သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အရေးယူဖို့ ကချင်လူမှုအဖွဲ့တောင်းဆို


ကချင်ဆရာမလေးနှစ်ဦး နောက်ဆုံးနေထိုင်သွားရာ အခင်းဖြစ်ပွားတဲ့အခြေအနေ အညွန်း (ဓာတ်ပုံ- Lachid Kachin's FB)
ကချင်ဆရာမလေးနှစ်ဦး နောက်ဆုံးနေထိုင်သွားရာ အခင်းဖြစ်ပွားတဲ့အခြေအနေ အညွန်း (ဓာတ်ပုံ- Lachid Kachin's FB)

ရှမ်းပြည်နယ်တွင်းမှာ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ဒေသခံပြည်သူတွေ ခံနေရတာတွေနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရဆီမှာ တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့အရေးယူမှုမရှိတဲ့အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဆီ အကြောင်းကြားစာပေးပို့ပြီး ဖြေရှင်းပေးဖို့ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်နဲ့ ရန်ကုန် ကချင်ငြိမ်းချမ်းရေးကွန်ယက်တို့ ပူးပေါင်းတောင်းဆိုလိုက်ကြပါတယ်။ ကချင်စေတနာ့ဝန်ထမ်းဆရာမလေးနှစ်ဦး အသတ်ခံရတဲ့နေ့ကစလို့ ၄၅ ရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အနီးတဝိုက် ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရန်ကုန်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြတာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမနှစ်ဦးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ည သန်းခေါင်ယံလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ရက်ကနေစလို့ ၄၅ ရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် အနီးတဝိုက်မှာ ဒေသခံပြည်သူတွေ ကြုံတွေ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက မှတ်တမ်းယူ စစ်တမ်းကောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုမျိုးဒေသခံတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်ဆိုတာကို ရှမ်းပြည်နယ် အစိုးရဝန်ကြီးအဖွဲ့ကို အကြောင်းကြားခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူမှုမရှိခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သိရှိစေဖို့ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်နဲ့ ရန်ကုန် ကချင်ငြိမ်းချမ်းရေးကွန်ယက်တို့က စာပေးပို့ တောင်းဆိုလိုက်တယ်လို့ ရှမ်းပြည်နယ်ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က ကိုအိုင်ဇက်အောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြည်သူတွေ လိုလားချက် အချက်(၃)ချက်နဲ့ တင်ပြထားပါတယ်။ ပထမဆုံးအချက်အနေနဲ့ကတော့ ကျနော်တို့ပြည်သူတွေနေတဲ့ ကျေးရွာ၊ ရပ်ကွက်၊ မြို့တွေမှာ တိုက်ပွဲမဖြစ်ပွားအောင်၊ တကယ်လို့များ မလွှဲ မရှောင်သာ ဖြစ်ပွားခဲ့ရင်လည်း ကျနော်တို့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရအောင် ဆိုပြီးတော့မှ အဲ့တာ အချက် တစ်ချက်ဖြစ်တယ်။ နောက် ဒုတိယအချက်အနေနဲ့ကတော့ ပြည်သူ ပြည်သားတွေကို ညှင်းပမ်းနှိပ်စက်မှု၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက် မှုတွေကို မပြုလုပ်ဖို့ပေါ့။ နောက်ပြီး နံပတ်သုံး အချက်အနေနဲ့ကတော့ ပြည်သူတွေရဲ့ ပစ္စည်းယူငင်သွားမှု၊ ညှင်းပမ်းနှိပ်စက်မှုတွေကို တရား ဥပဒေအတိုင်း အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျနော်တို့ အချက်သုံးချက်ကို ပြည်သူတွေ လိုလားတဲ့ အချက်ကို တင်ပြတာဖြစ်ပါတယ်ခင်ဗျ။”

ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ ပစ္စည်းအတင်းအဓမ္မယူငင်မှု၊ အနိုင်ကျင့်စော်ကားမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့လည်း ရှမ်းပြည်နယ်ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်တာဝန်ခံကရှင်းပြပါတယ်။

“ကျနော်တို့ (၄၅) ရက်အတွင်းပေါ့ (၁၉) ရက် (၁) လကနေ (၃) ရက် (၃) လ ၂၀၁၅ အထိ၊ ဒီ (၄၅) ရက်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြခြင်းဖြစ်ပါတယ်ဗျ။ လူ့အခွင့်အရေးချိုးဖောက်မှု (၈) မျိုးကို တင်ပြပါတယ်။ တခုက ပြည်သူတွေရဲ့ ပစ္စည်းယူငင်မှု၊ အဓမ္မယူငင်မှုပေါ့။ နောက်တခုကျတော့ ပရမ်းပတာ ပစ်ခတ်မှု၊ ပရမ်းပတာ ဖမ်းဆီးမှု၊ မုဒိမ်းမှု၊ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နောက်ပြီးတော့ ပေါ်တာ ၊ လူသတ်မှု အဲ့တာတွေကို ကျနော်တို့က အဓိကထားပြီး ပြောပြတာဖြစ်ပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်တွင်း မြန်မာစစ်တပ်ဘက်က စစ်ကြောင်းချီရာလမ်းနဲ့ စစ်စခန်းချရာနေရာအနီးတဝိုက်က ကျေးရွာတွေထဲ ဝင်ရောက် ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ကိုအိုက်ဇက်အောင်က ရှင်းပြပါတယ်။

“တပ်မတော်စစ်ကြောင်းတွေ ချီတက်လာရင် ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်တယ်။ အဲ့ဒီ့အချိန်မှာ တပ်မတော်က နေပြီးတော့မှ ကားပေါ်ကဆင်းပြီး ကျေးရွာမှာရှိတဲ့ လူအိမ်ခြေတွေ၊ နောက်ပြီးတော့ ကလေးတွေရှိတဲ့နေရာတွေ သူတို့က အမြောက်ကျည်နဲ့ ပစ်တယ်။ နောက်ပြီးတော့ သေနတ်ငယ်တွေနဲ့ပစ်တယ်။ ကျနော်တို့ မူဆယ်ခရိုင်တင်မကဘူးခင်ဗျ။ မြို့နယ် လေးမြို့နယ်လောက်ဖြစ်ပါတယ်။ တခုက နမ္မတူမြို့နယ်၊ သိန္ဒီမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နောက်ပြီးတော့ မူဆယ်မြို့နယ်ပေါ့ အဲ့ဒီ့မြို့နယ်လေးမြို့နယ်မှာ အဓိက ဖြစ်ပွားတယ် ဆိုတာက လောက်ကိုင်ဘက်က တပ်မတော်က စစ်ကြောင်းချီတက်တဲ့အချိန်မှာ အဲ့ဒီ့စစ်ကြောင်းဖြတ်သွားတဲ့ရွာတွေမှာ ဖြစ်ပျက်တာ ဖြစ်ပါတယ်ဗျ။”

ရှမ်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ပြည်နယ်အစိုးရအဆင့်ဆင့် တာဝန်ရှိသူတွေကို တင်ပြအစီရင်ခံပေမဲ့ အကြောင်းပြန်ကြားမှုမရှိတဲ့အတွက် အခုလို နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံအထိ စာပေးပို့တင်ပြသလို ပြည်သူနဲ့ သတင်းမီဒီယာတွေသိရှိအောင် အစီရင်ခံတင်ပြရတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်ကဆိုပါတယ်။

ဒီလို တိုင်းရင်းဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတော်အစိုးရအနေနဲ့ အရေးတကြီးကိုင်တွယ်ဖြေရှင်းပေးဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေသလိုပဲ ကချင်ဆရာမ(၂)ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတဲ့ အမှုအပါအဝင် ကချင်ပြည်နယ်တွင်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း အရေးယူပေးရေး မြန်မာအစိုးရကို အမေရိကန်အစိုးရအနေနဲ့ ဖိအားပေးဖို့ Kachin Alliance ခေါ် ကချင်မဟာမိတ်အဖွဲ့က တောင်းဆိုခဲ့တဲ့အတွက်အမေရိကန်အစိုးရဘက်ကလည်း မြန်မာအစိုးရကို ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တရားမျှတမှုရှိရှိနဲ့ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပါလို့ ဖိအားပေး တိုက်တွန်းနေချိန်လည်းဖြစ်ပါတယ်။ ကချင်ဆရာမနှစ်ဦးကို သတ်ဖြတ်တဲ့ အမှုကို ဖော်ထုတ်နိုင်ဖို့ အတွက် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲက အုပ်ချုပ်ရေးမှုး၊ မြို့နယ် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နဲ့ မူဆယ်က ကချင်နှစ်ခြင်းခရစ်ယာန်တော်တို့က တာဝန်ရှိသူတွေ ပူးပေါင်း စစ်ဆေးနေမှုတွေပြုလုပ်ခဲ့ပေမယ့် အခုအချိန်အထိတော့ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG