သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းစစ်ဘေးရှောင် နေရပ်ပြန်ရေးညှိနှိုင်းမှုမပြေလည်


ကချင် ဒုက္ခသည်များ
ကချင် ဒုက္ခသည်များ

ကချင်ပြည်နယ်တနိုင်းမြို့နယ်က စစ်ဘေးရှောင်တထောင်ခန့်ကို နေရပ်ရင်းကိုပြန်နိုင်ဖို့ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ကချင်ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူတွေကနေ မြန်မာ့တပ်မတော်တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှု မရရှိသေးဘူးလို့ KBCအသင်းတော်တာဝန်ရှိသူတွေကပြောပါတယ်။ အထူးသဖြင့် KIOကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့ NCAလက်မှတ်မထိုးသေးတဲ့အခြေအနေကြောင့် တနိုင်းအင်ဂါးဂါးဒေသဘက်မှာတပ်မတော်ကနေ တပ်ဆုတ်ခွါဖို့အခက်ခဲ ရှိနေကြောင်း မနေ့က မြောက်ပိုင်းတိုင်းတိုင်းမှူးနဲ့တွေ့ဆုံစဉ်မှာပြောဆိုခဲ့တာပါ။ ဒါ့အပြင် မိုးကောင်းမြို့နယ်ကဆုန့်ကျေးရွာ ဘက်မှာလဲ တပ်မတော်ကနေ စီစစ်မှုတွေပိုမိုတင်းကြပ်လာနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် တနိုင်းဒေသကစစ်ဘေးရှောင်တွေနေရပ်ပြန်ပို့နိုင်ဖို့အရေးအတွက် ကချင်ဘာသာရေးအသင်းတော်က တာဝန် ရှိသူတွေ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကနေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘော တူညီချက်တွေမရရှိခဲ့ပါဘူး။

အထူးသဖြင့် စစ်ဘေးရှောင်တွေတောင်းဆိုထားတဲ့ နမ်းဗျူနဲ့အင်ဂါးဂါးရွာမှာ အခြေပြုထားတဲ့မြန်မာတပ်မတော်စခမ်းကို ရုပ် သိမ်းဖို့ကိစ္စမှာ ခက်ခဲမယ်လို့ KBCအတွင်းရေးမှူးဒေါက်တာခလမ်ဆန်ဆွမ်ကပြောပါတယ်။

“KBCရော RCရော တိုင်းမှူးရော ကျွန်တော်တို့တနိုင်းခရီးစဉ်ကိုတင်ပြတာရှိပါတယ်။ ပြန်မဲ့သူတွေက ဒီတပ်စခမ်းတွေရှိနေ ရင်တော့ မပြန်ရဲတဲ့စကားတွေသူတို့ပြောကြတယ်။ သူတို့ရဲ့လိုလားချက်ပေါ့။ တပ်စခမ်းတွေကိုတပ်မတော်ဘက်ကလဲ သူတို့ရဲ့လုံခြုံရေးအရ တပ်ဆုတ်ဖို့တော့ ဆုတ်ခွါဖို့တော့ခက်ခဲမယ်ထင်တယ်။ ကျွန်တော်တို့နဲနဲပြန်ညှိရဦးမယ်။”

လက်ရှိတနိုင်းမြို့နယ်မှော်တွင်းဒေသမှာ တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးတပ်မတော်တို့အကြားတိုက်ပွဲ တွေ ဖြစ်ပွါးနေဆဲ အခြေအနေမှာရှိနေသလို နမ်းဗျူနဲ့အင်ဂါးဂါးရွာမှာ တပ်မတော်ကနေ စခမ်းထိုင်နေရာယူထားပါတယ်။

လက်ရှိအနေအထားအရ KIOအနေနဲ့ အပစ်ရပ်စာချုပ်NCAလက်မှတ်မရေးထိုးသေးတာကြောင့် တပ်မတော်အနေနဲ့ တပ်ရုပ် သိမ်းဖို့ခက်တယ်လို့ တိုင်းမှူးကနေပြောဆိုခဲ့တယ်လို့ဒေါက်တာခလမ်ဆန်ဆွမ်ကပြောပါတယ်။

“တပ်ဆုတ်တယ်ဆိုတာ အရင်တုန်းကသူတို့စခမ်းမရှိတဲ့နေရာမှာ အခုKIAစခမ်းကိုသူတို့သိမ်းထားတဲ့စခမ်းတွေရှိတယ်။ သူတို့ဘက် က ပြောတာတော့ NCAမထိုးသေးတော့ အဲတာမျိုးတပ်ပိုင်းဆိုင်ရာတော့ ကျွန်တော်တို့ပြောဖို့နဲနဲခက်တယ်အနေအထားမှာ သူတို့ ပြောပါတယ်။”

ဒီလိုဒုက္ခသည်အရေးကိစ္စနဲ့ပက်သက်ပြီး ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကိုတော့ တပ်မတော် ဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းက မြန်မာ့ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၄ တို့ တိုက်ပွဲဖြစ် ပွားခဲ့တဲ့ တနိုင်း အင်ဂါးဂါးနဲ့နမ်ဗျူဒေသက စစ်ဘေးရှောင်(၁၀၀၀)နီးပါးဟာ တနိုင်းမြို့ဘာသာရေးအသင်းတော်(၄)ခုမှာ ထွက် ပြေး ခိုလှုံလာကြတာပါ။

(၃)လလောက်နေထိုင်လာခဲ့တဲ့ လက်ရှိတနိုင်းစစ်ရှောင်စခမ်းအတွင်းမှာလဲ စားနပ်ရိက္ခာအခက်ခဲတွေ တွေ့ကြုံ နေရပါတယ်။

ဒါပေမဲ့လဲ သူတို့နေထိုင်တဲ့ဒေသမှာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲမို့ နေရပ်ရင်းကိုပြန်ဖို့စိမ်ခေါ်မှုတရပ်လိုဖြစ်နေပါတယ်။

အလားတူ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ထဲက ကဆုန့်ကျေးရွာတွေမှာလဲ ပြီးခဲ့တဲ့သြဂုတ်တုန်းက တပ်မတော်နဲ့ KIO တို့တိုက်ပွဲကြောင့် ဒေသခံရွာသားတထောင်ကျော်ဟာ နမ္မတီမြို့ကချင်နှစ်ခြင်းအသင်းတော်ကျောင်းနဲ့ ကက်သလစ်ကျောင်း တွေ မှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြပါတယ်။

စစ်ရှောင်ရွာသားတွေကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ဘာသာရေးအသင်း ခေါင်းဆောင်တွေကနေ ဒေသခံမြန်မာ့ တပ်မတော် ကချင်လွတ်လပ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး နေရပ်ရင်းကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့လက်ရှိမှာ ကဆုန့်နဲ့ဇွပ်မိုင်ရွာသားတွေဟာ တပ်မတော်ဂိတ်တွေကနေစီစစ်မှုများနေတာကြောင့် သွားလာရေးမှာ အခက်တွေ့ နေတယ်လို့ ကဆုန့်ရွာသားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့က ဇွတ်မိုင်နဲ့ကဆုန့်ကျေးရွာဆုတောင်းပွဲသွားတဲ့ ကချင်ပြည်နယ်၊မြစ်ကြီးနားကက်သလစ်သာသနာ ပိုင်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်နဲ့အဖွဲ့တွေ စီးနင်းလိုက်ပါလာတဲ့မော်တော်ယာဉ်တွေကို ညောင်တောဂိတ်မှာ တပ်မတော်ကနေ တားမြစ်စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အခြေအနေကို ကဆုန့်ရွာသားတဦးကပြောပါတယ်။

“ဆရာတော်အဲဒီလိုမျိုးကြွလာတဲ့အခါမှာ သူတို့ဂိတ်ရှေ့ရောက်လာတဲ့အခါကျတော့ ကားကိုတားတယ်။ ဆင်းခိုင်းတယ်ပေါ့နော်။ ဆရာတော်ကိုပေါ့လေ ကြိုတင်သတင်းမပေးဘူးပေါ့နော်။ ထောက်ခံစာ ဘာညာမပါဘူးပေါ့အဲဒီလိုမျိုးပြောတယ်။ ဆရာတော်က သူတို့ဘာသာရေးအကြီးအကဲတွေက ကြိုတင်သတင်းပေးတာမျိုးထုံးမရှိဘူး။ ကိုယ့်ဘာသာသူရှိတဲ့နေရာကို အခါအားလျော်စွာ လိုအပ်ရင်လိုအပ်သလိုသွားနေကြဘဲပေါ့။ အဲဒီလိုပြန်ပြောပေးတယ်တဲ့သူတို့ကို။”

ဂိုဏ်းအုပ်ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်နဲ့အဖွဲ့ကို တနေကုန်စီစစ်ပြီး အခြေအတင်အပြန်အလှန်ပြောဆိုခဲ့ပြီးမှ ပြန်လွှတ် ခဲ့တယ်လို့ အဆိုပါဒေသခံရွာသားကပြောပါတယ်။

ဂိုဏ်းအုပ်ဆရာတော်ကြီးဖရန်စစ်ဒေါ့တန်နဲ့အဖွဲ့ကို တပ်မတော်စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်မှုကိစ္စနဲ့ပက်သက်လို့ ဆရာတော်ကနေ မြောက်ပိုင်းတိုင်းတိုင်းမှူးနဲ့ မနေ့ကတွေ့ဆုံစဉ်မှာတင်ပြခဲ့တယ်လို့ KBCအတွင်းရေးမှူးဒေါက်တာခလမ်ဆန်ဆွမ် က ပြောပါတယ်။

လက်ရှိကချင်ပြည်နယ်အတွင်းမှာ KIOကချင်လွတ်လပ်ရေးအဖွဲ့အခြေပြုရာဒေသမှာ မြန်မာ့တပ်မတော်ကနေထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲအခြေအနေကြောင့် စစ်ရေးတင်းမာမှုတွေဆက်လက်ဖြစ်ပွါးနေပါတယ်။

ဒီလိုဖြစ်ပွါးနေတဲ့စစ်ရေးပဋိပက္ခတွေကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းအဖြေရှာသွားဖို့လိုတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

နှစ်ဖက်အဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့စစ်ရေးတင်းမာမှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တသိန်းကျော်ဟာ ကချင်ပြည်နယ် KIOဌာနချုပ်ဝန်းကျင်နဲ့ တရုတ်နယ်စပ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG