သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသခံတချို့ စစ်တပ်က ဆက်လက်ဖမ်းဆီး


ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
ကချင်ပြည်နယ်ထဲမှာ မကြာသေးခင်တုန်းက လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရ စစ်တပ်က ဒေသခံတချို့ကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတချို့ကို ပြောင်းရွှေ့ပေးရတာတွေလည်း ရှိနေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လက်နက် ကိုင်အဖွဲ့တို့ကြား ဗန်းမော်ခရိုင်ထဲမှာ အရင်တပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုအခါ အခြေအနေတွေ တည်တည် ငြိမ်ငြိမ် ရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပေမဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာတွေ ရှိနေတာ ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းက မခေါယန်နဲ့ နမ်ဖိုရွာမှာ အောက်တိုဘာလ ၂၅ ရက် သောကြာနေ့က မြန်မာစစ်ကြောင်း ဝင်ရောက်
လာပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့သလို၊ နန်ဖိုရွာသူကြီး အပါအဝင် ရွာသား ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လောလောဆယ် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုလည်း အကြောင်းကြားထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးဂွန်ဂျာ က ပြောပြပါတယ်။

“၂၅ ရက်နေ့မှာ တပ်တွေက ပြန်ရွှေ့တယ်၊ ရွှေ့ပြီးတော့မှ မန်စီမြို့နယ် မခေါယန်နဲ့ နန်ဖိုရွာမှာ ပြန်ထိုင်နေတယ်။ အဲဒီမှာ ပြန်ထိုင်ပြီးတော့မှ ရွာသားတွေကို စစ်ဆေးမေးမြန်းပြီးမှ ယောက်ကျားတွေတခြား၊ မိန်းမတွေတခြား အဲလို စုပုံပြီးမှ ထားတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ စစ်ကြောင်းကဝင်လာတဲ့ အခါကျတော့ ရွာသားတွေကလည်းပဲ ကြောက်လန့်ပြီးတော့ ထွက်ပြေး၊ အဲဒီအခါကျတော့ တပ်ကလည်းပဲ ရွာသားလိုလို၊ ရန်သူလိုလိုပေါ့။ အထင်မှားပြီးတော့ အားလုံးကို ပြန်ဖမ်း၊ ပြန်ဖမ်းပြီးတော့ ယောက်ကျားတခြား၊ မိန်းမတခြား စုပြုံပြီးတော့မှ စစ်ဆေးမေးမြန်းချက်လုပ်တဲ့အခါကျတော့ ရွာသားတွေလည်း ကြောက်တဲ့လန့်တဲ့အခါကျတော့ ပြည်သူလူထုက ကျနော်တို့ဆီ အကြောင်းကြားတာပေါ့။ ရွာလူကြီးတစ်ယောက်ကိုလည်း- ဖမ်းသွားတယ်ပြောတယ်။ ဘယ်ရောက်နေလဲမသိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က ၆ နာရီအချိန်မှာ ကျနော်လည်း တိုင်းကို ပြန်ပြောပြတယ်။ အဲလိုအခြေအနေဖြစ်နေတယ်။ မနေ့ကချက်ခြင်းပဲ တပ်တွေကို ရွာမှာမနေဖို့အတွက်၊ နောက်ပြီး သူတို့လည်း နာမည်စာရင်းတွေယူပြီးမှ အောက်ခြေကိုပြန်စုံစမ်းပြီးတော့မှ အမြန်ဆုံးပြန်လုပ်ပေးနိုင်အောင် လုပ်ပေးမယ်ဆိုပြီး ယူထားတယ်-တဲ့။ အောက်ခြေကတော့ ဒီအဆင့်ပဲရှိသေးတယ်။”

ဒါ့အပြင် မခေါယန်နဲ့ နမ်ဖိုရွာတွေက ရွာသားတွေကိုလည်း ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီ ပြောင်းရွှေ့ နေရာချ ထားဖို့အတွက် ခရစ်ယာန်ဘာသာရေးဆရာတွေက စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းလည်း သူက ဆက်ပြောပြပါတယ်။

“သူတို့ ဖမ်းဆီးထားတဲ့ရွာသားတွေကို ပြန်တက်ခေါ်ဖို့အတွက် ဗန်းမော်က ဘာသာရေးဆရာတွေက ကား ၇ စီးနဲ့ ထွက်သွားလိုက်ပါပြီဗျ။ အဲဒါလည်း တိုင်းမှူးကို အကြောင်းကြားခိုင်းတယ်။ တိုင်းမှူးကလည်း သွားခေါ်ပါလို့ ခွင့်ပြုလို့ ဒီညပြန်ထွက်သွားကြပြီ။”

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မြန်မာစစ်ကြောင်းတွေကနေ ဗန်မော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရွာသား ၅၀၀ လောက်ကို ထိန်းသိမ်းမှုဖြစ်ခဲ့သလို၊ နောက်တနေ့မှာလည်း မန်စီမြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက် ရေးတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲ့ဒီအချိန်က ထိန်းသိမ်းခံခဲ့ရတဲ့ ရွာသား ၅၀၀ လောက်ကတော့ အခု ပြန်လွတ်လာပြီလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဂွန်ဂျာ က ဗွီအိုအေကို ပြောပါတယ်။

အခုလို ဗန်မော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ - ပြည်နယ်ဝန်ကြီးချုပ်က - မန်စီမြို့နယ်တွင်းမှာ အခြေအနေတွေ တည်ငြိမ်နေပြီ ဆိုတာနဲ့ မကြာခင်မှာ အဲ့ဒီဒေသကို UN ထောက်ပံ့ရေးယာဉ်တွေလည်း သွားရောက်တော့မယ်လို့ အခုလို ပြောပါတယ်။

“အခြေအနေက တည်တည်ငြိမ်ငြိမ်ရှိနေပါပြီ။ UN ကနေပြီးမှ ထောက်ပံ့မှုတွေ အကုန်လုံး ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ကစပြီးတော့မှ ထွက်မှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ရေးယာဉ်တွေတောင် သွားနေတယ် ဆိုရင်တော့ အစစအရာရာ အဆင်ပြေနေတဲ့အနေအထားမျိုးမှာ ရှိနေပြီဖြစ်ပါတယ်။ အဘက်ဘက်က ဝိုင်းပြီးမှ - အကောင်းဆုံးဖြစ်အောင် ဝိုင်းပြီးတော့ ညှိပြီး ဆောင်ရွက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အရှုတ် နီဂမ် (Asok Nigam) ကလည်း - မန်စီမြို့နယ်တွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ကြရတဲ့ ဒေသခံ ၁၂၀၀ နီးပါးအတွက် စိုးရိမ်ကြောင်းနဲ့ ဒီလူတွေဆီ ချက်ချင်း သွားရောက်ကူညီနိုင်ဖို့အတွက်ကိုလည်း လမ်းကြောင်းဖွင့်ပေးဖို့ရာ သောကြာနေ့ကပဲ ကြေညာချက်ထုတ် တောင်းဆိုထား တာပါ။ ဒီတောင်းဆိုပြီးနောက်မှာ အခုလာမယ့် တနင်္လာနေ့ကို သွားရောက်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေက ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။

KIO နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ - တိုက်ပွဲတွေ အရှိန်လျှော့ချရေး၊ တိုက်ပွဲထပ် မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဒီလဆန်းပိုင်းက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ တိုက်ပွဲတွေ ကတော့ ဆက်ဖြစ်နေဆဲပါ။ ဒါ့အပြင် အစိုးရဘက်က ကြိုးပမ်းနေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင်မှာလည်း - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိပါတယ်ရှင်။
XS
SM
MD
LG