သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပွဲ ၄ နှစ်မြောက် ဆုတောင်းပွဲများပြုလုပ်


ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ၄ နှစ်မြောက်နေ့မှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က ဦးဆောင်ပြီး ငြိမ်းချမ်းရေးရရှိစေဖို့၊ အခက်အခဲတွေ ဖြတ်ကျော်နိုင်စေဖို့နဲ့ နေရပ်ရင်း ပြန်နိုင်ဖို့အတွက် ဆုတောင်းပွဲတွေကို ပြည်နယ်နဲ့အဝှမ်း ကျင်းပပါတယ်။ လူမှုအသင်းအဖွဲ့တွေကတော့ စစ်ပွဲအတွင်း အမျိုးသမီးများအပေါ် ကျူးလွန်မှုတွေ ရပ်တန့်စေဖို့အတွက် ပိုစတာတွေ၊ နံရံကပ်စာရွက်တွေ ဖြန့်ဝေခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

KBC ခေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က အဖွဲ့ဝင်အသင်းတော် ၄၀၀ ကျော်ကို ဒီကနေ့ ဆုတောင်းပွဲတွေ ကျင်းပဖို့ ဆော်သြခဲ့ရာမှာ အစာရှောင် ဆုတောင်းပွဲတွေနဲ့ ဝတ်ပြုဆုတောင်းပွဲတွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ အဓိက ဆုတောင်းဖြစ်တဲ့ အချက်တွေကို KBC ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလပ်ဆမ်ဆွန်က အခုလို ပြောပါတယ်။

“အခု ၄ နှစ်ပြည့်ပြီဆိုတော့ ပြဿနာတွေ ဒုက္ခတွေကလည်း ပိုပြီးမှ များလာတယ်လို့ ဆိုရမှာပေါ့။ အဲဒီမှာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ လျော့နည်းလာတာလည်းရှိတော့ ကျနော်တို့က ဒါကို ခံနိုင်ဖို့အတွက်ပေါ့နော် ဒါကို ဆုတောင်းကြတယ်။ ပြီးရင် IDP Camp တွေ မိမိရဲ့မိခင် နေရာကို ရွာကို ပြန်ချင်ကြတယ်။ အဲဒီမှာ စစ်တပ်တွေက တပ်စွဲထားတော့ တပ်စွဲထားတဲ့နေရာတွေကို ဖယ်ရှားအောင်လုပ်ပစ်ဖို့ပေါ့နော် အဲဒါ ဆုတောင်းတယ်။ ငြိမ်းချမ်းရေးအတွက်ကတော့ စစ်မှန်တဲ့ ဒီ တရားမျှတတဲ့ အခု ဒီ ceasefire မျိုးဖြစ်အောင်ပေါ့ အထူး ဆုတောင်းတဲ့အထဲမှာ ဒါတွေ ပါပါတယ်။”

ဒုက္ခသည်စခန်းတွေကို ၂ လစာ ထောက်ပံဖို့အတွက် လောလောဆယ် သိန်း ၄ ထောင်လောက် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လက်ရှိ ထောက်ပံ့ပေးနေတဲ့ ဆန်အစား ငွေကြေး ထောက်ပံ့တော့မယ်လို့ သတင်းတွေ ဖြစ်ပေါ်နေတာကြောင့်လည်း စိုးရိမ်တာတွေ ဖြစ်ပေါ်နေတယ်လို့ မြစ်ကြီးနားမြို့ ဂျမိုင်ကောင်စခန်းက ဓမ္မဆရာ ဦးအောင်မြတ်က ပြောပါတယ်။

“ပေးနေတဲ့ ဆန်တန်ဖိုးအတိုင်း ပေးမယ်လို့ သတင်းကြားတယ်။ ဒါတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ မျှော်လင့်တယ်။ ပြောမယ်ဆိုရင်တော့ ဒီဟာ ဒေသထွက် ဆန်တွေကတော့ ဒေသပြည်သူတွေ စားဖို့တောင်မှ မလုံလောက်ကြဘူးပေါ့။ တကယ် ကျနော်တို့က အားလုံး ဒုက္ခရောက်နေတယ်လို့။”

ဒီကနေ့ကျရောက်တဲ့ ကချင်စစ်ပွဲ ၄ နှစ်မြောက်နေ့မှာတော့ မြစ်ကြီးနားအခြေစိုက် လူမှုအသင်းအဖွဲ့တွေက စစ်ပွဲကာလအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျုးလွန်တာတွေကို ရပ်တန့်စေဖို့အတွက် ပိုစတာတွေ၊ နံရံကပ်စာရွက်တွေ ဖြန့်ဝေခဲ့တယ်လို့ Htoi Gender and Development Foundation က ဒေါ်နန်ပူက ပြောပါတယ်။

“ကျမတို့ရဲ့ Program တွေကတော့ ၆ မျိုးလောက်ရှိတယ်။ စစ်ရဲ့သက်ရောက်မှုကတော့ တော်ပါပြီပေါ့။ ငြိမ်းချမ်းရေးရဲ့ အငွေ့အသက်ကို လိုချင်ပါတယ်ဆိုတဲ့ စာသားကို ကာရံညီအောင် ရေးထားတဲ့ဟာ အဲဒါ ပါတယ်။ ပဋိပက္ခဒေသမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးအား လေးစား ကာကွယ်ကြဆိုတာရယ်၊ အမျိုးသမီးများ လိင်အကြမ်းဖက် သတ်ဖြတ်ခံရခြင်း အမှုမှန်ဖော်ထုတ်ပေး ဆိုတဲ့ဟာရယ် အဲဒီဟာကို ဗန်းမော်၊ ပူတာအို၊ မိုးကောင်း၊ မိုးညှင်း၊ နမ္မတီး၊ ဖားကန့်၊ တနိုင်း၊ လိုင်ဇာ၊ မိုင်ဂျာယန်ဘက်မှာ တတ်နိုင်သလောက် ဖြန့်ထားပါတယ်။”

ဒီလှုပ်ရှားမှုမှာ လူမှုအသင်းအဖွဲ့ ၁၀ ဖွဲ့လောက် ပူးပေါင်းပါဝင်ကြတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ပြည်နယ် စစ်ပွဲကာလအတွင်းမှာ ဒေသခံပြည်သူ အနည်းဆုံး ၁ သိန်းခွဲလောက်ဟာ ကချင်ပြည်နယ်က မြို့ကြီးတွေနဲ့ တရုတ်-မြန်မာနယ်စပ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ လောလောဆယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ လော်ခီးလာစခန်းမှာ ထိပ်သီး ဆွေးနွေးပွဲတရပ် ကျင်းပနေပြီး အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးနေပါတယ်။ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မတ်လကုန်က သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ပါအချက်တချို့ကို ပြင်ဆင်ဖို့ ရှိနေတာကြောင့် စာချုပ်အတည်ပြု လက်မှတ်ရေးထိုးရေးဟာ ထပ်မံ အချိန်ယူရမယ့် အခြေအနေ ရှိနေပါတယ်။

XS
SM
MD
LG