သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲတွေရပ်ဖို့ ကချင်အမျိုးသမီးဖိုရမ် တောင်းဆို


စစ်ပွဲတွေရပ်ဖို့ ကချင်အမျိုးသမီးဖိုရမ်တောင်းဆို (Kachin Women Peace Network)
စစ်ပွဲတွေရပ်ဖို့ ကချင်အမျိုးသမီးဖိုရမ်တောင်းဆို (Kachin Women Peace Network)

စစ်ရေးတင်းမာမှုတွေ တကျော့ပြန်ဖြစ်နေတဲ့ ကချင်ဒေသထဲက တိုက်ပွဲတွေ ချက်ခြင်းရပ်တန့်ပေးဖို့နဲ့ စစ်ဘေးရှောင်စခန်းတွေက ဒုက္ခသည်တွေ အရေးကြီးလိုအပ်နေတဲ့ လူသားချင်း စာနာမှုအကူအညီတွေကို နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ အမြန်ဆုံးရအောင် ဆောင်ရွက်ပေးဖို့နဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လက်တွေ့အကောင်အထည်ဖော်ပေးဖို့ ကချင်အမျိုးသမီးများဖိုရမ်က တောင်းဆိုလိုက်ပါတယ်။ ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်၊ ကချင်ပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်လွှတ်တော်ကို ကချင်နဲ့ရှမ်းပြည်နယ်က အမျိုးသမီးခေါင်းဆောင်တွေ စစ်ဘေး စစ်ရှောင်စခန်းတွေက အမျိုးသမီးကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အမျိုးသမီးကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ်.လို့
အမျိုးသမီးကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ်.လို့

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေနဲ့ စစ်ရှောင်စခန်းတွေက အမျိုးသမီးကိုယ်စားလှယ် ၁၀၀ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့နဲ့ ၂၉ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ စုဝေးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုစုဝေးတွေ့ဆုံခဲ့ကြတဲ့ ကချင်အမျိုးသမီးများငြိမ်းချမ်းရေးဖိုရမ်ကနေ ကချင်ဒေသကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတာကို ချက်ခြင်းရပ်တန့်ပေးဖို့၊ စစ်ရှောင်စခန်းတွေက ပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ မည်သည့်အကြောင်းပြချက်နဲ့မှ နှောင့်နှေးကြန့်ကြာမှုမရှိပဲ အမြန်ဆုံးရအောင် ဆောင်ရွက်ပေးဖို့၊ လက်ရှိဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ရေး မြန်မာ့တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ကချင်ပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်လွှတ်တော်ကို တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။ ကချင်အမျိုးသမီးများငြိမ်းချမ်းရေးဖိုရမ်က အဓိကတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ကချင်အမျိုးသမီးအစည်းအရုံး က ဆိုင်းဇင်က အခုလိုပြောပါတယ်။

“တောင်းဆိုထားတာက ထိုးစစ်ရပ်ပေးဖို့ ကိစ္စရယ် ပြီးရင်အမျိုးသမီးနဲ့ ကလေးတွေ လုံခြုံရေးကိစ္စရယ်၊ IDP တွေ နေရပ်ကောင်းကောင်းပြန်နိုင်ရေးကိစ္စရယ်၊ ပြီးရင်လောလောဆယ်တော့ ထိုးစစ်ကိုရပ်တန့်ပေးဖို့ ကိစ္စရယ်၊ နောက် အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရှိဖို့အတွက်လည်း တိုးမြင့်ဆောင်ရွက်ပေးဖို့ပေါ့နော် ၊ အဓိက ဒီအချက်တွေကို တောင်းဆိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အစိုးရကိုတင်ပြချင်တာအဲဒီအချက်ပါတယ်။ ပြီးရင်နောက်တချက်ကတော့ ကျမတို့က တပ်ပိုင်းဆိုင်ရာဆိုရင် စစ်တပ်က ဒါအခုလိုမျိုး ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကာလမှာ ၂၁ ပင်လုံဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ခေါ်လုပ်လာတဲ့လမ်းကြောင်းမှာဆိုရင်လည်း တဖက်ကနေ ထိုးစစ်ဆင်နေတဲ့ကိစ္စတွေ တဘက်မှာ ဒေါ်စုတို့ အစိုးရပိုင်းက နိုင်ငံခြားရောက်တဲ့အချိန်မှာ၊ တဘက်မှာလည်း ထိုးစစ်အကြီးအကျယ်ဆင်လာတာတွေက ကျမတို့ကအဓိက အဲဒီကိစ္စကို ဇောင်းပေးပြီးမှ ပြောချင်တာပေါ့နော်။”

ဒီလစက်တင်ဘာလထဲမှာပဲ ကချင်ပြည်နယ်ထဲ တကျော့ပြန်တိုက်ပွဲတွေပြန်ပြင်းထန်လာပြီး ကချင်လက်နက်ကိုင်တပ်စခန်းချရာနေရာတွေကို လက်နက်ကြီးတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိလာတဲ့အတွက် အနီးနားက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ၊ ဒေသတွင်းက ကျေးရွာတွေက ဒေသခံပြည်သူတွေမှာ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး ကလေးငယ်တွေအပါအဝင် အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရတာတွေရှိနေတဲ့အတွက် ဒီလိုဖြစ်ပွားနေတဲ့စစ်တွေကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်နေတဲ့ကာလအတောအတွင်းမှာ စစ်အင်အားတိုးချဲ့ပြီးတော့ တိုင်းရင်းသားနယ်မြေတွေကိုပြန်ပြီးတော့မှ ထိုးစစ်ဆင်လာတယ်ဆိုတာက တော်တော်လေးကို ဆိုးဝါးတဲ့အခြေအနေဖြစ်တယ်။ အဲဒါကြောင့်ကျမတို့က ကချင်လူထုတွေအနေနဲ့ ကျမတို့ ဒါကိုတော့ သဘောမကျဘူး၊ ဒါအပြောနဲ့ လက်တွေ့လုံးဝကွဲလွဲနေတယ်ဆိုတာ ကျမတို့ အဲဒါကို မကြိုက်ဘူးပေါ့နော်။”

ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်ဒုက္ခတွေကို ကိုယ်တိုင်ရင်ဆိုင်ခံစားနေရတဲ့ အမျိုးသမီးတွေ ပါဝင်ဖြေရှင်းနိုင်ခွင့်ရရှိရေးအပါအဝင်၊ စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့မူဝါဒတွေ၊ ဥပဒေတွေ ဖြစ်ပေါ်လာရေးငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း တောင်းဆိုလိုပါတယ်လို့ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးဖိုရမ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး အဘက်ဘက်က အကောင်အထည်ဖော်ပံ့ပိုးပေးနေတဲ့ နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာအလှူရှင်တွေ၊ ၂၁ရာပင်လုံညီလာခံအတွက်ပြင်ဆင်နေတဲ့ကော်မတီ၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တွေကနေ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်ရေး၊ စစ်ဖြစ်ပွားနေတဲ့ဒေသတွေမှာ အထူးသဖြင့် အရပ်သား ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ဒုက္ခရောက်နေရတဲ့ ဒေသခံတွေအတွက် လိုအပ်နေတဲ့ အထောက်အပံ့အကူအညီတွေကို အနှောင့်အယှက်မရှိပဲ ကူညီနိုင်ရေး ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြဖို့ကိုလည်း ကချင်အမျိုးသမီးထုက အထူးမေတ္တာရပ်ခံတောင်းဆိုတဲ့အကြောင်းလည်း ကချင်အမျိုးသမီးအစည်းအရုံးက ဆိုင်းဇင်က အခုလိုပြောပါတယ်။

“၂၀၁၁ ဦးသိန်းစိန်အစိုးရလက်ထက်ကနေ ကျမတို့ တိုက်ပွဲဖြစ်လာတဲ့အချိန်မှာ ကျမတို့ June 9 မှာ စစ်ကပြန်ဖြစ်လာတယ်။ ဒါပေမယ့် ၁၂ လပိုင်းမှ International Aid ကို အဲဒီအချိန်မှ ရောက်ခွင့်ပြုတယ်၊အဲဒါအချိန်မှ UN တခေါက်ဝင်ရတယ်။ နောက် ၂ လ ၃ လ နေမှ နောက်တဖွဲ့ပြန်ရောက်တယ်။ အဲဒီလိုမျိုး WFP ( World Food Program) ကနေထောက်ပံ့တာ အစတုန်းက ဆန်တွေရှိတယ် ၊ ဆားတွေရှိတယ်၊ ဆီတွေ သူတို့ပေးကြတယ်။ ဒါပေမယ့် အခုကျမတို့ သွားလေ့လာတဲ့အခါကျတော့ အမျိုးသမီးတွေ တော်တော်အခက်အခဲရှိနေတာတွေ့ရတယ်။ သားသမီးလည်းများတယ်၊ တချို့ဆိုရင် မုဆိုးမတွေဖြစ်တယ်၊ တချို့ဆိုရင် အသက်အရမ်းကြီးသွားပြီးမှ သူကလည်းမလုပ်မကိုင်နိုင် အမျိုးသားကလည်း မလုပ်နိုင်မကိုင်နိုင် ဖြစ်တယ်။ အဲဒါဆိုတော့ သူတို့ နေ့စားသွားမယ်ဆိုရင်လည်း သူတို့ကို နေ့စားတာဝန်မပေးချင်ကြဘူး။ အဲဒီတော့ အဓိကတွေ့ရတာဘာလဲဆိုတော့ အမျိုးသမီးတွေက သူတို့အတွက်တော်တော်လေး ဒုက္ခရောက်တဲ့အနေအထားတော့ရှိတယ်အမ။”

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ကချင်၊ရှမ်းမြောက်ဒေသ (၁၆)ဒေသက လာရောက်တဲ့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ကချင်အမျိုးသမီးသမဂ္ဂ၊ ကချင်အမျိုးသမီးအစည်းအရုံး၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် အပါအဝင် ကချင်အမျိုးသမီးအဖွဲ့အစည်းကွန်ရက်(၃၀)က ကိုယ်စားပြုတက်ရောက်လာတဲ့ အမျိုးသမီးတွေကနေ ကချင်ဒေသတွင်း ထိုးစစ်ဆင်မှုတွေ ချက်ခြင်းရပ်ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံတော်တာဝန်ရှိသူတွေကို အောက်တိုဘာလ ၁ရက်နေ့ နေ့စွဲနဲ့ တောင်းဆိုကြေညာချက်ကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG