သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကောက်ခံ


ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကောက်ခံ
ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကောက်ခံ

မြန်မာအစိုးရတပ်တွေနဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ (KIA) အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့ ပြည်ပရောက် ကချင်အဖွဲ့အစည်းတွေက ရန်ပုံငွေ ကောက်ခံမှု စတင်နေပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ပြည်တွင်း ပြည်ပက စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ဒီ စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ စီစဉ်လာကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု စစ်ဖြစ်နေတဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အလုံအလောက် မရှိတဲ့အပြင် နယ်မြေခံ တရုတ်အစိုးရကလည်း ဒုက္ခသည် စခန်းရယ်လို့ သတ်သတ်မှတ်မှတ် တည်ဆောက်ပြီး သူတို့ကို ကြည့်ရှု စောင့်ရှောက်ထားတာမျိုး မရှိတဲ့အတွက် အခုလို ကိုယ်ထူကိုယ်ထ ရန်ပုံငွေရှာပြီး ဒုက္ခသည်တွေကို ထောက်ပံ့နိုင်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ဦးဆောင် လှုပ်ရှားသူတွေက ပြောပါတယ်။

ရန်ပုံငွေတွေ ကောက်ခံပြီးတာနဲ့ ဒုက္ခသည်တွေ အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးနဲ့ တခြား စားနပ်ရိက္ခာတွေကို အမြန်ဆုံး ပေးပို့နိုင်ဖို့ စီစဉ်နေတဲ့အကြောင်း ရန်ပုံငွေ ကောက်ခံရေး လုပ်ငန်းတွေမှာ ဦးဆောင်လှုပ်ရှားနေတဲ့ ကချင်အမျိုးသား အစည်းအရုံး (KNO) - အမေရိကန် ဌာနခွဲရဲ့ ဥက္ကဋ္ဌ ကိုလွယ်ခမ်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီမှာ KNO ဆိုတာ ရှိတယ်။ Kachin Affair Forum (KAF) ဆိုတာ ရှိတယ်။ ပြီးတော့ ပြည်နယ် အသီးသီးမှာလည်း မြို့တွေမှာ Church တွေရှိတယ်။ နောက်တခုက Kachin American Association (KAA) ဆိုတာလည်း ရှိတယ်။ အခု Kachin American Association အနေနဲ့ကလည်း တနိုင်ငံလုံးမှာရှိတဲ့၊ ပြည်နယ်အသီးသီးမှာရှိတဲ့ အသင်းတော်တွေကို အကြောင်းကြား လှုံ့ဆော် စည်းရုံးပြီးတော့မှ ရန်ပုံငွေတွေကို တတ်အားသ၍ ကောက်ခံနေကြတယ်။ အဲဒါတွေက လူသားချင်း စာနာတဲ့ အကူအညီတွေ၊ Humanitarian Aids တွေပဲ။ အဲဒီက အစားအသောက် အတွက်တွေ၊ ဆေးဝါး၊ အမိုးအကာ အဲဒါမျိုးတွေအတွက်။

“ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံမှာ Refugee Camp သီးခြား ကျကျနန ဆောက်လုပ်ထားတာ မရှိတဲ့အတွက် တော်တော်များများက တောတွေ တောင်တွေမှာ ဝင်ပြီး ခိုလှုံနေရတာ ရှိတယ်။ အဓိကတော့ ဆေး၊ အစားအသောက်နဲ့ တဲ အဲဒီလိုမျိုးဟာတွေကို ကျနော်တို့ ကူညီထောက်ပံ့ချင်တဲ့ အတွက်ကြောင့် အားလုံးကို အကြောင်းကြားပြီးတော့ ရန်ပုံငွေတွေ ကောက်ခံတဲ့အပြင် ဒီမှာရှိတဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေကိုလည်း ဆက်သွယ်နေပါတယ် ဆိုတာ ပြောပြချင်တာပါ။”

ကချင်အမျိုးသား အစည်းအရုံးက ကိုလွယ်ခမ်း ပြောပြသွားတာ ဖြစ်ပါတယ်။

သူတို့လိုပဲ နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ ကချင်တိုင်းရင်းသားတွေကလည်း ရန်ပုံငွေ ကောက်ခံဖို့ စီစဉ်နေကြတယ်လို့ ကိုလွယ်ခမ်းက ပြောပါတယ်။ အခုချိန်ထိတော့ အလှူခံရငွေ ဘယ်လောက်အထိ ရပြီဆိုတာ အတိအကျ မသိနိုင်သေးဘူးလို့ ကိုလွယ်ခမ်းက ပြောပါတယ်။

KIA တပ်ဖွဲ့တွေကို မြန်မာအစိုးရတပ်တွေက စတင် ထိုးစစ်ဆင်တဲ့ အချိန်ကစလို့ တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားကြတဲ့ ကချင်ဒုက္ခသည် အရေအတွက်ဟာ သောင်းဂဏန်းအထိ ရှိလာနေပြီလို့ အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေသူတွေက ပြောပေမဲ့လည်း အတိအကျတော့ မသိနိုင်သေးပါဘူး။

ဒုက္ခသည်တွေကို တရုတ်အစိုးရက တရားဝင် စခန်းဖွင့်ပြီး ကြည့်ရှုစောင့်ရှောက်ထားတာ မရှိတဲ့အပြင် NGO အဖွဲ့အစည်းတွေကိုလည်း လာရောက် ကြည့်ရှုခွင့် မပြုသေးတဲ့အတွက် ဒုက္ခသည်တွေဟာ တောထဲမှာ ဖြစ်သလို ရပ်တည်နေကြတယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း အဲဒီဒေသမှာ မိုးရွာပြီး ရာသီဥတု ဆိုးရွားနေတာကြောင့် ဒုက္ခသည်တွေ ရေရှည် ရပ်တည်နိုင်ရေးနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေကို နိုင်ငံတကာက ပိုပြီးတော့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မနေ့ကထုတ်တဲ့ မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ KIA ကို မြန်မာစစ်တပ် အနေနဲ့ မလွှဲမရှောင်သာလို့ တိုက်ခိုက်ခဲ့ရတာ ဖြစ်တဲ့အကြောင်းနဲ့ ဒီတိုက်ပွဲတွေကြောင့် အဲဒီဒေသမှာရှိတဲ့ တရုတ်နိုင်ငံသား ၂၁၅ ယောက်လောက်လည်း တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားကြတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG