သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်မြို့အနီး စစ်တပ်က KIA ကို လေကြောင်းကတိုက်ခိုက်နေ


KIA Kachin Soldiers
KIA Kachin Soldiers

Zawgyi/Unicode

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကသိမ်းပိုက်ထားတဲ့ အလောဘွမ်တပ်စခန်းကို မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေပါသုံးပြီး ထိုးစစ်ဆင်နေပါတယ်။ KIA တပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်နေတဲ့အခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ကနေ မိုင် ၂၀ အကွာလောက်မှာရှိတဲ့ တပ်စခန်းတခုကို ပြန်လည်သိမ်းနိုင်ဖို့ စစ်ကောင်စီတပ်တွေက မြေပြင်ကသာမက ဝေဟင်ကနေပါ ထိုးစစ်ဆင် တိုက်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ ဗျူဟာကုန်းဖြစ်ခဲ့တဲ့ အလောဘွမ် (Alaw Bum) တပ်စခန်းကို ကချင်လက်နက်ကိုင် KIA တပ်တွေက မတ်လ ၂၅ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် ပြန်သိမ်းနိုင်ဖို့ အစိုးရတပ်တွေဘက်က ကြိုးစားနေပုံရပါတယ်။ အလောဘွမ် တောင်ကုန်းစခန်း လက်ရှိ တိုက်ပွဲအခြေအနေကို KIA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဒီတောင်ကုန်းက မနေ့က အစောကြီးကနေ လေယာဉ်ပျံနဲ့လာပစ်တာ။ အခုလည်း လေယာဉ်ပျံနဲ့လာပစ်ကြပါတယ်။ စက်သေနတ်တွေလည်းပစ်တယ်။ ဗုံးတွေလည်း လာကြဲကြတယ်။ လေယာဉ်ပျံကတော့ဖိုက်တာတွေပေါ့။ ဖိုက်တာချည်းပဲလာတာ။ နောက်ခြေကျင်နဲ့လည်း အထူးလာတယ်။ KIA က ခုခံပြီးမှ အခုတိုက်ပွဲတွေက ဖြစ်နေတုန်းဖြစ်ပါတယ်။”

အလောဘွမ် တောင်ကုန်းစခန်းအပြင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရဲ့ အပြင်မှာရှိတဲ့ KIA တပ်ရင်း ၃၀ စခန်းကိုလည်း မြန်မာစစ်တပ်က အင်အားအလုံးအရင်းနဲ့တိုက်ခိုက်နေသလို လေကြောင်းကနေ တိုက်ဂျက် လေယာဉ် ၂ စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေပေမယ့် ထိခိုက်မှုအခြေအနေတွေကိုတော့ ဒုဗိုလ်မှူးကြီးနော်ဘူက အခုလောလောဆယ် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဒေါ့ဖုန်းယန်မြို့ခံတယောက်ကတော့ မနေ့ကနဲ့ဒီမနက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ကြောင့် အနီးနားကရွာကဒေသခံတွေ ထိခိုက်မှု ရှိတယ်လို့ ပြောပါတယ်။

“အလောဘွမ်ဘက်မှာတော့ ဒီမနက် ကျနော်ကြားရတဲ့သတင်းကတော့ ငြိမ်းချမ်းကျေးရွာမှာ မနေ့ညက ဒီစစ်တပ်ဘက်ကလားမသိ တောင်ပေါ်ဘက် KIA လားမသိဘူး။ လက်နက်ကြီးပစ်လို့ ဘုန်းကြီးတပါးရယ်၊ ပြီးရင် ပြည်သူ (၄) ယောက် ထိတယ်လို့ ကြားတယ်။ ဆုံးသွားတာတယောက်လို့ကြားတယ်။”

ဗန်းမော် မြစ်ကြီးနား ကားလမ်းမပေါ်မှာရှိတဲ့ မြို့သစ်-တာပိန်မြစ်တံတားစောင့် တပ်စခန်းတခုကိုလည်းKIA က တိုက်ခိုက်ခဲ့တယ်လို့ အနီးနား မြို့သစ် ကျေးရွာသားတဦးကပြောပါတယ်။

“မနေ့ည အဲဒီမှာတိုက်ပွဲဖြစ်တယ်။ တာပိန်တံတားလေ။ ဟိုဘက်ကမ်းရော ဒီဘက်ကမ်းရော စခမ်းအသေးပေါ့။”

မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က မြို့သစ်ရွာနဲ့ကုန်း‌ရွာရှိ နေအိမ်အချို့ပေါ်လက်နက်ကြီးကျတဲ့အတွက် နေအိမ်တချို့ ပျက်စီးခဲ့သလို ထိခိုက် သေဆုံးသူတွေလည်း ရှိတယ်လို့ မြို့ခံက ပြောပါတယ်။

“မနေ့ည (၁၁) နာရီလောက်ကပစ်တဲ့ လက်နက်ကြီးကြောင့် ဘယ်ကနေပစ်သလဲတော့မသိဘူး။ အဲတာ မြို့သစ်ကျေးရွာ နတ်မှော်ချောင်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦး လက်နက်ကြီးကျည်ဆံထိပြီး ပွဲချင်းပြီးသေသွားတယ်လို့ ပြောတယ်။ အသက်က (၂၀) ကျော်လို့ ပြောတယ်။ နောက်က အိမ်တလုံး လုံးဝကိုရစရာမရှိအောင်ပျက်စီးသွားတယ်ပေါ့ဗျာ။”

အခုလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနီးအနားမှာရှိတဲ့ ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရပါတယ်။

အာဏာသိမ်းအုပ်ချုပ်နေတဲ့ နစက စစ်ကောင်စီဘက်က ဧပြီလကုန်တဲ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲထားကြောင်း ကြေညာထားသလို မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖဲ့ွတွေဘက်ကလည်း အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကချင်လွတ်မြောက်ရေး KIA အဖွဲ့၊ TNLA တအာင်း ပလောင်တပ်ဖွဲ့၊ ကရင် အမျိုးသားအစည်းအရုံး၊ KNU စတဲ့အဖဲ့ွတွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ကိုဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


Unicode















#WhatIsHappeningInMyanmar#KIA#AlawBum#Kachin#MilitaryCoup

XS
SM
MD
LG