သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပြေး ဒုက္ခသည် အများစု ဝင်ခွင့်မပြုတာ မဟုတ်ဟု တရုတ်အစိုးရ ငြင်းဆို


တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကချင် စစ်ပြေးဒုက္ခသည်အချို့။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကချင် စစ်ပြေးဒုက္ခသည်အချို့။

ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့ မြန်မာစစ်တပ်တွေ အကြား ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်တဲ့ ဒေသတွေဆီက ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားကြပေမဲ့ တရုတ်အာဏာပိုင်တွေက လက်မခံတာကြောင့် ဒုက္ခဖြစ်ကြရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်းလီ (Hong Lei) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ဖြေရှင်းခဲ့ပါတယ်။

“အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ အားလုံး အခြေအနေ ပိုဆိုးမသွားအောင် အေးအေးဆေးဆေးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုပါတယ်။ ဒီလို တဘက်နဲ့တဘက် ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံသားတချို့ နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ ဝင်လာကြပါတယ်။ သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီမှာ ခိုလှုံကြဖို့ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ထုံးစံအတိုင်း လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေပါတယ်။ မြန်မာစစ်ပြေး ဒုက္ခသည်တွေကို လက်မခံဘဲ ပြန်လွှတ်ပေးနေတယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။”

တရုတ်နိုင်ငံဘက် ထွက်ပြေးကြတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက လက်မခံဘဲ ပြန်လွှတ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်းလီ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စုံစမ်းသိရှိရတဲ့ သတင်းတွေအရ ဒီ စစ်ပြေးဒုက္ခသည်တွေ အားလုံးကို လက်ခံတာ မဟုတ်ဘဲ တရုတ်နိုင်ငံဘက်မှာ ဆွေမျိုးရှိသူတွေ၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကိုသာ တရုတ်နိုင်ငံက လက်ခံနေတာဖြစ်ပြီး တရုတ်နိုင်ငံဘက် ဝင်ခွင့်မရတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ တရုတ်၊ မြန်မာ နယ်စပ်က တောတောင်တွေထဲမှာ နေထိုင်နေကြရပြီး အစားအစာနဲ့ ဆေးဝါး ပြတ်လပ်တာတွေကို ကြုံတွေ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

XS
SM
MD
LG