သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ KIA ကြား တိုက်ပွဲဆက်ဖြစ်


KIA စခန်းတခုကို မြန်မာအစိုးရတပ်တွေ ဝင်ရောက်စီးနင်းမီးရှို့နေပုံ - (ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
KIA စခန်းတခုကို မြန်မာအစိုးရတပ်တွေ ဝင်ရောက်စီးနင်းမီးရှို့နေပုံ - (ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေဟာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ကချင်တပ်တွေရဲ့ စခန်းတချို့လည်း လက်လွတ်ဆုံးရှုံးခဲ့ရသလို မြန်မာစစ်အစိုးရတပ်တွေရဲ့ ယာဉ်တန်းတွေလည်း ခြုံခိုတိုက်ခိုက်ခံနေရပါတယ်။ ကချင်ပြည်နယ် မန်စီနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းဘက်မှာတော့ ဒုက္ခသည် ၂ ထောင်လောက်ဟာ တရုတ်နယ်စပ်မှာ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေရာကနေ ဧပြီလ ၁၅ ရက်နေ့မှာတော့ ဗန်မော်ခရိုင် မိုးမောက်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ Al Jazeera သတင်းဌာနအတွက် သတင်းယူနေတဲ့ ဦးဂျွန်စံလင်းက အခုလို ပြောပြပါတယ်။

“စဖြစ်တာကတော့ ၁၀ ရက်နေ့ ညနေလောက်ကတည်းက စ ဖြစ်တာ။ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်ပေါ့၊ ဒီနေ့ဆိုရင် ၁၅ ရက်တောင် ရှိပြီ။ နေ့တိုင်းလိုလို ဖြစ်နေကြတာ။ ဒီနေ့မနက်ကတော့ ၉ နာရီကျော် ၁၀ နာရီလောက်ကနေ စပြီးတော့ တိုက်ပွဲတွေဖြစ်တယ်။ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ပေါ့။ ဒေသကတော့ နမ့်ဆိုင်းပေါ့နော်။ ကြားက ဘယ်ကြားလဲဆိုတော့ ကျောက်စခန်းနဲ့ လော်ဒန်ကြားက နမ့်ဆိုင်းရွာပေါ့ အဲ့ဒီနားမှာ ဖြစ်ကြတာ။ ဒီနေ့မနက်က ၁ နာရီကျော်ကျော်လောက်ကို တိုက်ပွဲအကြီးအကျယ် ထ ဖြစ်တယ်ပေါ့။”

မေး။ ။ စခန်းတွေ ဘာတွေ ကျတာတွေရောရှိလား။
ဖြေ။ ။ “စခန်းကတော့ အရင်က KIA နဲ့ ဗမာအစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ ဟိုဟာပေါ့နော့်။ အသိအမှတ်ပြုထားတဲ့နေရာပေါ့။ KIA ပိုင်တဲ့ လယ်ကွင်းတွေနဲ့ အဲ့ဒီက post တခု သိမ်းသွားတယ်တဲ့ စစ်တပ်က။”

မေး။ ။ အင်အားကရောများလား။
ဖြေ။ ။ “အင်အားကတော့ သူတို့ ၁၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က အရာရှိအပါပေါ့နော် မနက်က ၃ ယောက်ကျတယ်လို့ ပြောတယ်။”

မေး။ ။ ကချင်ဘက်ကကျတာလား။ မြန်မာဘက်ကကျတာလား။
ဖြေ။ ။ “မြန်မာဘက်ကကျတာ။”

မေး။ ။ စစ်ကူအတွက်လာတဲ့ စစ်ကားတွေကိုလည်း ဒီ KIA ဘက်ကနေပြီး ခြုံခိုတိုက်ခိုက်ပြီးတော့ ဖောက်ခွဲတယ်လို့လည်းပြောတယ်။ အဲ့ဒါတွေကရော ဟုတ်လား။
ဖြေ။ ။ “အဲ့ဒါတွေကတော့ ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ လူဝင်လာလို့ရှိရင်တော့ ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ကိုယ့်နယ်မြေထဲ ဝင်လာတဲ့သူကတော့ သူတို့အကြောင်းမကြားရင်ကတော့ သူတို့လက်မခံရင်ကတော့ ဒါ တိုက်ပွဲတွေကတော့ ဖြစ်နေမှာပါပဲ။”

မေး။ ။ ဆိုတော့ အဲ့လိုမျိုး စစ်ကားတန်းတွေ ဖောက်ခွဲခံရတာ ဘယ်နှစ်စီးလောက်များ ရှိပြီလဲ။
ဖြေ။ ။ “ကျနော်သိရသလောက်ဆိုရင် အားလုံးပေါင်းက ၄ စီးလောက်တော့ ရှိပြီ။”

မေး။ ။ အဲတော့ အခုလက်ရှိ အခြေအနေမှာက တိုက်ပွဲဖြစ်တာက မြန်မာအစိုးရဘက်ကနေပြီးတော့ စစ်အင်အားတွေ တိုးချဲ့လို့ဖြစ်တာလား။ ဒါမှမဟုတ်ရင် ဒီလိုပဲ နှစ်ဘက်ရင်ဆိုင်ပြီးတော့ ဒီလိုမျိုး သူ့နယ်မြေ၊ ကိုယ့်နယ်မြေ နေရင်းနဲ့ ဖြစ်ကြတာလား။ ဘယ်လိုမျိုးကြောင့်ဖြစ်ကြတာလဲ။
ဖြေ။ ။ “KIA နယ်နမိတ်ထဲကို သူတို့ စစ်အင်အားတိုးချဲ့လို့ ဒါ သူတို့ ခြုံခိုတိုက်ခိုက်ခံထိတာတို့ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပဲလေ။ စစ်အင်္ဂါတခုမှာဆိုရင်။ ဗမာဘက်ကတော့ အကျအဆုံးပိုများတယ်။ ကျနော် ဒီအပိုင်းမှာကြည့်တာဆိုရင် ဗမာဘက်ကဆိုရင် ဒီမန်ဝိန်းဘက်မှာ ကျတာပေါ့နော်။ တပ်မ ၈၈ က ဝင်လာပြီး KIA တပ်စခန်းဖြစ်တဲ့ ၂၇ ကို သူတို့ ဝိုင်းစီးနင်းတဲ့အခါမှာ သူတို့ အကျအဆုံးကတော့ ကျနော်ကြားသိရသလောက်ကတော့ ၄၀ ပတ်ဝန်းကျင်လောက်လို့ ကြားတယ်။ အရာရှိငယ်၊ အရာရှိကြီးတွေလည်း ပါတာပေါ့။”

မေး။ ။ ဒုက္ခသည်တွေကတော့ ဒါဆို ပြေးနေရတုန်းပဲပေါ့ အခုက။
ဖြေ။ ။ “ဗမာဘက်က သူတို့ကို ဒုက္ခသည်တွေကို ပြန်လာရင်ပြန်လာ၊ မပြန်လာလို့ရှိရင် ပြောင်းခင်းတွေပေါ့။ အခုက ပြောင်းနဲ့ ကြံနဲ့ စိုက်တဲ့အချိန်လေနော်။ ဆိုတော့ အဲ့ဒါတွေ ပြန်မလာဘူးဆိုရင် ပြောင်းခင်းတွေ၊ ကြံခင်းတွေကို မီးရှို့ပစ်မယ်ဆိုပြီးတော့ သူတို့ကို ခြိမ်းခြောက်တယ်တဲ့။ အဲ့ဒါတွေ ကျနော့်ကို ပြောပြကြတယ်။ မနေ့ကပဲ ဘန့်ခမ်းဆိုတာ ကျနော် အဲဒီဘက်က ပြန်လာတာ။ ဒုက္ခသည်အခြေအနေက ဘယ်လိုရှိသလဲဆိုရင် တရုတ်က သူတို့ တရုတ်ပြည်ဘက်အခြမ်းမှာ နေခွင့်တော့ ပေးတယ်ပေါ့နော်။ ဒါပေမဲ့ လုံးဝကို စားဝတ်နေရေး၊ ကျန်းမာရေး ဘာမှကို ပေးတာမျိုးမရှိဘူး။ အဲ့ဒီဘက်ကတော့ ဒုက္ခသည်တွေဘက်ကို စားရေးသောက်ရေး အခက်အခဲတွေ ရှိတာကို ကျနော် တွေ့ခဲ့ရတယ်။”

လက်ရှိမှာတော့ ကချင်နဲ့ ရှမ်းဒုက္ခသည် ၂၀၀၀ လောက်ရှိနေပြီး ထွက်ပြေးနေရဆဲမို့ အရေအတွက် မှန်းလို့မရနိုင်သေးကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေါ်နန်းဘောက် က ဆိုပါတယ်။
(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)

“မဒပ်ယန်စခန်းကနေပြီးမှ မန်ဝိန်းကြီးဒုက္ခသည်စခန်းကို ပြောင်းတာနဲ့ဆိုရင် နမ့်ခမ်းတို့ ဘာတို့ တောင်ပေါ်ကဆိုရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်နီးပါးပဲ။ ထွက်ပြေးတိမ်းရှောင်နေတုန်းဆိုတော့ အကုန်လုံး အချက်အလက် အမှန်က မရနိုင်ဘူး။”

ဒါကတော့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်းနေတဲ့ အခြေအနေပါ။ ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲဖို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ဆွေးနွေးပွဲတွေမှာ အဓိက ဦးဆောင်ပါဝင်တဲ့ KIA ကချင်တပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ဝါရှင်တန်မြို့ Johns Hopkins တက္ကသိုလ် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာဌာနမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ဖို့ရှိပါတယ်။ မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာနဲ့ လက်ရှိ ကချင်ပြည်နယ်တွင်း အခြေအနေတွေကို ဗိုလ်ချုပ်ဂွမ်မော်က ရှင်းလင်းဆွေးနွေးမှာဖြစ်တယ်လို့ CSIS က ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG