သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပြေးဒုက္ခ စာပေ အနုပညာသမားများ စာနာ


ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေးဒုက္ခသည်များ။

ကချင်ပြည်နယ်တွင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ကချင် ဒုက္ခသည်တွေထဲက ကလေးငယ်တွေရဲ့ စိတ်ခွန်အားကို ဖြည်ဆည်းပေးနိုင်ဖို့ ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို မန္တလေးမြို့မှာ စတင်လှုပ်ရှားနေပြီဖြစ်ပြီး ဒီအထဲမှာ စာပေသမားတွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဘက်က ဒုက္ခသည်တွေအတွက် ကူညီရေးလုပ်ငန်းတွေကို ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်တဲ့ ရန်ကုန် နာရေးကူညီမှုအသင်းကရော ဘယ်လိုပုံစံတွေနဲ့ ကူညီဖို့ စီစဉ်နေကြသလဲ ဆိုတာကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

မန္တလေးမြို့ ရဲမွန်တောင်ရပ် မစိုးရိမ် ကံတက်ကုန်း ဘုန်းကြီးကျောင်က စောင့်ရှောက်ထားတဲ့ မိဘမဲ့ ကလေးတွေ၊ ကျောင်းသူကျောင်းသားလေးတွေအပြင် ကိုရင်ကလေးတွေရဲ့ ဆုတောင်းမေတ္တာ ရေးထားကြတဲ့ စာတွေနဲ့အတူ သူတို့လေးတွေဆွဲထားတဲ့ ပန်းချီနဲ့ ပုံလေးတွေအပြင် ပို့စကဒ်တွေကိုပါ စုပြီး ကချင်စစ်ပြေး ဒုက္ခသည်ကလေးတွေကို ပို့ဖို့ စီစဉ်နေကြတာပါ။

ကချင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ကချင်တိုင်းရင်းသားတွေဟာ ဒုက္ခသည်အဖြစ် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေတွေထဲမှာ မိဘမဲ့ ဖြစ်သွားကြတဲ့ ကလေးငယ်တွေ ရှိကြသလို စာသင်ကြားနိုင်ခြင်းမရှိဘဲ တောတွေထဲ ပုန်းအောင်းနေကြရတဲ့ ကလေးငယ်တွေလည်း ရှိနေတာမို့ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်စေဖို့ ကလေးအချင်းချင်း အားေးပးကြတဲ့ အစီအစဉ်ကို လုပ်ခဲ့တာပါလို့ ဒီကံတက်ကုန်းကျောင်းမှာ ပရဟိတလုပ်ငန်းတွေ ဝိုင်းဝန်း လုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။

“ကလေးအချင်းချင်း အားပေးကြရင် ပိုပြီးတော့ ကောင်းမလားလို့ပေါ့နော်။ ကလေးအချင်းချင်း အားပေးကြတဲ့စာလေးတွေ၊ အားပေးကြတဲ့ ရုပ်ပုံလေးတွေကို ကျမတို့က ပို့ပြီးတော့ ဒါလေးတွေ သူတို့အားပေးတဲ့စာလေးတွေ၊ သူတို့ပုံလေးတွေကိုတော့ ကျမတို့ ဒီ တစ်ရက်နှစ်ရက်အတွင်း ပို့ပေးမယ်ပေါ့လေ။”

ဒီအစီအစဉ်ကို ကံတက်ကုန်းဘုန်းကြီးကျောင်းက ဆရာတော်ကြီးတွေ ဦးဆောင်သလို မန္တလေးမြို့က လူမှုရေးလုပ်တဲ့အဖွဲ့တွေနဲ့အတူ လူမှုကွန်ယက်တွေကပါ ပါဝင်ခဲ့ပြီးတော့ မန္တလေးမြို့က စာရေးဆရာတွေ ကလည်း ပါဝင်ကူညီခဲ့ကြပါတယ်။ အဓိက ကတော့ စစ်ရဲ့ ဆိုးကျိုးတွေကိုခံစားနေကြရတဲ့ ကလေးငယ်တွေရဲ့ စိတ်အနာတရ ဖြစ်မှုတွေကို တတ်နိုင်တဲ့နေရာက ကုစားကူညီပေးတာဖြစ်သလို ကချင်ပြည်နယ်နဲ့ဆိုင်တဲ့ ဗဟုသုတတွေ သိရအောင်လို့ ဆုတောင်းစာတွေရေးကြမယ့် ကလေးတွေ နားလည်အောင် ရှင်းပြခဲ့တယ်လို့ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

“ကလေးတွေ ကချင်ပြည်နယ်အကြောင်း သိစေချင်လို့ ကျနော် သိတဲ့မြင်ဖူးတဲ့ ရောက်ဖူးတဲ့ ကချင်ပြည်နယ် အကြောင်း ပြောတယ်။ နောက်ပြီးတော့ စစ်ရဲ့ ကြောက်စရာကောင်းတဲ့အကြောင်းကို ပြောတယ်။ နောက်ပြီးတော့ ကလေးချင်း စာနာအောင်လို့ ကလေးဘဝအကြောင်း သူတို့ကို ပြောပြပါတယ်။ နောက်ပြီးတော့ တောထဲမှာ မီးဟုန်းဟုန်းမထွက်အောင် ချက်ပြုတ်စားရတာတွေ၊ သူတို့ ရှင်သန်အောင် ရုန်းကန်ရတဲ့အကြောင်းတွေ ပြောပြခဲ့တာပါ။ ကျနော်တို့ပြောတဲ့အထဲမှာ စိတ်ရဲ့ အနိဋ္ဌာရုံတွေအကြောင်းလည်း ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ သွေးချင်းသားချင်းတွေ စပ်ရင် ဆွေမျိုးတော်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြဖို့ အပြန်အလှန် လေးစားကြဖို့၊ တန်ဖိုးထားကြဖို့၊ တစ်ဦးစီမှာလည်း ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတဲ့အကြောင်းကို ပြောခဲ့ကြပါတယ်။”

မန္တလေးက စာရေးဆရာ ညီပုလေး ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ ကချင်ဒုက္ခသည်တွေအတွက် အလှူငွေတွေကိုလည်း စုဆောင်းနေပြီး ကလေးကစားစရာ အရုပ်ကလေးတွေနဲ့အတူ မုန့်ပဲသရေစာတွေကိုပါ ဝယ်ပြီးသွားပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ရန်ကုန်က နာရေးကူညီမှုအသင်းကလည်း ကချင်ဒုက္ခသည်တွေအတွက် အေးချမ်းလာနေပြီ ဖြစ်တဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ အကူအညီတွေသွားပေးဖို့ စီစဉ်နေပြီလို့ နာရေးကူညီမှုအသင်းကို ဦးဆောင်နေသူ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။

“ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေအတွက် ကျနော်တို့ လူသားချင်းစာနာစိတ်နဲ့ ကူညီထောက်ပံ့ဖို့ အစီအစဉ်လုပ်ခဲ့ပါတယ်။ ကျနော်တို့ကတော့ လောလောဆယ်တော့ ရာသီဥတုက အေးလာပြီဆိုတော့ စောင်တို့၊ အနွေးထည်တို့၊ နောက်ပြီးတော့ ငွေသားတွေ သွားလှူဖို့ ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့ နာရေးကူညီမှုအသင်းကနေ သိန်း ၂၀၀ မတည်ပြီးတော့ စလှူဖို့လုပ်နေပါတယ်။”

နာရေးကူညီမှုအသင်းကို ဦးဆောင်နေသူ ရုပ်ရှင်သရုပ်ဆောင် ကျော်သူဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ အစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင် အဖွဲ့တွေကြား ပြီးခဲတဲ့ ဇွန်လလောက်ကတည်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတာဖြစ်နေတာပါ။ အပစ်အခတ်ရပ်စဲဖို့ နှစ်ဘက် ညှိနှိုင်းမှုတွေ ရှိနေပေမဲ့ ဒီကိစ္စတွေ မအောင်မြင်သေးသလို ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း နှစ်သောင်းမက ရှိနေပြီလို့ ကချင်ဒုက္ခသည် ကူညီရေး အဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG