သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကောင်းတိုက်ပွဲကြောင့် စစ်ရှောင် ၁ ထောင် နမ္မတီးကို တိမ်းရှောင်


ကချင် စစ်ပြေးဒုက္ခသည်များ (ဇွန် ၂၀၁၇)
ကချင် စစ်ပြေးဒုက္ခသည်များ (ဇွန် ၂၀၁၇)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသအတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကဆုန့်ကျေးရွာသား(၁၀၀၀)ခန့်ဟာ နမ္မတီးဘာသာရေးအသင်းတော်ကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ မနေ့ကတိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွါးတာမျိုးမဟုတ် ဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်သလို ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လဲ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေကပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်း ပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုန့်ကျေးရွာမှာ မြန်မာ့တပ်မတော်ရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသား ၁ထောင်ကျော်ဟာ ကချင်နှစ်ခြင်း အသင်းတော်ကျောင်းမှာ တိမ်းရှောင်ရောက်ရှိနေတယ်လို့ သင်းအုပ်ဆရာဆင်ရမ်က ပြောပါတယ်။

"နှစ်ချင်းအသင်းတော်ထဲမှာတော့ လူဦးရေကတော့ (၈၀၀)နီးပါးရှိနေပြီး စာရင်းတော့အတိအကျမဟုတ်သေးဘူး။ အဝင်အထွက်တွေ ရှိသေးလို့လေ။ တချို့ကဆွေမျိုးအိမ်မှာနေချင်တယ်။ တချို့က တောထဲမှာရှိနေသေးတော့။ နမ္မတီးကက်သလိတ်ဘုရား ကျောင်းမှာကတော့ ၁၅၀ပေါ့။ အဲတာလည်း ခန့်မှန်းခြေပဲ ရှိသေးတယ်။"

ဒီစစ်ဘေးရှောင်တွေဟာ မနေ့ကတည်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကဆုန့်ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတာပါ။ ထွက်ပြေးလာသူအထဲက ဦးရေ(၈၀)ကျော်ဟာ စစ်ရှောင်စခမ်းထဲမရောက်သေးတဲ့အတွက် အသင်းတော်ကတာဝန်ရှိသူတွေ လူမှုအခြေပြု အဖွဲ့တွေကနေ လိုက်လံရှာဖွေနေတယ်လို့ သူကပြောပါတယ်။

မနေ့ကတိုက်ခိုက်မှုမှာ ကဆုန့်ကျေးရွာအတွင်း KIOအဖွဲ့တွေမရှိဘဲ တပ်မတော်ကနေ ဝိုင်းပတ်တိုက်ခိုက်လာတယ်လို့ အသင်း တော်တာဝန်ရှိသူဦးလဂျာကဆိုပါတယ်။

"မနေ့ကအဲဒီမှာဒုက္ခသည်တွေထွက်ပြေးတဲ့အချိန်အထိတော့ KIAနဲ့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ အဲဒီရွာမှာKIAတပ်စခမ်းလဲမရှိဘူး။ အုပ်ချုပ်ရေးပိုင်းရုံးတော့ရှိတယ်။ အဲဒီမှာတပ်မတာ်ကအဲဒီမှာ ဘုရားကျောင်းမှာသူတို့က (၁၀)ရက်နေ့မနက်(၈)နာရီမှာကတော့ ကဆုန့်ချောင်းဖျားမှာ တိုက်ပွဲဖြစ်တဲ့အခါကျတော့ရွာသားတွေကတိမ်းရှောင်ရတော့မယ်ဆိုမှ အစည်းဝေးလုပ်နေတဲ့အချိန်မှာ အဲမှာ ဝင်လာကြပြီးမှ အဲလိုပစ်ခတ်ပြီးမှစဖြစ်တယ်။ နောက်တော့KIOရင်း (၁၁)က ရွာဘက်ကိုပြန်လာပြီးမှ တိုက်ပွဲတော့ပြန်ဖြစ်တယ်လို့ အဲဒီလိုသတင်းကြားရတယ်။"

ပြီးခဲ့တဲ့သြဂုတ်(၁၀)ရက်နေ့မှာ နမ္မတီးမြို့ ကဆုန့်ချောင်းဖျားမှာ KIOနဲ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွါးခဲ့တာကြောင့် ရွာသားတွေ စစ်ရှောင်ဖို့ မနေ့ကဘုရားကျောင်းမှာ အစည်းဝေးလုပ်နေတုန်း တပ်မတော်ကနေဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေ ပြောဆိုခဲ့ ကြောင်း ဦးလဂျာကဆိုပါတယ်။

လက်ရှိကဆုန့်ရွာဒေသအတွင်းKIOနဲ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲလို့ သတင်းတွေပေါ်ထွက်နေပေမဲ့ ဆက်သွယ် ရေး ခက်ခဲတဲ့ဒေသဖြစ်လို့ အတည်ပြုချက်မပေးနိုင်ဘူးလို့လဲ သူကဆိုပါတယ်။

မနေ့ကဖြစ်ပွါးတဲ့ပစ်ခတ်မှုအတွင်း ရွာသား(၃)ဦးခန့်သေဆုံးခဲ့တယ်လို့ ကဆုန့်ကျေးရွာသားတဦးကပြောပါတယ်။

"နောက်ဆုံးအတည်ပြုချက်ရတာကတော့ လူ(၃)ယောက်ကတော့သေချာပေါက်သေပြီး။ သုံးယောက်ကတော့ နာမည်တော့ အတိ အကျမသိဘူး။"

ကဆုန့်ရွာအတွင်းပစ်ခတ်မှုမှာ ရွာသားတွေထိခိုက်သေဆုံးမှုရှိနေပေမဲ့ သတင်းအချက်အလက်တိတိကျကျမရသေးဘူးလို့ ဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့ ကချင်လူထုအခြေပြုအဖွဲ့တာဝန်ခံဒေါ်နန်ပူကပြောပါတယ်။

"ရွာသားတွေထိခိုက်မှုရှိတယ်။ ရွာသားတွေကိုဖမ်းသွားတယ်။ ဘယ်သူတွေကဘာဖြစ်တယ်ဆိုတာ အခုထက်ထိသတင်းအချက် အလက်မရဘူး။ အကုန်လုံးလဲစိတ်ပူပန်နေကြတယ်။ အဲဒီပျောက်သွားတဲ့ လူ(၅၀)ကျော်(၆၀)နီးပါးကိုမရသေးဘူးပေါ့နော်။ ဆရာမ အစိုင်းကို မနေ့ကဖမ်းသွားတာပေါ့နော်။ ဒီမနက်ကျွန်မပြန်မေးကြည့်တော့သတ်လိုက်ပြီးလို့ကြားတယ်။ အခုထက်ထိသတင်းတွေ အတိအကျမရဘူးဖြစ်နေတယ်။"

ဘုရားကျောင်းအတွင်းပိတ်မိနေတဲ့ရွာသားတွေတချို့နဲ့ တောတွင်းမှာထွက်ပြေးတိမ်းရှောင်နေတဲ့ရွာသားတချို့ဟာ မိသားစုနဲ့ မဆုံ နိုင်သေးဘူးလို့ဒေါ်နန်ပူကဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေသေဆုံးတဲ့သူ အရေအတွက်တိတိကျကျမပြောနိုင်သေးပေမဲ့ မနေ့ကတိုက်ခိုက်မှုအတွင်း ရွာသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ္မတီးအသင်းတော်ကျောင်းမှာ ဆေးဝါးကုသခံနေရပါတယ်။

ကဆုန့်ကျေးရွာဟာ KIOတပ်ရင်း(၁၁)နဲ့(၄)မိုင်အကွာမှာတည်ရှိပြီးအိမ်ခြေ(၂၀၀)ကျော်ရှိနေပါတယ်။ ဒေသတွင်းပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် နမ္မတီခရစ်ယာန်အသင်းတော်ကျောင်းကိုတိမ်းရှောင်လာတဲ့စစ်ရှောင်တွေကို ဘာသာ ရေး အသင်းအဖွဲ့တွေ လူမှုရေးအသင်းအဖွဲ့တွေအပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့တွေကလည်း အကူညီပေးဆောင်နေပါတယ်။

စစ်ရှောင်ရွာသားတွေရဲ့အနေအထားကိုတော့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံကအခုလိုပြောပါတယ်။

"ကျွန်မတို့ကြားသလောက်ကတော့ သူတို့ပြောတာက ရွာထဲကို တပ်က ဝင်လာတော့ ဟိုဘက်ကစောင့်နေတဲ့ကင်းသမားနဲ့ တွေ့ လို့ ပစ်တာ အဲဒီလောက်ဘဲကြားပါတယ်။ လောလောဆယ်ဆယ်ကတော့ သူတို့ကအဲဒီမှာတပ်က ရွာမှာရှိနေတဲ့အတွက်ခဏ ရှောင်ခဲ့တာပါ။ ဘုရားကျောင်းတွေမှာ ကျွန်မတို့ ယာယီစောင့်ရှောက်ရေးစခမ်းတွေဖွင့်ထားပြီးမှ အခုလောလောဆယ်ဆယ် အစိုးရနေပြီးမှ ဆန်အိတ်တို့ နောက်ပရဟိတအဖွဲ့တွေက ဆန် ဆီ ဆားပေါ့။ စားစရာတော့ထောက်ပံ့ထားတာရှိပါတယ်ရှင့်။"

စစ်ဘေးရှောင်တွေအနေနဲ့ ဒေသတွင်းတိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် နေရပ်ရင်းကိုပြန်ဖို့ အခြေအနေမပေးသေးပါဘူး။

လက်ရှိကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်KIOတို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေမှာ ရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက်တသိန်းကျော်ရှိနေတယ်လို့ ကချင်ဒုက္ခသည်ကော်မီတီတွေကနေပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဖေါ်ဆောင်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ဆွေးနွေးရေးကိုယ်စားလှယ်တို့ကနေ မနေ့ကအထိတွေ့ဆုံဆွေးနွေးခဲ့ရာမှာ အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲကြောင်း စတင်ကြေညာဖို့အပါအဝင်အချက်(၄)ချက်ကို သဘောတူညီမှုရရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိရှမ်းပြည်နယ် ကချင်ပြည်နယ်အတွင်းမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေဆဲအနေအထားကြောင့် အစိုးရအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာအပစ်ရပ်ရေးကြေညာနိုင်ဖို့အတွက် စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ဖက်ဒရယ်မူလေ့လာသူ တွေ က သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG