သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၇၀ ပြည့် ကချင်ပြည်နယ် ညည်းတွားသံ


ကချင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်မတော်တပ်ရင်းတခု
ကချင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်မတော်တပ်ရင်းတခု

မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါ်ထွန်းလာခဲ့တဲ့ ကချင်ပြည်နေ့ဟာ အနှစ် (၇၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမယ့် ငြိမ်းချမ်းသာယာတိုးတက်မှုမရှိသေးဘူးလို့ ပြည်ပရောက် ကချင်တိုင်းရင်းသား တွေကပြောပါတယ်။ ကချင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်သူလူထု အားလုံးရဲ့ အသက်လုံခြုံမှုကို အင်မတန်မှ စိုးရိမ်နေရဆဲဖြစ်တယ်လို့ လည်း ဆိုပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရဖို့နဲ့ အနာဂတ် ပြည်ထောင်စု နိုင်ငံတည်ဆောက်ဖို့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေအရ ကချင်ပြည်နယ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကချင်ပြည်နယ်နေ့ ဟာ ပြည်ထောင်စု ဆိုတဲ့ အနှစ်သာရ ပါဝင်နေကြောင်း ပြည်ပရောက် ကချင်ခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရပြီး နှစ် ပေါင်း ၇၀ ကြာခဲ့ပေမယ့် လွတ်လပ်ရေးကို ဦးဆောင်ခဲ့တဲ့ ကချင် တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ပြည်ထောင်စု နိုင်ငံအဖြစ် မတည်ဆောက်နိုင်သေးကြောင်း ဗြိတိန်အခြေစိုက် Kachin National Organization ကချင်အမျိုးသားအစည်းအရုံး ဥက္ကဌ Duwa Bawmwang Laraw က ဗွီအိုအေကိုပြောပါတယ်။ လက်ရှိမြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်သူတွေရဲ့ အသက်လုံခြုံ မှုကင်းမဲ့နေသလို ဒီအခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သားအစိုးရက အကာအကွယ်မပေးနိုင်ဘူးလို့ သူက အခုလိုပြောပါတယ်။

“တိုက်လျောက် စစ်ကလည်းတိုက်နေတော့ ကျနော်တို့လူထုက ဘယ်လိုယုံကြည်ရမလဲ။ ဘယ်သူကို အားကိုးရမလဲ။ ဗမာ့ တပ်မတော်က ပြောတယ်… ကချင်ပြည်သူအားလုံးကို နယ်မြေရှင်းလင်းရေးလုပ်ပြီး လုံခြုံမှုပေးနေတယ်လို့ပြောတယ်။ ကျနော်တို့မြင်တာက လုံခြုံမှုပေးတာမဟုတ်ဘူး။ တောက်လျောက်လူထုကို လိုက်ပြီး စစ်ဆင်ရေးလုပ်၊ အပြစ်မဲ့ပြည်သူတွေကို လိုက်သတ်၊ လျှောက်လုပ်နေတယ်လို့ အဲဒီလိုမြင်တယ်။ အဲဒီလိုဖြစ်နေတဲ့ ကိစ္စတွေကိုလည်း လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကလည်း မထိန်းနိုင်ဘူး။ ကချင်ပြည်နယ်အစိုးရဆိုရင် လုံးဝဘာမှလုပ်တာ မတွေ့ရဘူး။ အဲဒါဆိုတော့ ကချင်ပြည်နယ်မှာရှိတဲ့ လူထုအားလုံးရဲ့ အသက်လုံခြုံရေးဟာ အင်မတန်မှ စိုးရိမ်နေရတယ်။”

အခုလို နိုင်ငံရေးအခြေအနေသာမက နှစ်ပေါင်း ၇၀ အတွင်း ကချင်တိုင်းရင်းသားတွေရဲ့ ကိုးကွယ်ရာ ဘာသာ၊ ယဉ်ကျေးမှု၊ စာပေတွေ ဆုံးရှုံးပြုန်းတီးလာနေတဲ့အခြေအနေကလည်း အထူးစိုးရိမ်ဖွယ်ရာ ကောင်းကြောင်း အမေရိကန်အခြေစိုက် Kachin Alliance ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San ကပြောပါတယ်။

“ပိုပြီး စိုးရိမ်စရာရှိတာက အနှစ် (၇၀)အတွင်း မြန်မာပြည်ထောင်စုအတွင်း နေထိုင်ခဲ့တာကို ကြည့်မယ်ဆိုရင် ကျနော်တို့ ကချင်တိုင်းရင်းသားတွေရဲ့နေရာ ကချင်ပြည်နယ်က ပိုသေးလာတယ်။ ကချင်လူမျိုးတွေ ပိုနည်းလာတယ်။ ကချင်တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံ၊ စာပေ တွေအနှစ် (၇၀) အတွင်း တိမ်းကောလာနေတာကို တွေ့နေရပါတယ်။ ကျနော်တို့ရဲ့ကိုးကွယ်ယုံကြည်ခွင့် ပိုပြီးနည်းလာတယ်။”

ကချင်မဟာမိတ်အဖွဲ့က မနေ့ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ လေးလတကြိမ်အစီရင်ခံစာအရ၂၀၁၇ခုနှစ်ကုန်ပိုင်း ၃ လအတွင်း မြန်မာစစ်တပ်ရဲ့ ရန်လိုတိုက်ခိုက်မှုပေါင်း အကြိမ် ၁၀၀ နီးပါးလောက်ရှိခဲ့ကြောင်း Gum San ကပြောပါတယ်။ အခုလို အဆက်မပြတ်ဖြစ်နေတဲ့ ထိုးစစ်တိုက်ပွဲတွေကြောင့် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နေသလို၊ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရ ကြားယုံကြည်မှု တည်ဆောက်ဖို့ အခက်အခဲစိန်ခေါ်မှုတွေ ဆက်ပြီး ကြီးထွားနေဆဲဖြစ်ကြောင်း Duwa Bawmwang Laraw ကသုံးသပ်ပါတယ်။

“တခါ ဆွေးနွေးလို့ နည်းနည်းအဆင်ပြေပြီးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ်က ပြန်ထိမ်းတယ်။ တဖက်မှာလည်း ညီလာခံခေါ်တယ်။ တက်တယ်။ မပြန်ခင် လမ်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ အဲဒီအခါမှာ တိုင်းရင်းသားတွေအနေနဲ့ အစိုးရရဲ့လုပ်ဆောင်ချက်ကို ဘယ်လိုယုံကြည်ရမလဲ။”

ကချင်အမျိုးသားအစည်းအရုံး ဥက္ကဌ Duwa Bawmwang Laraw ကဗွီအိုအေကို ပြောသွားတာပါ။

နှစ် (၇၀)ပြည့် ကချင်ပြည်နယ်နေ့အခမ်းအနားတွေကို အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျအပါအဝင် နိုင်ငံအနှံအပြားမှာ့ အများအားလပ်ရက်နဲ့တိုက်ဆိုင်ပြီး လာမယ့် စနေ၊ တနင်္ဂနွေနေ့တွေမှာ ကချင်ရိုးရာ အကတွေအပါအဝင် အခမ်းအနားဖျော်ဖြေပွဲတွေ စည်းစည်းကားကားကျင်းပဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG