သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အပစ်ရပ်ဆိုင်းတပ်ကြေညာချက် ငြိမ်းချမ်းရေး မျှော်လင့်


အစိုးရနဲ့ NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၂၀၁၈ အောက်တိုဘာလ)

ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ဌာနချုပ် ၅ ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆောင်ရွက်မယ်လို့ တပ်မတော်က ကြေညာထားတဲ့အပေါ် ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူအများစုက ကြိုဆိုလိုက်ပြီး တချို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှည်ကြာနေတဲ့အပေါ်သံသယနဲ့စောင့်ကြည့်နေပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအ၀င် ရှမ်းပြည်နယ်က စစ်တိုင်း ၄ တိုင်းနယ်မြေတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းပြီး NCA ခေါ်အပစ်ရပ်စာချုပ် ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှာဖြစ်ကြောင်း ဒီလ ၂၁ ရက်နေ့မှာ တပ်မတော်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်အပေါ်မှာ စစ်ရှောင်ပြည်သူအများစုက ကြိုဆိုကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေ ဝေကြိုင်စခန်းက စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ ပြည်သူလူထုတွေက အဲလိုမျိုးအပစ်အခတ် ရပ်စဲရေးဆိုတော့ ၀မ်းသာတာပေါ့လေ။ အားလုံးက ပြေလည်သွားရင် ပိုပြီးတော့မှ ကောင်းတာပေါ့။ ပြည်သူလူထုက အများကလည်း အဲလိုအသံကြားရတဲ့အခါ အားလုံးက ၀မ်းသာတဲ့အသံတွေများပါတယ်။”

ကချင်ပြည်သူအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပြီး အခုလို ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်အခါမှာ ဒီသတင်းစကားကို ကြားသိရတာကြောင့် ပိုပြီးတော့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်တချို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပေမဲ့ အကောင်အထည်ပေါ်မလာတဲ့အပေါ် အားမရတာတွေ ရှိနေပါတယ်။ ၀ိုင်းမော်မြို့နယ် မိုင်းနားစခန်းက စစ်ရှောင်အမျိုးသမီးတစ်ကတော့ သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“ ကျမတို့ရဲ့ မျှော်လင့်ချက်ကတော့ ငြိမ်းချမ်းရေးက အားလုံး မက်မောတဲ့အရာ မျှော်လင့်နေတဲ့အရာဆိုတော့ လိုလည်း လိုချင်တယ်။ ဖြစ်လည်း ဖြစ်လာစေချင်တယ်လေ။ အိမ်ပြန်ဖို့ကျနေတာ့လည်း အားလုံးက ပြန်ချင်နေပြီ။ ငြိမ်းချမ်းရေးမရရင်ကော၊ ရရင်ကော။ အထူးသဖြင့် ရရင်တော့ ပိုကောင်းတာပေါ့။ မရရင်လည်းပဲ ဒီလောက်ကြာပီဆိုတော့ ပြန်ချင်ကြပြီလေ။ နှစ်ဘက်အဖွဲ့အစည်းတွေ မြန်မြန်ငြိမ်းချမ်းရေးရပြီး ပြန်ရဖို့ကတော့ ဆုတောင်းတိုင်း ထည့်ဆုတောင်းတာပေါ့။ အခုကတော့ ကျမတို့လည်း ကြာလာတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း ခန ခန လုပ်နေတဲ့အခါကျတော့ ကျမတို့လည်း မျှော်သာမျှော်တာ သိပ်ပြီးတော့ အရင်လိုလည်း ရပါ့မလားဆိုတဲ့သံသယနဲ့ ဒီလိုပါပဲ။”

စစ်ရှောင်အများစုဟာ ၂၀၁၁ ခုနှစ်မှာ တကျော့ပြန်ပြန်လည်ဖြစ်တဲ့ စစ်ပွဲကြောင့် တိမ်းရှောင်နေရသူတွေဖြစ်ပါတယ်။ တချို့တွေဟာ နေအိမ်တွေ မီးလောင်ပျက်စီးသွားပြီဖြစ်တာကြောင့် အိမ်ပြန်ရင်လည်း အခက်အခဲတွေ ရှိနေကြောင်း ပြောပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာကြေညာချက်ကို စစ်ရှောင်ကချင်ပြည်သူတွေသာမက NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေရော၊ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေကပါ ကြိုဆိုထားပါတယ်။

ဒီကြေညာချက် ထုတ်ပြန်ပြီး ၃ ရက်အကြာမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပထမဆုံး တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ကြောင်း NCA လက်မှတ် မရေးထိုးသေးတဲ့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှုး တာ့အိုက်ကျော်က ပြောပါတယ်။

“ ဒီနေ့ မနက် ကွတ်ခိုင်အနောက်ဖက်ထဲမှာ ရှိတဲ့ ကျနော်တို့ တပ်နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတယ်လို့ ပြောတယ်။ တောထဲမှာရှိတဲ့ ကျနော်တို့ အခြေချထားတဲ့ တပ်စခန်း ဆီကို ဦးတည်ပြီးတော့ မြန်မာ့တပ်မတော်စစ်ကြောင်း လှုပ်ရှားလာတဲ့အတွက်ကြောင့် အဲဒီမှာ တိုက်ပွဲဖြစ်ကြတာပါ။ တိုက်ပွဲကတော့ မပြင်းပါဘူး။ပစ်ကြခတ်ကြ နာရီဝင်လောက်အကြာမှာ မြန်မာ့တပ်ဘက်ကလည်း ပြန်ဆုတ်သွားတယ်။ ကျနော်တို့ဘက်ကလည်း ဖယ်သွားတော့ တိုက်ပွဲက ပြီးသွားပါတယ်။ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်သလားဆိုတာက စောင့်ကြည့်နေဆဲဖြစ်ပါတယ်။”

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ကွတ်ခိုင်မြို့နယ် ရွှေမော်ကျေးရွာအနီးဖြစ်ပြီး တခြားနေရာတွေမှာတော့ တိုက်ပွဲဖြစ်တာ ဒါမှမဟုတ် အစိုးရတပ်ဘက်က ရုပ်သိမ်းတာ စတဲ့ ထူးခြားချက်တွေတော့ မရှိသေးကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် ပလက်ဝဒေသဖက်မှာလည်း ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်အဖွဲ့ကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း စစ်ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေကြရပါတယ်။

တချိန်တည်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကချင်နဲ့ ရှမ်းပြည်နယ်သာမက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ကို တောင်းဆိုတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG