သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်းမြို့ အနီး တိုက်ပွဲ ထပ်မံဖြစ်ပွား


မိုးညှင်း တိုက်ပွဲဖြစ်ပွားနေရာပြမြေပုံ။
မိုးညှင်း တိုက်ပွဲဖြစ်ပွားနေရာပြမြေပုံ။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက အစိုးရတပ်ကနေ ကချင်တပ်ဖွဲ့ တပ်စခန်းတွေ ရှိရာဖက်ကို လက်နက်ကြီးတွေနဲ့ တနာရီကျော်လောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် မြို့အတွင်းမှာ အထိတ်တလန့်ဖြစ်ကြပြီး ကျောင်းတွေ ယာယီ ပိတ်ထားလိုက်ရပါတယ်။ နေ့ခင်းပိုင်းမှာတော့ ပစ်ခတ်တာတွေ ရပ်ဆိုင်း သွားခဲ့သလို အခြေအနေဟာ ပုံမှန်ပြန်ဖြစ် လာပြီလို့လည်း မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ တဦးက ပြောပါတယ်။ ကချင်ပြည်နယ်က အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

မိုးညှင်းမြို့အနီး ပစ်ခိုက်တိုက်ခိုက်တာတွေဟာ ဒီလ ၁၅ရက်နေ့လောက်က စတင်ခဲ့ရာက ၁၆ရက်နေ့မှာတော့ လေကြောင်းက ပါ ပစ်ခတ် တိုက်ခိုက်တဲ့အထိ ပြင်းထန်ခဲ့ပြီး နောက်ရက်ပိုင်းတွေမှာတော့ အခြေအနေဟာ ငြိမ်သက်နေခဲ့တာပါ။

ဒီကနေ့မနက်မှာတော့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်လည်စတင်လာတာကြောင့် မိုးညှင်းမြို့မှာ အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“၉ နာရီ ၁၅ လောက်ကနေစပြီး ချနေကြပြီ။ လက်နက်ကြီးသံတွေပဲကြားနေရတာ ဘယ်ဘက်က ဘယ်လို ပစ်တယ်ဆိုတာ ကိုယ်က မသိဘူးလေ။ မြို့နဲ့ ၃ မိုင်လောက်ဝေး တာကြီးကို။ လက်နက်ကြီးအသံတွေက အခုအချိန်အထိ ၅ မိနစ် တကြိမ် ၊ ၁၀ မိနစ်တကြိမ် ကြားနေရတာ။ အခုအချိန်အထိ ကြားနေရတာ။ မိုးညှင်းမြို့ပေါ်ကျောင်းတွေ အကုန်လုံးပိတ်လိုက်ပြီလေ။ အသွားအလာကတော့ နည်းနည်းပါးပါးပဲရှိမှာပေါ့လေ။ ဈေးလည်းအကုန်ပိတ်သလိုဖြစ်နေပြီ လူမရှိတော့ဘူး။”

ဒါကတော့ မနက် ၁၁ နာရီလောက် ပြောဆိုတာဖြစ်ပါတယ်။

အခြားမြို့ခံတဦးကတော့ ၁၁နာရီထိုးပြီးချိန်နောက်ပိုင်းလောက်မှာ တိုက်ခိုက်တာတွေ ငြိမ်သက်သွားတယ်လို့လည်း ပြောပါတယ်။

“အခုတော့ နားနေတဲ့ အနေအထားရှိတယ်ရှင့်။ မနက်ပိုင်း ၉ နာရီခွဲလောက်ကတော့ ပစ်တယ်။ ကျောင်းပိတ်တာတော့ မဟုတ်ပါဘူးရှင့်။ အဲဒီတိုက်ပွဲကနေ လက်နက်ကြီးသံ အတိုင်းသားကြားနေရတော့လေ မိဘတွေက စိတ်ပူတာပေါ့။ စိတ်ပူတော့ ကိုယ့်ကလေးတွေကို ပြန်ပြီးတော့မှ ကျောင်းမပို့တဲ့ အနေအထား ပဲဖြစ်တယ်။ ကျောင်းကတော့ တရားဝင် မပိတ်ပါဘူး။ မြို့ထဲမှာလည်း မဖြစ်တာကြာပြီ ဆိုတော့လေ၊ အခုမှပဲ အတွေ့အကြုံအသစ်လိုဖြစ်နေတော့လေ၊ နည်းနည်းတော့ လန့်တော့လန့်သွားတာပေါ့နော်။

မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူူးရုံးက တာဝန်ရှိသူတဦးကလည်း ကျောင်းတွေ ပိတ်တာ မဟုတ်ကြောင်းနဲ့ မွန်းလွဲပိုင်းမှာ အခြေအနေက ပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း ပြောပါတယ်။

“ကျောင်းကတော့ မပိတ်ပါဘူး။ ကျောင်းသားမိဘတွေက အဲဒီအသံကို တခါမှလည်း မကြားဘူးတဲ့ အခါကျတော့ စိုးရိမ်ကြီးပြီး ကိုယ့်သားသမီး၊ သူ့သားသမီး လာခေါ်ကြတဲ့အခါ ကျတော့ ကျောင်းမှာ ကျောင်းသားမရှိလို့ ဆရာ၊ဆရာမတွေ ကတော့ ကျောင်းမှာတော့ ရှိနေပါတယ်။ ကျောင်းသားမိဘတွေက အတင်းခေါ်ချ သွားတဲ့ အခါကျတော့ ကျောင်းပိတ်သလိုဖြစ်သွားတာပေါ့နော်။ အဲလိုပါပဲ အသံကြားတဲ့ အခါကျတော့ မကြားဘူးတဲ့ အသံကြားတဲ့ အခါကျတော့ ကြောက် လန့်နေပြီးမှ မိမိအိမ် မိမိ ပြန်ကြတာပေါ့နော် ဈေးရောင်းတဲ့ သူတွေလည်း ဒါပေမဲ့ ဈေးရောင်းတဲ့ဆိုင်တွေလည်း ဖွင့်နေပါတယ် ဈေးတွေလည်း။ မြို့ထဲမှာလည်း အကုန်လုံး အသွားအလာမပြတ်ပါဘူး။"

လက်ရှိတိုက်ပွဲဖြစ်ပွားဖြစ်ပွားတဲ့နေရာဟာ မိုးညှင်းမြို့အရှေ့တောင်ဖက် ၄မိုင်လောက် အကွာမှာဖြစ်ပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရဖက်က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က မိုးညှင်းမြို့ပတ်ဝန်းကျင်မှာ မိုင်းထောင်တာ၊လူသစ်စုဆောင်းတာ၊ ဆက်ကြေးကောက် တာတွေ လုပ်ဆောင်နေတာကြောင့် တပ်မတေ်ာက နယ်မြေ ရှင်းလင်းရင်း တိုက်ပွဲဖြစ်ပွားတာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ KIA ရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“သိရသလောက်ဆိုရင်တော့ KIA /KIO ဖက်ကနေပြီးတော့မှ ဒီရွေးကောက်ပွဲမှာ အနှောက်အယှက်ပေးတာတို့၊ တစုံတခုပြဿနာရှာတာမျိုးတို့ မလုပ်ဖို့အတွက် ၊ နောက်ပြီး ကိုယ့်တပ်ရင်းဌာနမှာပဲနေ၊ အပြင်လည်း မထွက်နဲ့၊ ခုခံစစ်ကလွဲလို့ အပြင်မှာ တစုံတခု လုပ်တာမျိုးတွေ မလုပ်ရဆိုပြီး အောက်ခြေကို သူတို့က အမိန့် ပြင်းပြင်းထန်ထန် အမိန့်ချထားတာရှိတယ်။ သူတို့မလိုက်နာဘူး ဆိုရင် သေဒဏ်အထိဆိုပြီးတော့မှ အောက်ခြေကိုသူတို့ပြောထားတာရှိတယ်ဆိုတာတော့ ကျနော်တို့ ကြားသိရတယ်ဗျာ။ ရွေးကောက်ပွဲပြီးတဲ့နောက်မှာလည်းပဲ၊ ဘာမှပြဿနာမဖြစ်အောင် ကိုယ့်တပ်ထဲမှာနေ ဆိုတာမျိုးတွေညွှန်ကြားထားတာ ရှိတယ် ဆိုတာတော့ ကျနော်တို့ သိရတယ်ဗျာ။”

PCG က မိုးညှင်းတိုက်ပွဲနဲ့ပတ်သက်ပြီး လတ်တလော ညှိနှိုင်းတာမရှိပေမဲ့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ခြင်း ဆက်သွယ်ဖြေရှင်းဖို့ကို တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ လောလောဆယ်တော့ ဘာမှ ဆောင်ရွက်တာမရှိဘူး။ အရင်တုန်း ကတော့ အောက်ခြေမှာ အနည်းအကျဉ်းဖြစ်တဲ့ကိစ္စတွေကတော့ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းတဲ့ အဖွဲ့တွေကတော့ စာနဲ့ ညှိနှိုင်းတာတွေတော့ရှိတယ်။ အဲဒါမျိုးရှိတဲ့ အတွက်ကြောင့်မို့လို့ အခုလည်း မိုးညှင်းမှာဖြစ်တဲ့အကြောင်းကြောင့် ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့ ဟာမျိုးတွေကတော့ တဖက်နဲ့တဖက် အကြောင်းကြားပြီးတော့မှ အမြန်ဆုံး ညှိနှိုင်းရင်တော့ ပိုကောင်းမယ်ထင်တယ် ဆိုတဲ့ ဟာမျိုးတော့ ကျနော်တို့ အကြံပြုတာတော့ရှိတယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်လည်း ဒီနေ့လောက်ဆိုရင် သူတို့စာရေးပြီးတော့ မှ အကြောင်းကြားမယ် လို့တော့ ပြောဆိုတာမျိုးတော့ ကြားရတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိတော့ ဘာမှပေးပို့တာတော့ မရှိသေးဘူး ဗျ။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် မိုးညှင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်ဖက်မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒုက္ခသည် တသောင်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

XS
SM
MD
LG