သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ ကူညီရေး ကုလဌာနေ ကိုယ်စားလှယ်ပန်ကြား


ကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ရာ စစ်ပြေးဒုက္ခသည်စခန်း လိုင်ဇာမြို့က ဒုက္ခသည်များကို တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ရာ စစ်ပြေးဒုက္ခသည်စခန်း လိုင်ဇာမြို့က ဒုက္ခသည်များကို တွေ့ရစဉ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါနဲ့ မုန်းဒိန်ပါရွာအနီး အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ချက်ချင်းစာနာမှု အကူအညီတွေ ပံ့ပိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်က ပန်ကြားလိုက်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ပြောခွင့်ရသူက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်အပါအဝင် အရပ်သားတွေရဲ့ အခြေခံအခွင့်အရေးကိုလေးစားကြပါရန်လည်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်က တိုက်တွန်းလိုက်တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်တောင်ပိုင်းမှာ အောက်တိုဘာလ ၂၂ရက်နေ့က အစိုးရ တပ်တွေနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ် ခဲ့ပြီးတော့ ကချင်ရွာသူ ရွာသား ၁၂၀၀ခန့် ဘေးလွတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရတာနဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ် Ashok Nigam က သောကြာနေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တာပါ။ Mr Nigam ရဲ့ ကြေညာချက်ကို နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ နေ့စဉ်ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က အခုလိုပြောဆိုလိုက်တာပါ။

အစိုးရတပ်တွေနဲ့ကချင်တပ်တွေအကြားတိုက်ပွဲတွေကြောင့်မို့လို့ အရပ်သားတွေ ဒုက္ခရောက်ကြတာကို စိုးရိမ်မကင်းဖြစ်ကြရပါတယ်တဲ့။ အောက်တိုဘာလ ၂၂ရက်နေ့က တိုက်ပွဲတွေကြောင့် ကချင်ရွာသူရွာသား ၁၂၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တချို့ထွက်ပြေးနိုင်ပေမဲ့ တချို့ လုံခြုံတဲ့ နေရာတွေကို အရောက်မသွားနိုင်တာကြောင့်မို့လို့ ပိုပြီးစိုးရိမ်ရတယ်လို့ Mr NiGam ရဲ့ ကြေညာချက်မှာ ဖော်ပြတဲ့အကြောင်း Martin Nesirkyက ဆက်ပြောသွားပါတယ်။

ဒီလက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နဲ့ လုံခြုံတဲ့ လမ်းကြောင်းဖွင့်ပေးဖို့ စတဲ့ အရပ်သားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားပါရန်လည်း ပန်ကြားပါတယ် လို့ ပြောပြ သွားတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကုလသမဂ္ဂနဲ့ မိတ်ဆွေတွေက အဲ့ဒီ့ဒေသမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၁၃၀၀အတွက် လူမူရေး စာနာမှုအကူအညီတွေကို သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း အလားတူ လူမှုရေးအကူအညီတွေပေးဖို့ စီစဉ်ပေမယ့်လို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အဲ့ဒီ့အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

ချက်ခြင်းလက်ငင်း အကူအညီတွေလိုအပ်နေတဲ့ အခုလို ကချင်စစ်ပြေး ဒုက္ခသည်တွေဆီကို ချက်ခြင်းသွားရောက်နိုင်ဖို့ လမ်းကြောင်းချက်ခြင်း ဖွင့်ပေးပါရန်လည်း Mr Ahsok Nigam က တောင်းဆိုလိုက်တယ်လို့ ကုလသမဂ္ဂရဲ့ပြောခွင့်ရသူ Martin Nesirky က သောကြာနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

VOA က ရရှိတဲ့ သတင်းအရကတော့ ဒေသခံတချို့ကတော့ အစိုးရတပ်တွေက သစ်မှောင်ခိုထုတ်လုပ်တာတွေကို ရှင်းလင်းဖို့ဝင်ရောက်ရာက တိုက်ပွဲဖြစ်တာလို့ လည်း ပြောပြကြပါတယ်။ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ အပစ်အခတ် ရပ်စဲရေး အတွက် အောက်တိုဘာလ ၈ရက်နေ့ကနေ ၁၀ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နောက်ဆုံးအကြိမ်အထိ ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲ့ဒီ့ဆွေးနွေးပွဲမှာ တိုက်ပွဲတွေ အရှိန်လျော့ချရေးနဲ့ တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဖို့ကိုလည်း သဘောတူခဲ့ပြီးတဲ့နောက်မှာ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ရတာပါ။
XS
SM
MD
LG