သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် တိုင်းရင်းသားမဲတွေ ဆုံးရှုံးမှာ ကိုယ်စားလှယ်လောင်းတွေ စိုးရိမ်


မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ အထူးများပြားပြီး၊ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း အမြောက်အများရှိနေတဲ့ ကချင်ပြည်နယ်လို ဒေသတွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒမဲ ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။ သတင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းလောက်အထိရှိနိုင်ပြီး၊ ဒီအထဲက တဝက်လောက်ဟာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ နေထိုင်ကြတယ်လို့ ခန့်မှန်းထားပါတယ်။

ကချင်တိုင်းရင်းသားအများစုဟာ ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်ကြရတဲ့အပြင်၊ ဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့အတွက် တိုင်းရင်းသားပါတီတွေအတွက် ဆန္ဒမဲဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ပါဝင်ယှဉ်ပြိုင်မယ့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ရဲ့ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွှမ်းဇောင်း က ပြောပါတယ်။

“နယ်စပ်မှာကတော့ အထူးသဖြင့် ကျနော်တို့ ကချင်တိုင်းရင်းသားတွေက အများစုဖြစ်တယ်။ မြို့ဘက်မှာကတော့ တခြား တိုင်းရင်းသားလူမျိုးတွေ ပိုပြီးမှ နေတယ်။ အထူးသဖြင့် ဒေသခံတိုင်းရင်းသားတွေကတော့ နယ်စပ်က တောတောင်တွေမှာ မှီခိုကျက်စားပြီးတော့ နေတဲ့သူက ပိုများတယ်ပေါ့နော်။ ကျနော်တို့ ဒေသခံတွေက ဒီအထဲမှာ ကျနော်တို့က စိတ်ပါဝင်စားဖို့ ဆိုတာထက် အမြဲတမ်း ကြောက်စိတ်လွှမ်းမိုးပြီးတော့ ကျနော်တို့က အခက်အခဲတွေ ပူးပေါင်းပါဝင်ဖို့အတွက် အင်မတန်မှ ရှုတ်ထွေးမှုတွေ ဖြစ်တာပေါ့နော်။ နောက်တခုက ဒုက္ခသည်တွေကလည်း အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေက အခုဆိုရင် ၅ နှစ်ထဲကိုရောက်လာပြီ။ ကြောက်စိတ်တွေကတော့ လွှမ်းမိုးနေဆဲပေါ့နော်။ ကျနော် မဲထည့်မှားသွားရင်၊ တံဆိပ်တုံးထု မှားသွားရင် ကျနော့်ကို ဘာ သူတို့ တရားစွဲလာမလား၊ ဒါမှမဟုတ် ကျနော့်ကို ဘယ်လိုမျိုးဖြစ်လာမလဲ ဆိုတဲ့ သူတို့က အင်မတန်မှ စိုးရိမ်ကြောင့်ကြတဲ့ မဲသွားထည့်ရမှာတောင် အရမ်းကြောက်တဲ့ စိတ်တွေ လွှမ်းမိုးနေတာကို အဲ့လိုမျိုးတွေ့ရပါတယ်။”

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နီးကပ်လာချိန် နောက်ဆုံး စက်တင်ဘာလအထိ မန်စီမြို့နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်ရှိနေခဲ့ပြီး၊ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေလည်း ထပ်တိုးလာနေတယ်လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၉၁ ခုမှာ ခိုလှုံနေသူ ၃၈၀၅၄ ဦးရှိနေပြီး၊ ဒီအထဲက ရက်ပေါင်း ၁၈၀ ကျော်အထိ နေထိုင်နေတဲ့သူတွေဟာ ပုံစံ ၃-ကနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဆီမှာ လျှောက်ထားမှသာ တရားဝင် မဲပေးခွင့်ရကြမှာဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်လိုဒေသတွေမှာ ရွေ့ပြောင်းလုပ်သား အမြောက်အများရှိနေတဲ့အပြင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ဖို့ အစိုးရက စေလွှတ်ထားတဲ့ တပ်မတော်သားဦးရေ အမြောက်အများလည်း ရှိနေပြီး၊ ဒီတပ်မတော်သားတွေဟာ ဘယ်မဲဆန္ဒနယ်တွေမှာ ဘယ်လို မဲပေးကြမလဲ ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဦးလွှမ်းဇောင်းက ပြောပါတယ်။

“ဥပမာ ကျနော်တို့ သုံးသပ်မယ်ဆိုရင် ကချင်ပြည်နယ်ဘက်မှာ ဒီလိုမျိုး ဖြစ်လာပြီဆိုရင် ကျနော်တို့က စစ်သားပို့ရတယ်။ စစ်သားပို့တဲ့အချိန်မှာတော့ စစ်သားက ဘယ်သူ့ကို မဲထည့်မလဲဆိုတာတော့ ပြည်သူလူထုအားလုံး အသိဖြစ်တယ်။ စစ်သားကို ကျနော်တို့က ကျနော်တို့ ဒီ ဒေသခံ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေက သူတို့ကို ထဲထဲဝင်ဝင် မဲဆွယ်စည်းရုံး ဟောပြောပိုင်ခွင့် ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့ ဒေသခံတွေဆိုရင် တရွာမှာ အိမ်ခြေက ၂၀ ကျော် ၃၀ လောက်ပဲရှိတာ။ လူဦးရေဆိုရင် ၁၀၀ တောင် ပြည့်မှာမဟုတ်ဘူး။ အဲလိုမျိုးမှာ သူတို့က တပ်ရင်းတွေ၊ တပ်မဟာတွေ၊ တပ်မတွေ အဲ့လိုမျိုး ပို့လာလို့ရှိရင် ဒီပြဿနာတွေက အင်မတန်မှ ဒေသခံရွာသားထက် တခြားလူက ပိုများနေတာပေါ့။ ဒေသခံတွေ ကိုယ်စားပြု ပါဝင်ဖို့က ဘယ်လောက်အထိ ကျနော်တို့က စစ်ချက်မှန်မလဲဆိုတာ ကျနော်တို့က သုံးသပ်ရလိမ့်မယပေါ့။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၂ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်က ကျေးရွာ အုပ်စုပေါင်း ၄၀၀ ကျော်နဲ့ ပဲခူးတိုင်းက ကျေးရွာအုပ်စု ၄၁ စုတို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒီဒေသတွေမှာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ ရှမ်းပြည်နယ်က မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်တွေနဲ့ တန့်ယန်းမြို့နယ်နဲ့ ဟိုပုန်းမြို့နယ်တို့က ကျေးရွာအုပ်စု ငါးဆယ်မှာ ရွေးကောက်ပွဲတွေကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ထပ်ပြီး ကြေညာခဲ့ပါတယ်။

မဲစာရင်းဟာ သန်းခေါင်စာရင်းနဲ့ မတူညီဘဲ၊ စုစုပေါင်း မဲဆန္ဒရှင်ဦးရေဟာ သန်းခေါင်စာရင်းထက် ပိုများနိုင်ပေမယ့် သန်းချီပြီးတော့ ပိုများမှာတော့ မဟုတ်ဘူးလို့ အောက်တိုဘာလ ၁၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ Facebook စာမျက်နှာမှာ တင်ထားတဲ့ ဆောင်းပါးမှာ ရှင်းပြထားတာ တွေ့ရပါတယ်။

XS
SM
MD
LG