သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်ဒုက္ခသည်များ ဖားကန့်မြို့ ပြောင်းရွှေ့ခိုလှုံ


ကချင်ပြည်နယ်အတွင်း၊ ဝိုင်းမော်ဒုက္ခသည်စခန်းက ကလေးတွေ ကျောင်းသွားမယ့် မနက်ခင်းမြင်ကွင်း။
ကချင်ပြည်နယ်အတွင်း၊ ဝိုင်းမော်ဒုက္ခသည်စခန်းက ကလေးတွေ ကျောင်းသွားမယ့် မနက်ခင်းမြင်ကွင်း။

ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ကံဆီးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်ရွာသားတွေကို နေရပ်ရင်း ပြန်ခိုင်းတာကြောင့် ရာနဲ့ချီတဲ့ ရွာသားတွေဟာ ပိုမိုပြီး လုံခြုံမှုရှိတဲ့ ဖားကန့်မြို့ကို ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။ မကြာခင်က ဒီဒေသကို သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်း/ပွင့်က ခေါင်းဆောင်တဦးကတော့ စစ်ရှောင်ရွာသားတွေကို လွတ်လွတ်လပ်လပ်သွားဖို့ ခွင့်ပြုသင့်ကြောင်း ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ပြန်လည်စတင်ခဲ့ ဖားကန့်ဒေသတွင်းက တိုက်ပွဲတွေကြောင့် အောင်ဘာလေရွာနဲ့ အနီးအနားက ရွာသား (၂,၀၀၀) ထောင်လောက်ဟာ အစိုးရစစ်တပ်အခြေစိုက်ရာ ကံဆီးရွာကို ပြောင်းရွှေ့ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဖားကန့်ဒေသမှ တိုက်ပွဲတွေ ငြိမ်သက်ခဲ့တဲ့နောက် အစိုးရစစ်တပ်က တိမ်းရှောင်ရွာသားတွေကို ဒီလ ၁ဝ ရက်နေ့ နောက်ဆုံးထားပြီး အောင်ဘာလေရွာကို ပြန်ဖို့ အမိန့်ပေးခဲ့ကြောင်း စစ်ရှောင်ရွာသားတွေကို ကူညီပေးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလပ်ဆမ်ဆွန်က ပြောပါတယ်။

“ကံဆီးမှာနေတဲ့လူတွေကို အောင်ဘာလေကို ပြောင်းခိုင်းတာ။ အဲဒါကို တပ်ကပြောတယ်၊ မနက်ဖြန်နောက်ဆုံးလို့ ပြောတယ်။”

အောင်ဘာလေရွာဟာ ဇန်နဝါရီလ တိုက်ပွဲမဖြစ်မီက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ထိန်းချုပ်တဲ့ ဒေသမှာ ရှိပြီး အဲဒီဒေသဟာ အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကြောင့် ဒေသခံရွာသားတွေဟာ နေရပ်ပြန်ဖို့ ထိတ်လန့်နေပါတယ်။

ဒါကြောင့် ရာနဲ့ချီတဲ့ အောင်ဘာလေရွာသားတွေဟာ နေရပ်ကို မပြန်ဘဲ တခြား ပိုမိုလုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ခိုလှုံနေကြတယ်လို့ အောင်ဘာလေ ရွာခံတစ်ဦးက ပြောပါတယ်။

“အောင်ဘာလေရွာကို ပြန်ပါ-လို့ပြောတယ်။ ဒါပေမယ့် အောင်ဘာလေရွာကို အခု မပြန်ဘူးဆိုတာက အပြင်မှာ ရှာဖွေစားသောက်မယ်ဆိုရင်လည်းအန္တရာယ် ရှိတယ်၊ ပြီးတော့လည်း လုံခြုံမှုမရှိဘူးလို့ထင်တာပဲ။ အဲဒီတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အို အဖိုးအို၊ အဖွားအိုရှိတဲ့ မိသားစုအားလုံးကို ဒီကယ်ဆယ်ရေးစခန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ထွက်လာတာ။”

ဖားကန့်မြို့က ကယ်ဆယ်ရေးစခန်းကို ရောက်လာသူတွေထဲမှာ အောင်ဘာလေရွာကသာမက ကံဆီးနဲ့အခြားရွာက လူတွေပါ ပါဝင်ပြီး သူတို့ကို ဘာသာရေး၊ လူမှုရေးနဲ့ နိုင်ငံရေး အသင်းအဖွဲ့တွေက ကူညီထောက်ပံ့ပေးထားပါတယ်။

လောလောဆယ်မှာ ကံဆီးရွာမှာ ခိုလှုံနေတဲ့ အောင်ဘာလေရွာသား အနည်းဆုံး ၃ဝဝ လောက် ကျန်ရှိနေတယ်လို့လည်း KBC က အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလပ်ဆမ်ဆွန်က ပြောပါတယ်။

“အခု ၃၀၀ လောက်ရှိသေးတယ်။ တချို့ တောလမ်းကနေ မြို့ကိုရောက်တဲ့သူတွေ ရှိတယ်။ ဖားကန့်တို့၊ လုံးခင်းတို့ သွားကြတယ်။”

ဒီရက်ပိုင်းတွေအတွင်း ဖားကန့်ဒေသဖက်က စစ်ရှောင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာအကူအညီတွေ သွားပေးခဲ့တဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကတော့ သူတို့ မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကံဆီးမှာ camp တွေ လေးခုရှိတယ်ဗျာ။ လေးခုမှာ ဘုန်းကြီးကျောင်းမှာ ၄၀၀ ကျော်လောက်ရှိတယ်။ အဲဒီ ၄၀၀ ကျော်လောက်ကို ကျနော်တို့ မရောက်ခင်မှာပဲ ကားနဲ့တင်ပြီး အောင်ဘာလေဘက်ကို ပို့လိုက်တယ်ဆိုတာကို ကျနော်တို့ကြားရတယ်။ RC church မှာကျတော့ ၃၀၀ ကျော်၊ ၄၀၀ လောက်ရှိတယ်။ အဲဒါတွေလည်း ကျနော်တို့ရောက်တဲ့အချိန်ကျ မရှိတော့ဘူးဗျ။ နောက်တခါ လီဆူးမှာ ၈၀ ရှိခဲ့တယ်၊ မရှိတော့ဘူး-ကျနော်တို့ ရောက်တော့။ နောက်တခုက KCB Church မှာ ၇၀၀ ဆိုတာ ၄၀၀ လောက်ပဲ ကျန်တော့တယ်။ ဆန်ခါဂိတ်က ပိတ်ထားတော့ စစ်တပ်ရဲ့ထောက်ခံစာ မပါဘဲနဲ့ ပိတ်ထားတော့ လုံခင်းဘက်ကို သွားလို့မရဘူး။ ဖားကန့်ဘက်တို့ကိုလေ၊ အဲဒီတော့ ရွာသူရွာသားတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ တောလမ်းကဖြတ်တက်ပြီးတော့ပေါ့-အန္တရာယ်ကြားထဲက ဖြတ်သန်းပြီးတော့မှ သူတို့နီးစပ်ရာ ဆွေမျိုးသားချင်းရဲ့အိမ်တွေ၊ တချို့တွေ တနိုင်းဘက်ရောက်သွားတယ်ပြောတယ်။”

ဦးမြအေးက ဆန်ခါဂိတ်ကို ဖွင့်ပေးပြီး စစ်ရှောင်ရွာသားတွေကို လွတ်လွတ်လပ်လပ် သွားခွင့် ပေးသင့်တယ်လို့လည်း သုံးသပ်ပြောဆိုပါတယ်။

“အောင်ဘာလေဆိုတာ လုံးဝ ရှေ့တန်းစစ်မြေပြင်ဖြစ်သွားပြီ။ ကျနော့်အမြင်ကတော့ဗျာ၊ စစ်ပွဲကြားမှာ ပြည်သူလူထုက သားကောင်မဖြစ်စေချင်ဘူးလေ။ နောက်ပြီး ပြည်သူလူထုကိုတည်ပြီးတိုက်တဲ့ စစ်ပုံစံလည်း ကျနော်တို့က မဖြစ်စေချင်ဘူးလေ။ အဲဒီတော့ ကျနော်ထင်တာကတော့ ပြည်သူလူထုကို လုံခြုံဘေးကင်းတဲ့နေရာကို ဖယ်ပေးမယ့် လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ အများကြီးရှိတာပဲ။ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ္စယာန်ပဲ ဖြစ်ဖြစ် ရှိနေတာပဲဗျာ။ အဲဒီလူတွေကို လွတ်လွတ်လပ်လပ်သွားခွင့်ပေးပြီး လူတွေကိုဆွဲထုတ်ပြီးတော့မှ သူတို့ကို လုံလုံခြုံခြုံနေရာကို ပို့ပေးချင်တာ ပို့ပေးဖို့ကောင်းတယ်လို့ မြင်ပါတယ်။”

ဒီလ ၅ ရက်နေ့ကတော့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က တိုက်ပွဲတွေကြား ရောက်နေတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ပိုပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရွှေ့ပြောင်းခွင့် ပေးဖို့အပြင် ဒီလို လုံခြုံတဲ့နေရာတွေ ရောက်သွားရင်လည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်အောင် ခွင့်ပြုဖို့ တိုက်ပွဲနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံးကို ပန်ကြားထားပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ ဖြစ်ပွားတဲ့ ကချင်ပြည်နယ် ဖားကန့်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ဒေသတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒုကသည် (၄,၀၀၀) နီးပါးလောက် ထပ်မံတိုးမြင့်လာခဲ့ပါတယ်။ ၃ နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲကြောင့် ဒုက္ခသည် တသိန်းခွဲကျော်လောက်ဟာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေရာမှာ မူလက လာမယ့် ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ အခုချိန်ထိတော့ လက်မှတ်ရေးထိုးရေးဟာ အောင်မြင်မှုမရသေးပါဘူး။

XS
SM
MD
LG