သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်အရေး KIO ဝန်ပိနေ


ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေးဒုက္ခသည်များ။

သီတင်း ၂ ပတ်ကျော် ကြာလာပြီ ဖြစ်တဲ့ ကချင် လွတ်လပ်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေရဲ့ တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အရေးက စိုးရိမ်စရာ ဖြစ်နေပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောပါတယ်။ မြန်မာအစိုးရတပ် ထိန်းချုပ်ရာ ဒေသတွေကနေ KIO အုပ်ချုပ်မှု ဒေသတွေဘက်ကို နေ့စဉ်ဆိုသလို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ပေးရေးလည်း KIO ဘက်က တာဝန်ယူနေရတဲ့ အချိန်မှာ မြန်မာအစိုးရ တပ်တွေဘက်ကတော့ ရှေ့တန်းစခန်းတွေမှာ အင်အားတွေ ဖြည့်တင်းနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ဇွန်လ ၉ ရက်နေ့က စပြီး ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေးတပ်နဲ့ မြန်မာအစိုးရတပ်တွေ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင်အုပ်ချုပ်ရေး ဒေသတွေဘက်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ နေ့စဉ် ရာနဲ့ချီ ရှိနေတယ်လို့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“ဒုက္ခသည်တွေက နေ့တိုင်း တိုးလာတယ်ခင်ဗျ။ အထူးသဖြင့်တော့ KIO အုပ်ချုပ်နယ်မြေထဲမှာရှိတဲ့ ကျေးရွာတွေမှာ နေ့တိုင်းလိုလို တိုးလာတာ ရှိတယ်။ နေ့တိုင်း ဆယ်ဂဏန်း၊ ရာဂဏန်းအထိ တိုးလာတာ ရှိတယ်။ အဓိကလည်း လူထုတွေက ဒီမှာ ဝန်တခုလို ဖြစ်နေတယ်။ ဒါပေမဲ့ ကျနော်တို့က လက်မလျှော့ပါဘူး။ ဖြစ်နိုင်တဲ့နည်းနဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ ရိက္ခာထဲက နေပြီးတော့ သူတို့ကို ပံ့ပိုးပေးတာမျိုး လုပ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် နိုင်ငံတကာက နေပြီးတော့၊ ပြင်ပ အဖွဲ့အစည်းတွေက နေပြီးတော့ အကူအညီတွေများ ရလာရင်တော့ ဒီဒုက္ခသည် ပြဿနာက တပိုင်းအစ ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။

“နောက်တခုက အခု ဒီဘက်မှာ တိုက်ပွဲ အကြီးအကျယ် မဖြစ်တော့ တရုတ်တွေကလည်း တရားဝင် ဒုက္ခသည်စခန်း ဖွင့်ပြီးတော့ လက်ခံတာမျိုး မရှိသေးဘူး။ ဒါပေမဲ့ အခုလောလောဆယ် ဒီလိုမျိုး အခြေအနေမှာတော့ ကျနော်တို့ဘက်မှာ အချိန်ကြာလာတဲ့ အခါတော့ တာဝန်တွေက တော်တော်ကြီးလာတဲ့ အပိုင်းတော့ ရှိတယ်။ ဒါကြောင့် လူမှုရေး အကူအညီကတော့ ကျနော်တို့ လိုအပ်ပါတယ်။”

နှစ်ဘက် ပြင်းထန်တဲ့ တိုက်ပွဲတွေ လတ်တလော မရှိသေးတာကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို အိမ်နီးချင်း တရုတ်နိုင်ငံကလည်း တရားဝင် လက်ခံခြင်း မရှိတာအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အိမ်ရှင်နိုင်ငံက တောင်းဆိုတာတွေ မရှိလို့ ဒုက္ခသည်အရေး ကူညီနိုင်တာ မရှိသေးဘူးလို့လည်း ပြောပါတယ်။ ဒေသတွင်း တိုက်ပွဲ ပြင်းပြင်းထန်ထန် လတ်တလော မရှိသေးပေမဲ့ ကချင်ဒေသအတွင်း စစ်မီး ငြိမ်းသွားတာတော့ မဟုတ်သေးဘူးလို့လည်း ဦးလနန်က ပြောပါတယ်။

“အခုကတော့ တည်ငြိမ်သွားပြီ ဆိုပြီးတော့ သူရရွှေမန်းက ပြောတဲ့ စကားတွေ ရှိတယ်။ ဒါပေမဲ့ အမှန်တကယ် ကျနော်တို့ ဒေသမှာ တည်ငြိမ်မှု မရှိပါဘူး။ သူတို့ရဲ့ အောက်ပြည်က တပ်တွေကတော့ အမြဲတမ်း နေ့တိုင်းလိုလို တက်လာတယ်ဆိုတဲ့ သတင်း ရတယ်။ တက်လာတဲ့ အခါမှာ သူတို့က ရထားနဲ့တဖုံ၊ သင်္ဘောနဲ့တဖုံ တက်လာတယ်။ တက်လာတဲ့ အခါမှာ မြို့ပေါ်မှာတော့ စစ်ယူနီဖောင်းနဲ့ မဟုတ်ဘဲနဲ့ ရိုးရိုး အရပ်ဝတ်နဲ့ တက်လာတယ်။ မြစ်ကြီးနား ကချင်ပြည်နယ် ရောက်လာတဲ့ အခါမှာ အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ခေါ်ပြီးတော့ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ အဲဒီလိုမျိုးနဲ့ စစ်အင်အားတွေ ဖြည့်တင်းနေတာ နေ့စဉ်လိုလို ကျနော်တို့က သတင်းရနေတယ်။

“ကျနော်တို့ဘက်ကတော့ တည်ငြိမ်မှု လိုချင်တယ်။ ဒါပေမဲ့ အခု သူတို့ ပြောဆိုနေတဲ့ အပိုင်းမှာတော့ တည်ငြိမ်နေကြပြီ၊ လွှတ်တော်ကိုယ်စားလှယ် တယောက်က ကြိုးစားတဲ့ အတွက်ကြောင့် ကချင်ပြည်နယ်ဟာ နဂိုအတိုင်း ပြန်ပြီး ရှိနေပါပြီဆိုတဲ့ ပြောဆိုမှု ရှိပေမဲ့ လူထုအပါအဝင် အားလုံးက အဲဒီ ပြောဆိုမှုကို ယုံကြည်မှု တချက်မှ မရှိဘူးခင်ဗျ။ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ရဲ့ တိုက်ပွဲ အခြေအနေဟာ ပြောင်းလဲသွားနိုင်တယ်၊ ပိုပြီးတော့ အရှိန်က မြင့်သွားနိုင်တယ်။ ဒါကြောင့် အစိုးရအပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။”

နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေး မလုပ်ဆောင်နိုင်သေးတဲ့ ကချင်လွတ်လပ်ရေးတပ်နဲ့ မြန်မာအစိုးရ တပ်တွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက ကချင်တပ် ထိန်းချုပ်ရာ ဒေသတွေမှာ နှစ်ဘက် စစ်ရေး စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ မြန်မာအစိုးရ တပ်တွေက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့နဲ့ ၅ မိုင်ခန့် အကွာမှာ တပ်တွေချထားပါတယ်။

“ကားလမ်းအတိုင်း သွားမယ်ဆိုရင်တော့ ၆ မိုင်၊ ၇ မိုင်လောက်မှာ သူတို့စခန်းတွေ ရှိတယ်။ အဖြောင့်တိုင်းမယ် ဆိုရင် ကျနော်တို့ လိုင်ဇာက မြေပုံနဲ့ ပြောမယ်ဆိုရင် U ပုံသဏ္ဌာန်ပေါ့၊ ရန်သူရဲ့ လမ်းကြောင်းက ကွေ့ကောက်နေတာပေါ့၊ ဒါကြောင့် အဲဒီ ကွေ့ကောက်အတိုင်း သွားမယ်ဆိုရင် ၆ မိုင်၊ ၇ မိုင်၊ ၈ မိုင်လောက်မှာ သူတို့စခန်း ရှိတယ်။ ဒါပေမဲ့ အဖြောင့်တိုင်းမယ်ဆိုရင် ၅ မိုင်လောက်မှာ သူတို့ သွားလာလှုပ်ရှားနေတဲ့ ဧရိယာတွေ ရှိတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကတော့ ဒေသတွင်း စစ်ရေးအေးချမ်းမှုကို လိုလားတယ်လို့ ပြောဆိုထားပေမဲ့ မြန်မာအစိုးရ တပ်တွေက တိုက်ခိုက်လာမယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်သွားဖို့ အဆင်သင့် ရှိနေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG