သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကြာခင်ပြန်စမည်


မြန်မာအစိုးရနဲ့ ကေအိုင်အိုအဖွဲ့ကြား ဆွေးနွေးပွဲတခု။
မြန်မာအစိုးရနဲ့ ကေအိုင်အိုအဖွဲ့ကြား ဆွေးနွေးပွဲတခု။
KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ တို့ကြား မတ်လ ဒုတိယပတ်လောက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ထပ်လုပ်တော့မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ကျင်းပဖို့စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ဟာ ဆွေးနွေးပွဲမတိုင်ခင် ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပျက်ခဲ့ရပြီး ဆွေးနွေးပွဲတွေ နှောင့်နှေးခဲ့ရတာမို့ ဒီလိုထပ်မံမဖြစ်ပွားစေဖို့ တိုက်ပွဲအရှိန်လျှော့ရေး သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ KIO ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

စနေနေ့ကအထိ ချီဖွေဒေသ လောခေါင်ဇုံနယ်မြေမှာရှိတဲ့ ကေအိုင်အို တပ်စခန်း ၄ ခုကို အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့သလို ပန်ဝါဒေသတလျှောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေဆဲပဲလို့ ကေအိုင်အေရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံက ဗွီအိုအေကို ပြောခဲ့ပါတယ်။ တိုက်ပွဲတွေ အခုလိုဆက်ပြီး ဖြစ်ပွားနေပေမဲ့ အဲဒီဒေသမှာ ဖေဖော်ဝါရီ ၂၂၊ ၂၃ မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေလောက်တော့ သိပ်ပြီး ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဒေါက်တာ လဂျာ ကပြောပါတယ်။

“ဟိုတလောက ၂၂၊ ၂၃ ဖေဖော်ဝါရီလမှာပေါ့နော်။ ချီဖွေ လောခေါင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်တာရှိတယ်။ အဲဒီနောက်ပိုင်း နည်းနည်းပါးသွားတယ်။ ရှိပေမဲ့ အကြီးအကျယ်တော့ မရှိတော့ဘူး။”

ဖေဖော်ဝါရီ ၄ ရက်နေ့က တရုတ်နိုင်ငံရွှေလီမှာ ကေအိုင်အို နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ကြား တွေ့ဆုံဆွေးနွေးမှုတွေ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက် အခု မတ်လ ဒုတိယပတ်ထဲမှာ ဆွေးနွေးပွဲတွေ ထပ်ပြီးလုပ်ဖို့ သဘောတူညီချက် ရထားပြီလို့လည်း ပြောပါတယ်။
“တွေ့ဖို့ သူတို့ confirm လုပ်ထားတာရှိတယ်။ မတ်လ ဒုတိယပိုင်းမှာတွေ့ဖို့ အဲဒါရှိတယ်။ တရုတ်ပြည်မှာလုပ်မှာ။ တရုတ်အစိုးရလည်း ပါဝင်တယ်။ ဆိုတော့ စစ်ရေးအရှိန်လျှော့ဖို့ကိစ္စကို ပထမဦးစားပေး ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲအတွက်ကလည်း အစ ပြင်ဆင်မှုတွေပေါ့နော်။ ပြင်ဆင်စရာရှိတာတွေကိုတော့ ဆွေးနွေးကြမှာ။”

နှစ်ဘက်ဆွေးနွေးပွဲတွေကို မူလက ဖေဖော်ဝါရီလကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ မြန်မာအစိုးရဘက်က ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့တာမို့ ယုံကြည်မှုမရှိဘဲ ဆွေးနွေးပွဲတွေ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဆိုတဲ့ဟာက ခုနကပြောသလိုပေါ့။ အဲဒီ ၂၂၊ ၂၃ ဝန်းကျင်မှာ တော်တော်လေး အစိုးရဘက်က ထိုးစစ်ဆင်တဲ့နေရာတွေ ရှိတော့၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ရွှေလီမှာတွေ့တုန်းကတော့ ဒီ နှစ်ဘက်စစ်ရေးအရှိန်လျှော့ဖို့ သဘောတူညီမှု ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာ ရှိတယ်လေ။ ဒါပေမဲ့ အစိုးရတပ်ဘက်က အဲဒီလို ဖြစ်မလာတော့ နည်းနည်း ဟိုဘက်ကလည်း ဒါ ဘယ်လိုလဲဆိုတာပေါ့။ စစ်ရေးအရှိန်မလျှော့နိုင်တဲ့သဘောလို ဖြစ်တော့ ဒီလကုန်ပိုင်းမှာ တွေ့ဖို့ဆိုတဲ့ဟာက နှောင့်နှေးသွားတဲ့သဘော ရှိပါတယ်။”

နိုင်ငံတကာဖြစ်စဉ်မှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးချိန်မှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်သေးပေမဲ့ ဒါကို လျော့သည်ထက်လျော့အောင် လုပ်သွားဖို့လိုအပ်သလို အခုလို တွေ့ဆုံပွဲတွေ ကလည်း ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ဖြစ်လာမယ် လို့ မျှော်လင့်ထားကြောင်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ကေအိုင်အိုက ခေါင်းဆောင်တွေနဲ့ ဦးအောင်မင်းနဲ့ ညှိနှိုင်းနေပါတယ်။ ပြင်ဆင်နေတဲ့ဟာတွေ ပြီးသလောက်ဖြစ်တော့ ၇ ရက်နေ့နောက်ပိုင်းလောက်မှာ နှစ်ဘက် တွေ့နိုင်တယ်လို့ ဦးအောင်မင်းက ရှင်းပြပါတယ်။ ဦးအောင်မင်းနဲ့ ညှိနှိုင်းတာနေတာတွေက မပြီးသေးပေမဲ့ အခု တိုက်ရိုက်ညှိနှိုင်းနေတယ်။ အဲဒီ peace process တွေအားလုံးကလည်း တိုက်ရိုက် ညှိနှိုင်းနေတာ ဖြစ်တဲ့အတွက် အရင်ကထက် အများကြီး positive ပါ။ အဲဒီလိုဖြစ်နည်းတွေကတော့ တခြား နိုင်ငံတကာဖြစ်စဉ်တွေမှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးတာတောင်မှ ရှိခဲ့တာပဲလေ။ ဒါပေမဲ့ ကျနော့်အမြင်ပြောရရင်တော့ အခိုက်အတံ့မှာတော့ ကျနော်တို့ ဒါကို ဖြတ်တော့ဖြတ်နေရမယ်။ ဒါပေမဲ့ သိပ်အကြာကြီးတော့ မဟုတ်ဘဲနဲ့ ဒါတွေက အားလုံး လျော့ကျသွားမယ်လို့ ကျနော်တို့ကတော့ ယုံကြည်တာပဲလေ။”

ကေအိုင်အိုဘက်ကတော့ နှစ်ဘက် သဘောတူညီမှုတွေဟာ စာရွက်ပေါ်မှာတင်ရှိတာမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

“အဓိက ကတော့ ကျနော်တို့ စာရွက်ပေါ်မှာပဲ သဘောတူတာမဟုတ်ဘဲ တကယ် လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ဟာမျိုး အဆင့်ထိ ဖြစ်မလာရင်တော့ အဓိပ္ပါယ်မရှိတဲ့ တွေ့ဆုံမှုလို ဖြစ်လာတဲ့သဘော ရှိတာပေါ့။ အဲဒါကြောင့် ကျနော်တို့ အကောင်အထည် ဖော်နိုင်ဖို့က လက်တွေ့ဖော်ဆောင်ဖို့မှာ ပို အရေးကြီးတယ်ဗျ။ လက်တွေ့ဖော်ဆောင်မှု မပါတဲ့သဘောတူညီချက် ဆိုရင်တော့ ကျနော်တို့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ အဲဒီလို မြင်တယ်။”

ပထမအကြိမ် ရွှေလီဆွေးနွေးပွဲမှာ ကေအိုင်အိုဘက်က ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဦးစွန်လွန်ဂန် တို့ ဦးဆောင် တက်ရောက်သလို မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးအဖွဲ့ကို ဦးအောင်မင်း ဦးဆောင်ပြီး ဦးအုန်းမြင့်နဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ မူးတူးဆေးဖိုး အပါအဝင် ကိုယ်စားလှယ် ၁၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တော့ တက်ရောက်ခြင်းမရှိပါဘူး။
XS
SM
MD
LG