သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ဒေါ်စု သိန်း ၃၀၀ လှူ


ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ဒေါ်စု သိန်း ၃၀၀ လှူ
ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ဒေါ်စု သိန်း ၃၀၀ လှူ

ကချင်ပြည်နယ်တွင်းမှာ အိုးအိမ်ပစ်ပြီး တိုက်ပွဲတွေကြားကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒုက္ခသည်ကို မြန်မာ့ဒီမိုကရေစီခေါင်ေးဆာင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လအနည်းငယ်ကြာလာပြီဖြစ်တဲ့ ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် အိုးအိမ်မဲ့ဖြစ်ရတဲ့ ဒုက္ခသည်တွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်တွင်းက NLD အဖွဲ့ဝင်တွေက တဆင့် ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့တာပါ။ ကချင်ပြည်နယ်မှာ ပြည်နယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဖေစိန် ပြောပြတာက -

“အခုပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်တွေအပေါ် ကူညီမှုက ငွေ သိန်း ၃၀၀ ပေးခဲ့ပါတယ်။ အဲဒီငွေ သိန်း ၃၀၀ က ကချင်ပြည်နယ် မြစ်ကြီးနား ဘေးနားမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကိုရယ်၊ ဗန်းမော်၊ နောက်ပြီးတော့ ဝိုင်းမော်၊ အဲဒီမြို့နယ်တွေမှာပေးဖို့လည်း ပါပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ အလှူငွေနဲ့ ဒုက္ခသည်စခန်း ၂၀ ကျော်က ဒုက္ခသည် ၅,၀၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေအတွက် အကူအညီတွေ များစွာ လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေး သွားလုပ်နေသူတွေက ဆိုပါတယ်။

“အခုဟာက ငြိမ်းချမ်းရေး ရသေးတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး ရသေးတာမဟုတ်တဲ့အခါကျတော့ ဒုက္ခသည်တွေက ထပ် ထပ်ပြီးတော့ ရောက်လာတဲ့အတွက်ကြောင့် ဒုက္ခသည်ဦးရေက ဒီနေ့နဲ့ မနေ့ကနဲ့ မတူဘူး။ အဲဒီလို ဖြစ်ဖြစ်နေတယ်။ အဲဒီလို ဖြစ်ဖြစ်နေတော့ အခုလည်း လက်လှမ်းမီသလောက် သွားရောက် ကူညီခဲ့ပေမဲ့ တချို့နေရာတွေပဲ ရနေပြီးတော့ တချို့နေရာတွေမှာ မလုံလောက်တာတွေလည်း တွေ့နေရတယ်။”

ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေရပ်ဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေက တရားဝင် ကြေညာ အသိပေးတာမျိုးတွေ မရှိသေးတဲ့အတွက် တိုက်ပွဲတွေ ဆက်ရှိနေခဲ့တာပါ။ တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့သူတွေ စစ်မီးကို ငြိမ်းစေချင်ကြတယ်လို့လည်း ပြောကြပါတယ်။

“ကိုယ့်ဒေသ၊ ကိုယ့်ဇာတိကိုတော့ သူတို့က တမ်းတလွမ်းမောနေကြတာပေါ့။ ပြန်ချင်ကြတာပေါ့။ ပျော်လို့လာကြတာမှ မဟုတ်ဘဲ။ မလွှဲမရှောင်သာလို့သာ လာပြီးတော့ ခိုလုံနေကြရတာ ဖြစ်တယ်လေ။ ဒီစစ်ကြီး မြန်မြန် ငြိမ်းပါစေတော့လို့ ဆုတောင်းနေကြတာကို နားနဲ့ဆက်ဆက် ကြားခဲ့ရပါတယ်။”

ဒီလိုအကူအညီပေးမှုတွေကို ပြည်တွင်းက ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မန္တလေးက ပရဟိတ လူမှုရေးအသင်းအဖွဲ့များက ဦးဆောင်ပြီး ဒုက္ခသည်တွေရှိတဲ့ နေရာတွေကို ပထမဦးဆုံး သွားရောက်ခဲ့ကြတာပါ။

အခုချိန်ထိ သူတို့တွေဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး ရရှိတဲ့အကူအညီတွေဟာ မလုံမလောက် ဖြစ်နေရသေးသလို သူတို့ရဲ့ နေထိုင်ရပ်တည်ရေး ဘဝတွေအတွက် အခုလက်ရှိ ဒုက္ခသည်အခြေအနေမှာ သာမက စစ်ပွဲပြီးရင်တောင် ဘဝရှင်သန်ရေးအတွက် အခက်အခဲတွေ ရှိနေဦးမယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တာ နှစ် ၆၀ ကျော်ရှိခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် ဒဏ်ကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်တွေ ပိုများလာနေသလို ကရင်ပြည်နယ်ဘက်က လူထုတွေ တွေ့ကြုံနေရတာက ပြည်တွင်းစစ်ဒဏ်ကြောင့် အစာရေစာ ပြတ်လတ်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။

XS
SM
MD
LG