သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပြေးဒုက္ခသည်တွေ မြစ်ကြီးနားမြို့ပေါ် ခိုလှုံ


ကချင်စစ်ပြေးဒုက္ခသည်တွေ မြစ်ကြီးနားမြို့ပေါ် ခိုလှုံ
ကချင်စစ်ပြေးဒုက္ခသည်တွေ မြစ်ကြီးနားမြို့ပေါ် ခိုလှုံ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲဖြစ်ပွားရာ ဒေသက ကချင်ပြည်သူတွေဟာ KIA အခြေစိုက်ရာ လိုင်ဇာမြို့နဲ့ တရုတ်နယ်စပ်ဘက်ကို သာမက မြစ်ကြီးနားမြို့ပေါ်ကိုလည်း ထွက်ပြေး ခိုလှုံနေကြရပါတယ်။ အခုအခါ မြစ်ကြီးနားမြို့ပေါ်က ခရစ်ယာန် ဘုရားကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေ နေအိမ်မှာ လူ ၂,၀၀၀ ကျော်လောက် ရောက်ရှိ ခိုလှုံနေပြီး အများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိ ခိုလှုံနေတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိ ခိုလှုံနေကြတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေဟာ လိုင်ဇာနဲ့ ဝိုင်းမော်အကြား လမ်းတလျှောက်က ဒေသခံ ပြည်သူတွေဖြစ်ပြီး မြစ်ကြီးနားမြို့မှာ ခိုလှုံနေတာ တပတ်ကျော်နေပြီ ဖြစ်ပါတယ်။
မြစ်ကြီးနားကို ရောက်ရှိလာသူဟာ အခုဆို ၂,၀၀၀ ကျော်လောက် ရှိနေပြီး ဘာကြောင့် မြစ်ကြီးနားကို လာရသလဲ ဆိုတာကို ဒုက္ခသည်တဦးက အခုလို ပြောပါတယ်။

“အခု မြစ်ကြီးနားကို ရောက်နေတာက ၂,၀၀၀-၃,၀၀၀ လောက်တော့ ရှိပြီထင်တယ်။ ကလေးတွေက တဝက်လောက်ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေက ပိုများတယ်။ ကျမတို့က လိုင်ဇာဘက် ဆိုရင်လည်း ခရီးက အရမ်းဝေးတယ်။ ဆွေမျိုးဆိုလည်း အဲဒီဘက်က သိပ်မရှိဘူး။ ဒီ မြစ်ကြီးနားမှာဆိုတော့ ဆွေမျိုးတွေ တယောက် နှစ်ယောက် ရှိတဲ့အတွက် သူတို့ဆီမှာ မှီခိုဖို့ ဒီဘက်ကို လာရခြင်း ဖြစ်ပါတယ်။

“အခုလောလောဆယ်တော့ ကိုယ့်ဆီမှာပါတဲ့ ငွေတွေ၊ တချို့ကျတော့ ဆန်တွေ နည်းနည်းပါတယ်၊ အဲဒါနဲ့ ကိုယ့်ဆွေမျိုးအိမ်တွေကလည်း ကူညီပေးတယ်ပေါ့။ နောက်ပြီးတော့မှ အသင်းတော်တွေဆီမှာရော သူတို့ဆီမှာ အကူအညီတောင်းပြီး မှီခိုနေရတာ ဖြစ်တယ်။”

အမျိုးသား အများစုကတော့ သူတို့နေအိမ်နဲ့ တောင်ယာတွေကို ကြည့်ရှုလုပ်ကိုင်ဖို့ ကျန်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ လောလောဆယ် မြစ်ကြီးနားကို ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ နေရာတွေဆို ဘာမှ ယူလို့ မရတော့ဘူး။ ကိုယ့်မှာပါတဲ့ အဝတ်တန်ဆာနဲ့ပဲ ထွက်ပြေးလာရတယ်။ အခုလောလောဆယ်ကတော့ ကျမတို့ဆီမှာ စားဝတ်နေရေးပေါ့၊ ပြီးတော့ စောင်မပါတာတို့၊ အဝတ်အထည် အလဲအထည် မပါတာတို့၊ တချို့ကျတော့ မွေးဖွားမယ့် မိခင်တွေ ပါတယ်။ သူတို့ဆီမှာလည်း အားတွေနည်းတယ်။ နောက် တချို့ကျတော့လည်း ကျန်းမာရေးမရှိ ဖြစ်နေတာပေါ့။”

မြစ်ကြီးနားမြို့က ခရစ်ယာန် ဘာသာရေး အသင်းတွေနဲ့ နီးစပ်သူ တယောက်ကတော့ တပ်ကုန်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ လူ ၁၀၀ ကျော်၊ ဇီးလွန်ဘုရားကျောင်းမှာ ၁၆၀ ကျော်လောက် ရောက်ရှိနေတယ်ဆိုတာ သိရကြောင်း ပြောပါတယ်။

ဘုရားကျောင်းတွေက လက်ခံ ကျွေးမွေးထားရတဲ့ အခြေအနေနဲ့ ရေရှည် အခက်အခဲကိုလည်း သူက အခုလို ပြောပါတယ်။

“တပ်ကုန်းဘုရားကျောင်း နှစ်ခြင်းဘုရားကျောင်းပေါ့၊ အဲဒီမှာ ၁၀၅ ယောက် အတိအကျကိုရှိတာ။ ဒီဘုရားကျောင်းအတွက် သူတို့ ထပ်လည်း လက်မခံနိုင်သေးဘူးပေါ့။ ဒီအတိုင်းအတာနဲ့ပဲ သူတို့ နိုင်တယ်ပေါ့။ မနေ့ကတော့ အင်ဂျန်ဒုံ တပ်ကုန်းရဲ့ အပေါ်ဘက်ပေါ့၊ ၇ ယောက်က အဲဒီဘက်ကို လွဲှလိုက်ပြီ။ မနေ့ညက အင်ဂျန်ဒုံ ဘုရားကျောင်းမှာ အယောက် ၇၀ ရောက်ဖို့ ရှိတယ်။ လမ်းမှာ နည်းနည်း အခက်အခဲရှိတော့ ညမိုးချုပ် နောက်ကျနေတယ်။

“ဒီ Church တွေကလည်း တအား စီးပွားရေးဖြစ်တဲ့ နေရာလည်း မဟုတ်ဘူးလေ။ အဲဒီကျတော့ တရက်ကို ၇၀,၀၀၀ နဲ့ ကျွေးမယ်ဆိုရင်တောင် တလဆို ၂၁ သိန်းလောက် ရှိသွားပြီ။ ရေရှည်ဆို ဘယ်လို ခံနိုင်မလဲပေါ့။”

ဒီလို ဘုရားကျောင်းတွေမှာ လာရောက် ခိုလှုံကြသူတွေဟာ မြစ်ကြီးနားမြို့ပေါ်မှာ အသိမိတ်ဆွေ မရှိသူတွေ ဖြစ်ပါတယ်။ သူတို့ကို ဘုရားကျောင်းက အသင်းသူ အသင်းသားတွေက စုပေါင်း ထောက်ပံ့ထားရတယ်လို့ ပြောပါတယ်။

ဒီဒုက္ခသည်တွေကိုတော့ ကချင်ပြည်နယ် အစိုးရ ဝန်ကြီးတွေက လာရောက်ကြည့်ရှုတာရှိပြီး ဆန်၊ ဆီ စတာတွေနဲ့ အခြား လိုအပ်တာတချို့ ထောက်ပံ့တာတွေ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဝိုင်းမော်မြို့က ရိုမန်ကက်သလစ်နဲ့ နှစ်ခြင်း ဘုရားကျောင်းတွေမှာလည်း အနည်းဆုံး ဒုက္ခသည် ၅၀၀ ကျော် ၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလို မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေကို တိမ်းရှောင်လာသူ တချို့ဟာ သူတို့ ဆွေမျိုးတွေနဲ့ နီးစပ်ရာ မိတ်ဆွေတွေဆီမှာ ခိုလှုံ နေထိုင်နေတာကြောင့် စာရင်းအတိအကျတော့ ကောက်ယူနိုင်တာ မဟုတ်ပါဘူး။ ဒီလို ထွက်ပြေးလာသူ တချို့ဟာ သူတို့ပိုင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ ဝက်နဲ့ ကျွဲ၊ နွားတွေကို ခြံကလွှတ်ပြီး ထားခဲ့ရတာတွေ ရှိသလို စပါးကျီတွေကိုလည်း ဒီအတိုင်း ထားခဲ့ရတာတွေ ရှိပါတယ်။

အခုအခါမှာ KIO ဌာနချုပ် လိုင်ဇာ၊ တိုက်ပွဲ စတင်ဖြစ်ပွားရာ မိုးမောက်မြို့နယ်ဘက်က မိုင်ဂျာယန်နဲ့ တရုတ်နယ်စပ် ဒေသမှာ ခိုလှုံနေသူ ကချင်ဒုက္ခသည် စုစုပေါင်း ၁၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ KIA ခေါင်းဆောင်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးတာတွေ စတင်နေပေမဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် နှစ်ဘက်စလုံးက အာမခံနိုင်တဲ့ အနေအထားတွေ မရှိသေးတာကြောင့် ဒုက္ခသည်တွေ အိမ်ပြန်ရမယ့် အခြေအနေဟာ မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG