သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြား တိုက်ပွဲတွေပိုများလာ


ကချင်လွတ်မြောက်ရေးတပ် KIA
ကချင်လွတ်မြောက်ရေးတပ် KIA

ကချင်ပြည်နယ်တွင်း KIA ကချင်လက်နက်ကိုင်အဖွဲ့ကို မြန်မာစစ်တပ်က ထိုးစစ် အရှိန်မြင့်လာတဲ့အပေါ်၊ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ရေးနဲ့ နိုင်ငံရေးအရ KIA ကို ဝန်းရံသွားမယ်လို့ ဆိုလာပါတယ်။ ဒီရက်ပိုင်းထဲမှာ ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဖက်တွေမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဦးစားပေးပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ ဦးတည်ဆောင်ရွက်လာပေမယ့် ၊ ဒီနှစ်ဆန်းပိုင်းကစပြီး မြန်မာနယ်စပ် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပိုစိတ်လာပါတယ်။ ဒီ အခြေအနေတွေအပေါ် ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းအိန်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူမြို့နယ်၊ နာလေးကျေးရွာမှာ ဒီမနက်မှာ မြန်မာ့တပ်မတော် နဲ့ တအာင်းပလောင် တပ်ဖွဲ့TNLAတို့တိုက်ပွဲဖြစ်ပွါးခဲ့သလို မနေ့ကလဲ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLAပြန်ကြားရေး အရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

"တိုက်ပွဲပြန်ုဖြစ်တယ်။ မနေ့ကရောဒီနေ့ရောနှစ်ရက်။ ဒီနေ့အခြေအနေက နမ္မတူုမြို့နယ် နားလေရွာအနီးမှာဖြစ်တယ်။ မနေ့ကတော့ကွတ်ခိုင်မြို့နယ် ရွှေမှော်ရွာ အနီးမှာဖြစ်တယ်။ မနေ့ကတည်းကမြန်မာ့တပ်မတော်က လက်နက်ကြီး တွေ ပစ်ပြီးမှ အဝေးကနေပြီးမှလက်နက်ကြီးတွေနဲ့ပစ်တယ်။ ထိုးစစ်တက်လာတော့ ဒီမနက်နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးတာဖြစ်တယ်။ အခုလက်ရှိကတော့ နှစ်ဖက်ရင်ဆိုင် အနေအထားမှာရှိတယ်။"

ဒီလိုတိုက်ပွဲဖြစ်ပွါးခဲ့မှုနဲ့ပတ်သက်လို့ ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဧပြီ တတိယပါတ်က စတင်ပြီးတပ်မတော်ဘက်ကထပ်မံအင်းအားဖြည့် ထိုးစစ်ဆင် လာတာကြောင့် နှစ်ဖက်ရင် ဆိုင် တိုက်ပွဲပြန်လည်ဖြစ်ပွားရတယ်လို့လဲ ဗိုလ်မှူး တာ့အိုက်ကျော်ကပြောပါတယ်။

မူဆယ်မြို့နယ် တီးမားကျေးရွာဘက်မှာလဲ တပ်မတော် နှင့် KIAကချင် လွတ်လပ်ရေးတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့လို့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ တီးမားရွာသားတဦးကအခုလိုပြောပါတယ်။

"မနေ့ကညနေပိုင်း မိုးချုပ်ခါနီးမှာဘဲ တနာရီလောက်ပေါ့။ အဲဒီမှာစစ်ဖြစ်တယ်။ ရွာသားတွေက ထိပ်လန့်ပြီးမှ တချို့က တီးမားကျေးရွာနဲ့နီးတဲ့ ရွာမှာ ကားလမ်းဘက်မှာပေါ့။ တိမ်းရှောင်ခဲ့တာဆိုတာရှိတယ်။"

အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင်တပ်မတော်AA နဲ့ မြန်မာ့တပ်မတော် တို့အကြားမှာ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း၊"ပင်မချောင်း"အနီးမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က(၃)ဦးကျဆုံးပြီး ရခိုင်တပ်မတော်ဘက်က(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ရခိုင်တပ်မတော်ဘက်ကထုတ်ပြန်ထားပါတယ်။

ရခိုင်တပ်မတော်AA နဲ့ မြန်မာ့တပ်မတော်တို့အကြား (၅)လနီးပါး တိုက်ပွဲရပ်တန့်ရာကနေ မေလ(၃)ရက်နေ့မှာ တကြိမ် မေလ(၉)ရက်နေ့မှာတကြိမ် ဒီလအတွင်းနှစ်ကြိမ်တိုင်တိုင်တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေကိုတော့ တပ်မတော်ဘက်က သတင်း ထုတ်ပြန်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

လက်ရှိအခြေအနေကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ KIOနဲ့ မြန်မာ့တပ်မတော်တို့အကြား ကချင်ပြည် နယ်မြို့နယ်အနံှ့မှာ တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။

တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်ရှောင်တွေရဲ့ ဘေးလွတ်ရာ တိမ်းရှောင်မှူတွေကိုလဲ မြန်မာ့တပ်မတော်ကနေ တားဆီးပိတ်ပင်နေတယ်လို့လဲ ဒုက္ခသည်အရေးကူညီသူတွေက ပြောဆိုနေကြပါတယ်။

အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနေရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ရှမ်းမြောက် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း ဝန်းရံကူညီပေးသွားမယ်လို့ မဟာမိတ်အဖွဲ့က ဗိုလ်မှူးတာ့အိုက် ကျော် ကပြောပါတယ်။

"KIAအဖွဲ့ကကျွန်တော်တို့မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တယ်။ တိုက်ပွဲနောက်ဆက်တွဲက ဒေသခံတွေကကြားမှာ ပိတ်မိ နေတယ်။ ပိတ်မိနေတဲ့ဟာကို မြန်မာ့တပ်မတော်က ခေါ်ထုတ်ခွင့်မပြုဘူး။ စစ်ရေးအရလဲတပ်မတော်ဘက်က တော် တော်လေးပြင်းပြင်း ထန်ထန် KIAဘက်ကိုဖိတိုက်နေတယ်။ ကျွန်တော်တို့ မဟာမိတ်ဖြစ်တဲ့ အလျှောက် KIAဘက်ကို ဆက်ပြီးမှ ဝန်းရံပေးမယ်။ သူတို့ဘက်ကိုရပ်တည်ပေးပါမယ်။"

မြန်မာတပ်မတော်ရဲ့ ပြင်းထန်တဲ့ထိုးစစ်ကို ကာလကြာရှည်စွာရင်ဆိုင်နေရတဲ့ မဟာမိတ် KIO/KIA အဖွဲ့အစည်းနဲ့ အတူ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်များဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့MNDAA၊ တအာင်းပလောင်အဖွဲ့ PSLF/ TNLA နဲ့ ရခိုင့်တပ်မတော် AA တို့ကနေ ဆက်လက်ပြီး စစ်ရေး၊ နိုင်ငံရေးအရ အခိုင်အမာဝန်းရံ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မေလ ၈ ရက်နေ့မှာသဘောထားထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်အပြီးမှာဘဲ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်တွေနဲ့ မြန်မာ့တပ်မတော်အကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွါးလာတာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG