ကချင်ပြည်နယ်တွင်း စစ်ဒဏ်နဲ့ သဘာဝဘေးဒဏ် ခံရသူတွေကို အစိုးရက ကူညီ ထောက်ပံ့နေပေမယ့် မလုံလောက်သေးကြောင်း ဒေသခံတွေက ပြောနေကြပါတယ်။ မကြာသေးခင်တုန်းက ရေကြီးမြေပြိုမှုတွေ ကြုံခဲ့ရတဲ့ ဖားကန့်ဒေသမှာ ရေဘေးသင့် ဒုက္ခသည်တွေသာမက ဒီမတိုင်ခင်တုန်းက ကချင်ပြည်နယ်တွင်းက တိုက်ပွဲ တွေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေလည်း အကူအညီ၊ အထောက်အပံ့တွေ လိုအပ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ဒီကနေ့မှာကချင်ပြည်နယ်ဖားကန့် စစ်ရှောင်ဒုက္ခသည်စခန်းနေ ကျောင်းသား (၁၀၀၀) ကျော်ကို ကချင်ပြည်နယ် အစိုးရကနေ ပညာရေးဆိုင်ရာ အကူအညီ ပေးခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
“ဒီဖားကန့်မြို့မှာရှိတဲ့ စစ်ဘေးရှောင် IDP စခန်းတွေမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ အတွက်ကို လိုအပ်တဲ့ စာရေး ကိရိယာတွေ ထောက်ပံ့ပစ္စည်းတွေ အစုံပဲ။ အဝတ်အစား၊ ကျောင်းဝတ်စုံတွေကအစ ဒါတွေကိုလည်းပဲ ဒီနေ့ပဲ လှူပါတယ်။ တန်ဖိုးကတော့ သိန်းပေါင်း ၁၈၀ ကျော်။ ကျောင်းသားဦးရေ ကတော့ ထောင်နဲ့ချီရှိတယ်။ အဲဒီမှာရှိတဲ့စခန်း တွေက (၁၀) ခုနီးပါးလောက်ရှိတယ်။”
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း (၁၀) ခုထက်မနည်းရှိနေပြီး ဒီစခန်းနေ သူတွေ ဟာ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာရတာ ဖြစ်ပြီး ဒီကနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဖားကန့်ဒေသခံ ကိုမရမ်ဂျာလက ပြောပါတယ်။
“စစ်ရှောင်စခန်းကတော့ ဖားကန့် KBC ဘုရားကျောင်းမှာ တနေရာရှိတယ်။ ဖားကန့် နမ့်ဖစ် ကျေးရွာမှာ RC စစ်ရှောင်စခန်းနဲ့ KBCစစ်ရှောင်စခန်းရှိတယ်။ ပြီးတော့ ဒီလုံးခင်း ဘက်မှာလည်း KBC နဲ့ RC စစ်ရှောင်စခန်း အဲဒီလိုရှိတယ်။ အရင် စစ်ဖြစ်ကတည်းက မပြန်နေတာလေ။ တချို့ရွာတွေ ပြန်လို့မဖြစ်တော့ဘူး အဲဒီလို။ အခြေအနေ မကောင်း သေးတဲ့သဘော။ ခုထိတိုက်ပွဲဖြစ်နေတာပေါ့။ နောက်လုံခြုံမှုမရှိတော့ဘူး။ နောက်ပြီး မှမြေမြှုပ်မိုင်းတို့ခနခန အဲဒီလိုထိကြတာ။ ဘယ် သူမှမပြန်ရဲတော့ဘူး။”
မနေ့ကလည်း ကချင်ပြည်နယ်အစိုးရကနေ ဖားကန့်မြို့နယ်အတွင်း ရေဘေးဒုက ္ခသည် တွေကို အကူညီပေးနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
“မနေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာသင်းနွယ်ကနေပြီး အစိုးရ အဖွဲ့ရဲ့ကိုယ်စားပေါ့ဗျာ။ ကျနော့်ကို ဒီမှာရှိတဲ့ ပြီးခဲ့တဲ့ (၂၂) ရက်နေ့က မိုးသည်းထန် စွာ ရွာမှုကြောင့်နော်။ ပျက်စီးဆုံးရှုံးခဲ့တဲ့နေအိမ်တွေ၊ တစိတ်တပိုင်း ပျက်စီးခဲ့တဲ့ လူတွေကို ၊ အိမ်ထောင်စုတွေကို၊ ကျနော်တို့ထောက်ပံ့ပေးဖို့ ဆိုပြီးမှ အဲဒီအိမ်ထောင်စု (၁၆၉) စု အတွက် ငွေသိန်း ၇၀ နဲ့ ၁၄,၅၀၀ ကို ကျနော့်ကို ပေးအပ်ခဲ့ပါတယ်ခင်ဗျ။ ဆီတပုံး- တပိဿာဝင်ဆီတပုံးပါ။ ကုလားပဲတပိသာ၊ ဆားတထုတ်၊ ဖူဂျီဆပ်ပြာခရင်ဗူးကြီးတဗူး။ နောက်ရွှေဝါဆပ်ပြာ-အဲဒါပေါ့ရယ်။ ကျနော်တို့ အိမ်ထောင်စု တစုချင်းစီ အတွက်ကို ကိုးကန့်ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ပေးအပ်ခဲ့ပါတယ်။”
ပြီးခဲ့တဲ့ ဇွန်လ (၂၂) ရက်ကစပြီး ဖားကန့်ဒေသမှာ မိုးကြီးပြီး တောင်ကမ်ပါးနဲ့ မြေပြိုပြီး လူတွေထိခိုက်သေဆုံး နေအိမ် အဆောက်အဦး တော်တော် များများ ပျက်စီးခဲ့ပြီး လူ (၂၂၀၀) ကျော်လောက် ရေဘေးဒုက္ခကို ခံနေရပါတယ်။ ရေကြီးမြေပြိုမှုဖြစ်စဉ်အတွင်း အနည်းဆုံး (၁၆) ဦး ကျော် သေဆုံးခဲ့ပြီး အိမ်ခြေ (၁၀၀) ကျော် ပျက်စီးခဲ့တယ်လို့ ဖားကန့်မြို့နယ်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
သေဆုံးသူဒေသခံတွေနဲ့ မှော်လုပ်သားတွေအတွက်တော့ အသေးစားထောက်ပံ့ပေးမှုက လွဲပြီး အကူညီမရသေးဘူးလို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
“သေဆုံးသူတွေကတော့ အဲဒီအုပ်ချုပ်ရေးကထောက်ပံ့သလောက် တသိန်းနှစ်သိန်းပေါ့။ အဲဒိလောက်ပဲရတယ်။ ကုမ္မဏီတွေကလည်း လာပြီးပေးတာမကြားဘူးလေ။ လူသားချင်း ကိုယ်ချင်းစာတဲ့ ခုလိုချိန်မှာ ဒါလေးတွေဟာ တဦးကိုလေးငါးသိန်း ပေးသင့်တာပေါ့။”
အထူးသဖြင့် ဆိတ်မူကျေးရွာအုပ်စု စွပ်အောင်နဲ့ မမုန် ကြားထဲမှာရှိတဲ့မှော်တွင်းက အိမ်တွေ ပြိုကျမှုကြောင့် မှော်လုပ်သား (၁၀) ဦးခန့် သေဆုံးမှုဖြစ်ပွားခဲ့တာပါ။
လက်ရှိ ဖားကန့်မြို့ နယ်အတွင်း ဥရုချောင်းရေတက်လာတဲ့အတွက် နေ့စဉ်ရေကြီးနေပြီး သွားလာရေးအတွက် လမ်း၊ တံတားတွေ ယာယီပြုလုပ်ထားတယ်လို့ အဆိုပါဒေသခံက ပြောပါတယ်။
“နောက်ဆုံးအခြေအနေထိ ရေတက်နေပါတယ်ခင်ဗျာ။ ရေတက်နေပြီ။ အောက်ထပ် လေးတွေမြုပ်နေကြပြီ။ ရေကြီးရင် ခဏလေးရှောင်နေလိုက် ရေကျ သွားရင်ကိုယ့် အိမ် ကိုယ်ပြန်သွားနေလိုက်-အဲဒီလို။ ပျက်စီးသွားတဲ့လမ်းလေးတွေ တံတားလေးတွေကတော့ ခေတ္တယာယီသွားလို့ရအောင် ပြုပြင်ပြီးပါပြီ။ အခိုင်အမာကြီးတော့မဟုတ်ဘူးပေါ့။”
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ရေကြီးမြေပြိုမှုကြောင့်သော်လည်းကောင်း၊ ကျောက်စိမ်းမှော် အတွင်း မြေကျစ်စာပြို ကျမှုကြောင့်သော်လည်းကောင်း လူသေဆုံးမှု မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။
ဖားကန့်မြို့နယ်အတွင်း မြေပြိုမှုခဏခဏ ဖြစ်ပွားရတာဟာ ကျောက်စိမ်းအလွန်အကျွံ တူးဖော်နေမှု၊ ကျောက်မိုင်းဖေါက်ခွဲနေမှုကြောင့် မြေကြော ပြတ်တောက်တဲ့ အကျိုးဆက် ကြောင့် ဆိုပြီး သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက သုံးသပ်ပြောဆိုနေကြ သလို ကျောက်စိမ်း တူးဖေါ်မှု အတွက ်ကန့်သတ်စီစစ်မှုတွေမပြုလုပ်တဲ့ အကျိုးဆက်ကြောင့်လို့လည်း ရှုမြင်နေကြပါတယ်။