သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဒုက္ခသည်တွေထံ ကုလ ဒုတိယအကြိမ် အကူအညီပို့


မြန်မာနိုင်ငံ မြောက်ပိုင်း၊ လိုင်ဇာမြို့ ဒုက္ခသည် စခန်းရှိ ကချင် ကလေး တစ်ဦး
မြန်မာနိုင်ငံ မြောက်ပိုင်း၊ လိုင်ဇာမြို့ ဒုက္ခသည် စခန်းရှိ ကချင် ကလေး တစ်ဦး

ကချင်ပြည်နယ် အတွင်း စစ်ပွဲဖြစ်တဲ့ ဒေသအတွင်း ဒုက္ခသည် တွေ အတွက် အရေး ပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ကူညီ ကယ်ဆယ်ရေး ပစ္စည်း တွေကို သွားရောက် ပို့ဆောင်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့ မနက် ဝိုင်းမော်မြို့နယ် ဆဒုံး မြို့နယ်ခွဲအတွင်းက ဒုက္ခ သည်စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ တုန်းက တစ်ကြိမ် သွားရောက် ကူညီ ကယ်ဆယ်ခဲ့ ဖူးပြီးတော့ ဒီ ဒုတိယအကြိမ် မြောက် ကယ်ဆယ်ရေး အစီအစဉ်မှာတော့ ဆဒုံးဒေသ ဘက်ကို လူ တထောင် အတွက် တလစာ စားနပ်ရိက္ခာ ပေးပို့ထားပြီး ဖြစ်ပါတယ်။ တရုတ်မြန်မာ နယ်စပ် ဒေသက မိုင်ဂျာယန် နဲ့ လွယ်ဂျယ် ဒေသ ဘက်ကိုလည်း ကယ်ဆယ်ရေး ယာဉ်တန်း တွေ ဒီကနေ့ ထွက်ခွာသွားပြီ လို့ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ရုံး ပြန်ကြားရေး အရာရှိက ပြောပါတယ်။ ဒါပေမဲ့လို့လည်း ဒုက္ခသည် ဦးရေက တစ်သောင်းလောက် ရှိနေတာ မို့လို့ လက်ရှိ လူ တစ်ထောင်စာ အတွက်သာ ပို့ဆောင် နိုင်တာက မလုံ လောက် သေးဘူး လို့ ကယ်ဆယ်ရေး အဖွဲ့တွေ က ပြောနေကြတာလည်း ရှိပါတယ်။


ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ (KIA) နဲ့ မြန်မာအစိုးရတပ်အကြား ၁၀ လ နီးပါးကြာ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်စတဲ့ ကချင်ပြည်နယ် က မြို့ကြီးတွေ ကို လူ နှစ်သောင်း ကျော်ထွက်ပြေး နေကြရသလို တရုတ် မြန်မာ နယ်စပ် ဒေသက ကေအိုင်အေ (KIA) ထိန်းချုပ်ရာ ဒေသ အတွင်းကိုလည်း လေးသောင်း ကျော်လောက် ထွက်ပြေး နေကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က မြို့ကြီးတွေပေါ် တိမ်းရှောင်သွားသူတွေကိုတော့ အစိုးရနဲ့ ကုလသမဂ္ဂ လက်အောက်ခံ ဌာနတွေ အပါအဝင် မြန်မာပြည်က လူမှုရေး၊ ဘာသာရေး ၊နိုင်ငံရေး အဖွဲ့အစည်း တွေက ကူညီထောက်ပံ နေကြပါတယ်။ တရုတ် မြန်မာ နယ်စပ်မှာရောက်ရှိနေသူတွေကိုတော့ ပြည်တွင်း နဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေ ရဲ့ ကူညီ ထောက်ပံ့တာတွေ မရတာကြောင့် လပေါင်း အတော်ကြာ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေကြ ရပါတယ်။

ဒီကနေ့မှာတော့ ကုလသမဂ္ဂ ရဲ့ လက်အောက်ခံဌာနတွေ ဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး (UNHCR)၊ ကုလသမဂ္ဂ လူသားချင်း စာနာမှု ကူညီရေးဌာန (UNOCHA)၊ ကုလသမဂ္ဂ ကလေး များ ရံပုံငွေအဖွဲ့ (UNICEF) စတဲ့ အဖွဲ့တွေရဲ့ ကူညီ ကယ်ဆယ်ရေး ယာဉ်တန်းတွေဟာ တရုတ် မြန်မာ နယ်စပ် ဒေသ ပဋိပက္ခဖြစ်ပွားရာဒေသအတွင်းက ဒုက္ခသည် စခန်းတခုဆီကို ရောက်ရှိ သွားပြီလို့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

"အဓိကကတော့ ဆဒုံးရယ်၊ လွယ်ဂျယ်ရယ်၊ မိုင်ဂျာယန်ရယ်ပေါ့။ ဆဒုံကတော့ စနေနေ့က ထွက်တဲ့ ယာဉ်တန်း က ရောက်သွားပြီဗျ။ ဒီနေ့ မနက်မှာဆိုရင် ထော်လာဂျီနဲ့ မိုင်ဂျာယန်ဒေသကို ယာဉ်တန်းတွေ ထပ်ထွက် သွားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဒီမြို့ပေါ်မှာ မဟုတ်တဲ့ ဒေသတွေပေ့ါ။ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေကို ရောက်အောင် ပို့တာပေါ့။"

ဝိုင်းမော်မြို့နယ် ဆဒုံးဒေသ အတွင်းက ဒုက္ခသည် စခန်းကိုတော့ ပထမ အသုတ်အနေနဲ့ လူ တထောင် စာ ဆန်၊ဆီ၊ ဆား စတဲ့စားနပ်ရိက္ခာနဲ့ စောင်၊ ခြင်ထောင်၊ တာလပတ်၊ ရေသန့်ဆေးစတာတွေကို ပေးပို့ ထားတာ ဖြစ်ပါတယ်။ ဒီကယ်ဆယ်ရေး ပစ္စည်းတွေကို ကုလသမဂ္ဂ နဲ့ ကချင် ပြည်နယ်က အဖွဲ့အစည်း တွေက ပူးပေါင်းပေးပို့တာဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ကတော့ ကယ်ဆယ်ရေး ပစ္စည်း တွေကို ဆက်လက် ပို့ဆောင်ဖို့ ရည်ရွယ်ထားပြီး ဒီအတွက် လိုအပ်ချက် တွေကိုတော့ ဦးအေးဝင်းက အခုလို ဆက်ပြောပါတယ်။

“ဒါပေမဲ့ ဒီဟာတွေကို ဆက်တိုက် ပို့နိုင်ဖို့က အရေးကြီးပါတယ်။ ဆက်တိုက် ပို့ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ အခြေအနေပေးမှသာ ပို့လို့ ရပါမယ်။ အခြေအနေကလည်း နယ်မြေ အခြေအနေ၊ လုံခြုံရေး အခြေအနေ စသည် ဖြင့်ပေါ့။ ရာသီဥတု အခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ စသည့်ဖြင့် ဒါတွေလည်း ပါတာပေါ့။ သွားတဲ့ ယာဉ်တန်းတွေ အန္တရာယ်မရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို ယာဉ်တန်း သွားနိုင်ဖို့ ဆိုတာ အဖက်ဖက်က ပူးပေါင်းဆောင်ရွက်ရပါတယ်။ အစိုးရဘက်ကကော၊ ကေအိုင်အို (KIO) ဘက် ကကော ပူးပေါင်းဆောင်ရွက်ရပါတယ်။ သူတို့ရဲ့ သဘောတူညီချက်လည်း လိုအပ်ပါတယ်။ အဲဒါမှလည်း အဆင် ပြေပြေသွားလို့ ရမှာပါ ခင်ဗျ။”

ဒီကနေ့ ကုလသမဂ္ဂ ယာဉ်တန်းဟာ တရုတ်မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၈ အနီး က စခန်းကို ရောက်ရှိလာကြောင်း KIO ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွဲပီဆာက ပြောပါတယ်။

"ယာဉ်တန်းတွေက သူတို့က မတ် ၂၄ ရက် ကနေ မြစ်ကြီးနားကနေ စထွက်တယ်။ ဟို ဆဒုံးမှာ အိပ်တယ်။ မနေ့က ဆဒုံးကနေ ပြန်ထွက်တော့ လမ်းက ကြမ်းတယ်။ မော်တော်ကား ကလည်း ခဏ၊ ခဏပျက်တော့ မနေ့ညက ဒီ ကျနော်တို့ ဒုက္ခသည် စခန်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ အိပ်ပြီးမှ ဒီမနက် ခြောက် နာရီကနေ သူတို့က စထွက်တယ်။ ကိုး နာရီကျော်မှာ ရောက်တယ်။ အခု ကျနော်တို့ ၁၂နာရီ နောက်ပိုင်းမှာ ပစ္စည်း ဝေပေးနေပြီ။"

ဆဒုံးမြို့နယ်ခွဲအတွင်းက ဒုက္ခသည်စခန်းမှာ လူဦးရေ ၄၀၀၀ ကျော်လောက်ရှိတယ်လို့ ဦးဒွဲပီဆာက ပြောပါတယ်။ ဒီကနေ ဗန်းမော်ကနေထွက်တဲ့ အခြား ယာဉ်တန်း တခုကတော့ မိုင်ဂျာယန်ကို မနြက်ဖန် လောက်မှ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဗန်းမော်က ထွက်မယ့် ယာဉ်တန်းဟာ ၂၄ ရက် နေ့မှာ ထွက်ဖို့ ရည်ရွယ်ထားပေမဲ့ မိုးမောက် မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေတာကြောင့် ဒီကနေ့မှ ထွက်နိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည် စခန်းအများစု ဟာ သွားလာရေး ခက်ခဲတာနဲ့ မိုးအကာ တွေ လိုအပ် နေတာကြောင့်မိုးတွင်းမှာ အခက်အခဲ ရှိနိုင်ကြောင်း ဦးဒွဲပီဆာက ပြောပါတယ်။

"လမ်းပန်းလည်း ခက်ခဲတယ်ဆိုတော့ မိုးတွင်းအတွက် ဘယ်လို လုပ်နိုင်မလဲ။ အဲဒါ အတွက် ကျနော်တို့ လည်း နည်းနည်း စိတ်ပူပန်တယ်။ လိုတာတော့ စားနပ်ရိက္ခာ နေရေးထိုင်ရေး၊ တဲဆောက်ဖို့ ပစ္စည်းတွေ၊ ဆေးဝါးတွေ ဒါတွေက အဓိက လိုတာ။ မိုးတွင်းအတွက် ပြင်ဆင်ဖို့ဆိုတော့ ဒီလမှာ ကျနော်တို့ လုပ်ရ မယ်ဆိုတော့ လုပ်ငန်း အဓိက ဖြစ်နေတယ်။ ဒါကြောင့် တဲတွေဘာတွေ ဆောက်ဖို့ဆိုလည်း အခု မိုးမကျ ခင် ဆောက်ဖို့ အစီအစဉ်တွေရှိတယ်။ ဒါပေမဲ့ အစစ အရာရာမှာ ခက်ခဲတော့ ကျနော်တို့ ရည်မှန်း ထားသလောက် တော့ မလုပ်နိုင်သေးဘူး။ အဲလိုတော့ အခက်အခဲရှိပါတယ်။"

ကုသမဂ္ဂ က အခုလို အရေးပေါ် အကူအညီ တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လအတွင်းက လိုင်ဇာမြို့ကို ပထမဆုံး ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအခေါက်ကတော့ မိသားစု ၈၀၀ ကျော် အတွက် ကူညီ ကယ်ဆယ် ရေး ပစ္စည်းတွေကို ထောက်ပံခဲ့တာဖြစ်ပါတယ်။

အခုအခါမှာ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ခြောက်သောင်း ကျော်ဟာ လယ်ယာ မစိုက်ပျိုးနိုင် တာကြောင့် သူတို့အတွက် ၂၀၁၃ ခုနှစ် ကုန်အထိ စားနပ်ရိက္ခာတွေ ကူညီ ထောက်ပံပေး ရမယ့် အခြေအနေ ရှိကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့တွေက သုံးသပ်ထားပါတယ်။

ကေအိုင်အေ (KIA) နဲ့ မြန်မာအစိုးရကြား မှာတော့ ၂၀၁၁ ခုနှစ် ဇွန်လ တိုက်ပွဲတွေ စတင်ပြီးတဲ့နောက်မှာ အနည်းဆုံး ခုနှစ် ကြိမ်လောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပေမဲ့ တိုက်ပွဲတွေဟာ ရပ်ဆိုင်းမသွားပါဘူး။ ဒီလ အတွင်း မှာပဲ တိုက်ပွဲပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့ပြီး နောက်လ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကိုလည်း ကချင်ပြည်နယ် က မဲဆန္ဒ နယ် ၃ နယ်မှာ လုံခြုံရေး အခြေအနေ ကြောင့် ရက်ရွှေ့ ဆိုင်း ထား ရပါတယ်။ ဒီရက်ပိုင်း အတွင်းမှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေ တွေကြောင့် ဒုက္ခသည်တွေ အိမ်ပြန်ရမယ့် အရေးဟာလည်း လှမ်းဝေးနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG