သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်စခန်းများ ရိက္ခာခေါင်းပါး


လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။
လိုင်ဇာအနီးက ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။
ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး သောက်သုံးရေ ပြတ်လပ်မှုတွေ နဲ့ကြုံနေရပါတယ်။ မိုးဦးကာလ စခန်းတွင်း နေစရာ အခက်အခဲတွေ လည်း ကြုံနေရ သလို ဒုက္ခသည်တွေထဲမှာ ဝမ်းပျက် ဝမ်းလျော၊ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်နေ ပြီး အကူအညီတွေဟာလည်း မရသလောက် နည်းပါး လာနေပါတယ်။ ကချင် လက်နက်ကိုင်တပ် နဲ့ မြန်မာစစ်တပ်ကြားလည်း ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေတွေတင်မဟုတ်ဘဲ အစိုးရထိန်းချုပ်ရာနယ်မြေတွေမှာ ရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ အခုချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကချင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ကြုံနေရပြီးတော့ မိုးဦးလေဦး ကာလမှာ နေစရာအခက်အခဲတွေနဲ့ပါ ကြုံနေရတယ်လို့ ဒေသတွင်းမှာ ကချင်အရေး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့ရဲ့ အဖြစ်သဘောမိုးထားတဲ့ အမိုးအကာတွေက အကုန်လွင့် သွားတယ်။ နေရာတိုင်းမှာ အဲ့ပြဿနာတွေကဖြစ်နေတယ်။ ဒီရာသီမှာကျတော့ အကူးအပြောင်းကာလမှာ ကျန်းမာရေးကလည်း နဂိုကမှ အာဟာရကလည်း မပြည့်စုံတဲ့ အခါကျတော့ အာဟာရချို့တဲ့ တဲ့ အတွက် နောက်ဆက်တွဲပြဿနာတွေ က ကျန်းမာရေးပြဿနာတွေဖြစ် လာတယ်။ သူတို့မှာ အားရှိတဲ့အစားအစာတွေက သိပ်မစားရဘူးလေ။ ထမင်းလောက်ပဲစားရတယ်။ တခြားအလုပ်ကလည်း အပြင်မှာ သွားလုပ်ဖို့က သူတို့မှာ သိပ်မလွယ်လှဘူး။ အဲ့လို ဖြစ်တဲ့အခါကျတော့ အဓိကကတော့ ကျန်းမာရေးအတွက် အရမ်းလိုအပ် တယ်။ နေရာတိုင်းမှာ ရောဂါတွေဖြစ်တာ များတယ်ပေါ့နော်။”

ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း လေးဆယ်ကျော်နဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေဖြစ်တဲ့ မြစ်ကြီးနားမြို့နားက ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပြီး ဆေးဝါးပြတ်လပ်မှုတွေနဲ့ကြုံနေရ တယ်လို့ ကချင်သတင်းစဉ် အယ်ဒီတာချုပ် ကိုနော်ဒင်းကပြောပါတယ်။

“ ကေအိုင်အိုဒုက္ခသည်စခန်းနော်၊ ဝိုင်းမော်မြို့နယ် ဒုက္ခသည်စခန်း တရုတ်နယ်စပ်အနီး ဇိုင်းအောင် ဒုက္ခသည်စခန်းဆိုရင်လည်း ဝမ်းပျက်၊ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အဲ့တာတွေက မိုးတွင်းစလာပြီ၊ မိုးလည်း ရွာနေပြီဆိုတော့ အကြီးအကျယ်ဖြစ်နေတာတွေ့ရတယ်။ သို့သော်လည်းပဲ ဆေးဝါးတွေက ကုန်နေတယ်နော်။ ထပ်ပြီးမှ လည်း ဆေးဝါးကူညီတဲ့ အဖွဲ့လည်း မရှိသေးဘူးဆိုတော့ အခြေအနေက အတော်လေး ဆိုးနေတာတွေ့ရတယ်။ အဲ့ဒီ့ဇိုင်းအောင်ဒုက္ခသည် စခန်းတင် မဟုတ်ပါဘူး။ ဒီကေအိုင်အိုထိန်းချုပ်တဲ့ဒေသမှာရှိတဲ့ စုစုပေါင်း ဒုက္ခသည်စခန်းက လေးဆယ်ကျော်လောက်ရှိတယ်။ အဲ့ဒီ့စခန်းတွေအားလုံးဟာ အဲ့လိုမျိုး ပြဿနာတွေ တကယ်ပဲ အရေးပေါ်ကို လိုအပ်နေတယ်ဆိုတာ ကျနော်တို့တွေ့ရပါတယ်။”

အခုအချိန်ဟာ ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန် စခန်းထဲက ဒုက္ခသည်တွေ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါး၊ အသုံးအဆောင် ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။ စခန်းတွေရှိရာကို သွားတဲ့လမ်းကြောင်းတွေမှာလည်း ပိတ်ဆို့ ဟန့်တားမှုတွေရှိတာမို့ ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့ပစ္စည်းတွေကို ကုလသမဂ္ဂအပါအဝင် NGO အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အလှူရှင်တွေဆီကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ကြုံနေရ တယ်လို့ သိရပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးမှုတွေ နည်းလာလို့ အခုလို ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံ လာရတာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“ကူတဲ့သူကလည်း သိပ်များများစားစားတော့မဟုတ်ဘူး၊ တနိုင်တပိုင်၊ သူတို့ရပ်ရွာက တတ်နိုင်သလောက်၊ အဲ့လိုမျိုး ကောက်ပြီးတော့ ပေးကြတယ်။ အဲ့လောက်ပဲ ကူနိုင်တာပါ။ ဒုက္ခသည်က တစ်သိန်းကျော်တယ်လေ။ တနေရာမှာ ကြည့်နိုင်ရင်လည်း မကြည့်နိုင်တဲ့နေရာက ပိုများတယ်။ ပင်လယ်ပြင်ထဲမှာ ရေတပုံးလောင်း လိုက်သလိုပါပဲ၊ ဘာမှ ထိရောက်မှုတော့ မရှိဘူး။ ဒီလိုင်ဇာဘက်မှာ UN တို့ ဘာတို့ ဝင်လာတာကလည်း တစ်ခေါက်၊ နှစ်ခေါက်လောက်ပဲ။ ဒါတောင် လိုင်ဇာပတ်ဝန်းကျင်မှာမို့လို့၊ တခေါက်၊ နှစ်ခေါက်လောက် ဝင်လာတာ။ တခြားနေရာတွေမှာတော့ မရောက်နိုင်ဘူး။ ပြီးတော့လည်း ကြက်ခြေနီပေါ့နော်။ သူတို့တွေ လာတာတောင်မှ လမ်းမှာ နည်းမျိုးစုံနဲ့ တားဆီးခံနေရတာတွေရှိတယ်။ ဒါကြောင့် ဒုက္ခသည်စခန်းထဲကို ရောက်လာဖို့က အတော်ခက်ခဲပါတယ်။”

ကချင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်မြန်မာနယ်စပ်အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင် အပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံတွင်းမှာ တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ ဧပြီလကစပြီး တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ နှောင့်နှေးနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ ကချင်တပ်နဲ့ မြန်မာစစ်တပ်ကြား ပြန်ပြီး စစ်ရေးတင်းမာမှုတွေရှိလာနေပါတယ်။

အခုဖြစ်နေဆဲ ကချင်စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ နှစ်ဖက်စလုံးက အမှန်တကယ် ယုံကြည်မှု တည်ဆောက်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ကြဖို့ကို ကချင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေက လိုလားနေတာဖြစ်ပါတယ်။
XS
SM
MD
LG