သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတာအိုဒေသ သတ္တုတူးဖော်ရေးလျှောက်ထားမှု ဒေသခံတွေစိုးရိမ်


ပူတာအိုဒေသ မြေပုံ
ပူတာအိုဒေသ မြေပုံ

မြန်မာနိုင်ငံမြောက်ပိုင်းစွန်း ပူတာအိုခရိုင်ထဲမှာ ဓာတ်သတ္ထုစမ်းသပ်ပြီး တူးဖော်ထုတ်လုပ်ဖို့ ကုမ္ပဏီကြီး ၂ခုက ပြည်ထောင်စုအစိုးရဆီကို မကြာသေးခင်ကလျှောက်ထားလာတဲ့အတွက် ဒေသခံတွေရဲ့စိုးရိမ်မှုရှိနေပါတယ်။ ပြည်ထောင်စုအစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူတွေကတော့ ပူတာအိုခရိုင်ထဲမှာ လုပ်ပိုင်ခွင့်ဘာမှ မချထားသေးကြောင်းနဲ့ တကယ်လို့ခွင့်ပြုမယ်ဆိုရင်လည်း ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို ယူသွားမယ်လို့လည်းပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဓာတ်သတ္ထုတူးဖော်ဖို့အတွက် ကုမ္ပဏီ၂ခုက ပြည်ထောင်စုအစိုးရဆီကို လျှောက်ထားလာပါတယ်။ ဒါဟာ မွန်ဂိုလီးယား ဒိုဂျင်းကုမ္ပဏီ နောက်ဆုတ်သွားပြီး ထပ်ကြိုးစားလာတဲ့ ကုမ္ပဏီနှစ်ခု ဖြစ်ပါတယ်။ မွန်ဂိုလီးယားကုမ္ပဏီဟာ ပူတာအိုခရိုင်ထဲက မြေဧက ၅၀၀,၀၀၀ လောက်မှာ ရွှေနဲ့ သတ္ထုအကြီးစားရှာဖွေဖို့ အခုနှစ်ဆန်းပိုင်းကလျှောက်ထားပြီး ကန့်ကွက်မှုတွေရှိခဲ့လို့နောက်ဆုတ်ခဲ့တာပါ။ အခု ကုမ္ပကြီးနှစ်ခုက ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရဆီမှာ သတ္ထုစမ်းသပ်ဖို့ ထပ်ပြီး လျှောက်ထားကြောင်း ခါကာဘိုရာဇီ အမျိုးသားဥယာဉ် ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရေးမှာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ ဒေသခံ ဦးအောင်ခမ်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဒီမွန်ဂိုလီးယား ဒိုဂျင်းကုမ္ပဏီကတော့ ရုပ်သိမ်းသွားပြီပေါ့ ဒါပေမဲ့ နောက်ထပ် တိတ်တဆိတ်နဲ့ သတ္ထုကုမ္ပဏီကြီး၂ခုက ပြန်ပြီးတော့ လျှောက်လာတယ်။ သတ္ထုစမ်းသပ်ဖို့ကိစ္စမှာ ကျနော်တို့ကလုံးဝ သဘောတူတာတွေ မရှိဘူး။ ထပ်ပြီးတော့တူးဖော်ဖို့ အစီအစဉ်တွေဖြစ်လာတယ်ဆိုရင်လည်း ကျနော်တို့က ဆက်ပြီး ကန့်ကွက်သွားဖို့ပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က မီးခိုးတိတ် စီးပွားရေးပဲ ပူတာအိုဒေသကို အဓိကဖြစ်စေချင်တယ်။”

သတ္ထုတူးဖော်ခွင့်ပြုဖို့ ပြည်ထောင်စုအစိုးရဆီကို လျှောက်လာတဲ့ ကုမ္ပဏီပေါင်းကတော့ တနှစ်အတွင်းမှာ ၂၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။ ပူတာအိုခရိုင်ထဲမှာ သတ္ထုတူးဖော်ခွင့်ကို မချပေးသေးပေမဲ့ အကောင်အထည်ဖော်မယ် ဆိုရင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်၊ ထောက်ခံချက်ကို ယူသွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးညွန့်ဝေက ပြောပါတယ်။

“ တကယ်လို့ဒီဟာက အချက်အလက်တွေပြည့်စုံတဲ့ အခါကျမှ EC တင်။ EC တင်ပြီးရင် ပြည်နယ် သဘောထား တောင်းမယ်။ ပြည်နယ်သဘောထား တောင်းပြီး ပြည်နယ်က ပြန်လာမှသာ ဆက်လုပ်မှာ။ အခုထိ ပြည်နယ်သဘောထား တောင်းတာ ပူတာအိုဘက်မှာ မရှိသေးဘူး။”

ပူတာအိုခရိုင်ထဲမှာ ရွှေနဲ့ တခြားသတ္ထူအကြီးစားတူးဖော်ဖို့ အရင်ကလာလျှောက်ခဲ့တဲ့ မွန်ဂိုလီးယား ဒိုဂျင်းကုမ္ပဏီက ဖုန်ကန်ရာဇီ ဘေးမဲ့တောထဲက ဧက ၅၉၀၀၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ထဲက ဧက ၁၂၈၀၀၀၊ အစိုးရစီမံခွင့်ရှိတဲ့မြေက ဧက ၃သိန်းခွဲကျော်မှာ လုပ်ခွင့်ရဖို့ လျှောက်ထားခဲ့တာပါ။ အခု အသစ်ထပ် လျှောက်လာတဲ့ ကုမ္ပဏီ၂ခုအတွက် ပြည်ထောင်စုအစိုးရကနေ ပြည်နယ်အစိုးရဆီကို သဘောထားမှတ်ချက်နဲ့ ခွင့်ပြုချက် တောင်းခံလာတာ မရှိသေးဘူးလို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ဗွီအိုအေကို ပြောပါတယ်။

“ အဲဒီလိုတော့ ကြားပါတယ် ။ ပြည်ထောင်စုက သူတို့ဆီမှာ လာလျှောက်မယ်ဆိုရင် အဆင့်ဆင့်လက်ခံမယ်ဗျာ နည်းဥပဒေအရလည်း သူတို့ပဲစီမံ ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လေ။ အခုလောလောဆယ်ကတော့ သဘောထားတောင်းတဲ့ စာတော့ မရောက်သေးဘူးပေါ့ နောက်ထပ်လုပ်တဲ့ဟာတွေက”

သဘာဝအတိုင်းရှိနေတဲ့ ပူတာအိုဒေသအတွက် ဒေသခံတွေကတော့ သူတို့ဒေသမှာ အကြီးစား သတ္ထုတူးဖော်တာတွေရှိလာမှာစိုးရိမ်ကြပါတယ်။ ပူတာအိုဒေသဟာ အရှေကတောင်အာရှရဲ့ ရေအရင်းအမြစ် ဖြစ်သလို၊ အရှေကတောင်အာရှရဲ့ တခုတည်းရှိတဲ့ရေခဲတောင်ဒေသပါ။ ဧရာဝတီရဲ့ ရေအရင်းအမြစ်လို့လည်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG