခန်းက ဒုက္ခသည် ၁၄ ယောက်ကို တပ်မ ၈၈ က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူတို့ကို ဖမ်းဆီးတာကတော့ စခန်းအတွင်း လူဦးရေစာရင်း စစ်ဆေးစဉ်မှာ စခန်းမှာ မရှိတာကြောင့် မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

၃ ရက်နေ့မှာပဲ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ၂ ယောက်အပါအဝင် အရပ်သားတစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအေရှန်စံအောင် ကတော့ သူတို့တွေ မကြာခင် လွတ်လာမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“မနေ့ကမှ ညှိနှိုင်းလို့ အခု လွှတ်ဖို့ လုပ်နေတုန်းရှိပါသေးတယ်။ ဒီနေ့ သို့မဟုတ် မနက်ဖြန် လွတ်လာပါလိမ့်မယ်။ ဝန်ထမ်းနှစ်ယောက်ကတော့ ဒါ သေချာပါတယ်။ ကျန်တဲ့ဟာကတော့ သူ ပြန်သုံးသပ်ပြီးမှ လွှတ်ပေးလိမ့်မယ်ထင်ပါတယ်။ ကျနော် တင်ပြထားတာတော့ တင်ပြပြီးပါပြီ။”

ဖမ်းဆီးခံရသူတွေဟာ စနေနေ့က ဧရာဝတီမြစ်ကမ်း ဒေသအခေါ် ကချင်ချောင်းသာကို သွားရောက်လည်ပတ်စဉ် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၄ က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ လာမယ့်အပတ်မှာတော့ KIA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် မြစ်ကြီးနားမြို့မှာ ထပ်မံ တွေ့ဆုံညှိနှိုင်းဖု့ိ ရှိနေပါတယ်။ ဒီလို ညှိနှိုင်းဖို့ ပြင်ဆင်နေချိန်မှာပဲ ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မနေ့ကအထိ တိုက်ပွဲတွေ ကြိုကြား ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။
XS
SM
MD
LG