သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားအသင်းပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့ ကချင်လူငယ် (၄၈)ဦး လွတ်မြောက်လာ


ကချင်ပြည်နယ် မြင်ကွင်း။
ကချင်ပြည်နယ် မြင်ကွင်း။

ကချင်ပြည်နယ်မှာ တပ်မတော်ကနေဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၁၇(၁)နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ လူငယ် ၄၈ ယောက်ဟာ ပြီးခဲ့တဲ့ရက်ကပဲ ဗန်းမော်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါပြီ။ သူတို့အပေါ် စွဲတင် ထားတဲ့ ပုဒ်မ ၁၇ (၁) အစား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂၊ ပြစ်မှုကျူးလွန်ပြီး သတင်းပေးပို့ရန် ပျက်ကွက်မှုနဲ့ ပြောင်းလဲ စွဲတင် ပြီး ပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက်ပိုင်း အခုလို ပြန်လွတ်လာတာပါ။ အပြည့်အစုံကို ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ် က သတင်းပေးပို့ထားပါတယ်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁နဲ့တရားစွဲဆိုခံရတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်က လူငယ်(၄၈)ဦးဟာ ဗန်မော် အကျဉ်း ထောင်ကနေပြန်လည် လွတ်မြောက်လာခဲ့ပြီးလို့ အမှုကိုကူညီဆောင်ရွက်ပေးနေတဲ့တရားလွတ်တော် ရှေ့နေ ဦးခွန်နောင်ကပြောပါတယ်။

" ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂နဲ့ ပြောင်းပြီးတော့မှ အမိန့်ချလိုက်တာပေါ့ ပြစ်ဒဏ်တော့ ချတာပေါ့ဗျာ။ ဒါပေမဲ့လည်း ပြစ်ဒဏ်ချပေမဲ့လည်း ချုပ်ရက်နဲ့ လွတ်သွားတာပေါ့။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂ဆိုတာ ပြစ်မှုကျူးလွန်ပြီးဖြစ်ကြောင်း သိတဲ့ဖြစ်စေ ယုံကြည်ရန်အကြောင်း ရှိလျက်နှင့်ဖြစ်စေ မည်သူမဆို ထိုပြစ်မှုနဲ့စပ်လျဉ်းလို့ ဥပဒေန့အညီ ပေးရန်တာဝန်ရှိသောသတင်းကို မပေးပဲ တမင်ပျက်ကွက်လျှင် ထိုသူကို ခြောက်လ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ပေါ့။ ဆိုလိုတာကတော့ဗျာ သူတို့ကတော့ ပြစ်မှုကျူးလွန်ပြီးဖြစ်တယ်လို့ တာဝန်ရှိတဲ့သူတွေကို သတင်းမပေးပဲ ပျက်ကွက်တာပေါ့ဗျာ အဲ့ဒီ့ပုဒ်မနဲ့ပြောင်းပြီးချတာ။ "

လူငယ်(၄၈)ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁အစား ဥပဒေရာဇသတ်ကြီး ပုဒ်မ(၂၀၂)နဲ့ပြောင်းလဲ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က လွတ်မြောက်လာတဲ့လူငယ်တွေအနေနဲ့လက်ရှိဗန်းမော်မြို့မှာမှာ အထိန်းသိမ်းခံကာလအတွင်း သိမ်း ဆည်းခံ ပစ္စည်းတွေကိုထုတ်ယူနေဆဲလို့ ဦးခွန်နောင်ကဆိုပါတယ်။

"လွတ်ပြီးတော့မှ အိမ်ပြန်ဖို့သူတို့လုပ်နေကြတယ်။ သူတို့ကို ဗန်းမော်ကနေပြီးတော့မှ မှတ်ပုံတင်တွေ လက်ကိုင်ဖုန်းတွေပေါ့ဗျာ။ အဲ့တာတွေကို သူတို့ဖမ်းမိစဉ်က သိမ်းထားတာတွေရှိတယ် အဲ့တာတွေကို စောင့်ယူပြီးတော့မှ ပြန်မယ်လို့သိရတယ်။ ၄၈ယောက်လုံး လွတ်တယ်ဗျ။"

ပြီးခဲ့တဲ့၂၀၁၆ခုနှစ်အောက်တိုဘာလမှာ KIOကချင်လွတ်လပ်ရေးအဖွဲ့ထိမ်းချုပ်ဒေသဘက် မိုင်ဂျာယန်မှာ သင်တန်းသွား တက်ခဲ့တဲ့ ပူတာအိုမြို့နယ်ဒေသခံ လူငယ်၄၈ ဦးကို တပ်မတော်ကနေ ဖမ်းဆီးထားပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာပါ။ ဒီအခြေအနေကို တရားလွှတ် တော်ရှေ့နေ ဦးခွန်နောင်ကပြောပါတယ်။

" သူတို့ကတော့ မိုင်ဂျာယန်မှာ စိုက်ပျိုးမွေးမြူရေးသင်တန်းသွားတက်တာပေါ့လေ။ စိုက်ပျိုးမွေးမြူရေးသင်တန်းတက်ပြီးတော့ ပြန်လာတဲ့အချိန်မှာ လွယ်ဂျဲမှာတခ ျို့ဖမ်းတယ်။ စိန်လုံမှာ တချို့ဖမ်းတယ်။ ဂိတ်မှာ တချို့ဖမ်းတယ်။ ဖမ်းပြီးတော့မှ မတရားအသင်းဥပဒေအက်နဲ့ဖမ်းလိုက်တာပေါ့။"

အဲဒီလူငယ်တွေကနေ ဖွံ့ဖြိုးရေးသင်တန်းတွေ တက်ရောက်လိုတာကြောင့် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အဖွဲ့တွေ နဲ့ ဒေသခံ တချို့က ကေအိုင်အေထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းတက်ရောက်နိုင်ဖို့အတွက် စီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ KBCအတွင်းရေးမှူးဒေါက်တာ ခလန်ဆမ်ဆွန်က ပြောပါတယ်။

" အဓိကကတော့ လိုင်ဇာမှာ သူတို့သင်တန်းသွားတက်တယ်ဆိုပြီးတော့ပေါ့ အမှန်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အသိပညာပေးသင်တန်းပေါ့။"

ဖမ်းဆီးခံထားရသူတွေဟာ မိုင်ဂျာယန်မှာ တစ်လကြာ သင်တန်းသွားရောက် တက်ခဲ့တာဖြစ်ပြီး သင်တန်းတက်ရောက်ပြီး အပြန် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်နေ့ ကဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၅ဦး ပါဝင်ပြီး ဗန်မော် အကျဉ်းထောင်မှာ (၇)လတာ ထိန်းသိမ်း ခံရပြီးအခုလိုပြန်လည် လွတ်မြောက် လာတာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG