သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်နယ်လေးခုမှာ ကျန်းမာရေးဝန်ထမ်းများဆန္ဒပြ


Kaiser ကျန်းမာရေးဝန်ထမ်း မမေ (Zoom Screenshot/VOA)
Kaiser ကျန်းမာရေးဝန်ထမ်း မမေ (Zoom Screenshot/VOA)

အမေရိကန်သမိုင်းမှာ သောင်းနဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းအများဆုံးပါဝင်တဲ့ဆန္ဒပြပွဲတွေကို ပြည်နယ် လေးပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပါတယ်။ အကြီးဆုံး ကျန်းမာရေးအာမခံ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Kaiser Permanente မှာ အလုပ်ကို အားနဲ့မမျှထမ်းဆောင်နေရပြီး ဝန်ထမ်းအလုံအလောက်ခန့်အပ်ရေး အဓိကတောင်းဆိုနေကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြနေတဲ့ Kaiser ကျန်းမာရေးဝန်ထမ်း မမေက ဗွီအိုအေကိုပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုက Kaiser ကျန်းမာရေးစောင့်ရှောက်မှုစင်တာရှေ့ မှာဆန္ဒပြနေတဲ့ မမေ ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ မမေရေ၊ အခု ဆန်ဖရန်စ္စကိုမှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဆန္ဒပြနေတဲ့အခြေအနေကို ပြောပြပါအုံးရှင့်။

မမေ။ ။ ဟုတ်ကဲ့၊ ဒီနေ့ မှာ ဆန်ဖရန်စ္စကို ကိုင်ဇာ (Kaiser Permanente) ဝန်ထမ်းတွေ ဆန္ဒပြနေတာပါ။ ဝန်ထမ်းအားလုံး ပါဝင်ဆန္ဒပြကြပါတယ်။ ကျမဆိုရင် laboratory ဘက်ကနေ ပါဝင်ပြီး ဆန္ဒပြပါတယ်။ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ နောက်ပြီးတော့ Housekeeping ဝန်ထမ်းများ၊ Pharmacy ဝန်ထမ်းများ၊Medical Center out-patient က ဝန်ထမ်းများ အားလုံးပါဝင်ပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အဓိက အဲဒီမှာ ကျန်းမာရေးဝန်ထမ်းတွေက ဘာကြောင့် ဆန္ဒပြနေကြတာလဲရှင့်။

မမေ။ ။ ဟုတ်ကဲ့၊ ကျမတို့က front line essential workers များ ဖြစ်တဲ့အတွက် ကျမတို့ဟာ Patients တွေအတွက်ကို အဓိကထားပြီးတော့ တောင်းဆိုနေတာပါ။ patient ဦးရေနဲ့ ကျမတို့ရဲ့ ဝန်ထမ်းဦးရေ မမျှတမှုအတွက်ပါ။ patient တွေ များပြားလာတာနဲ့အမျှ ဝန်ထမ်းဦးရေ လုံလုံလောက်လောက် ပိုရှိဖို့ လိုပါတယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ဝန်ထမ်းဦးရေလုံလောက်ရေး ၊ sick call ခေါ်တဲ့ဝန်ထမ်းများ ၊ vacation သွားတဲ့ဝန်ထမ်းများနေရာမှာ အခြား ဝန်ထမ်းများအစားထိုးပေးနိုင်ရေး ဒါတွေကို တောင်းဆိုပါတယ်။ အဓိက ထားပါတယ်။

အင်ကြင်းနိုင်။ ။ ကိုင်ဇာမှာအလုပ်လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကနေပြီးတော့ ဆန္ဒပြတာဆိုတော့ ကုမ္ပဏီဘက်ကရော ဘယ်လိုတုံ့ပြန်တာတွေ သိရပြီလဲရှင့်။

မမေ။ ။ ကုမ္ပဏီဘက်က ကျမတို့တောင်းဆိုထားတဲ့အချက်အလက်များကို သူတို့ သဘောတူညီခြင်းမရှိပါဘူး၊ အဲဒါကြောင့် လစာမဲ့၊ လုပ်ခမဲ့ နဲ့ဆန္ဒပြကြဖို့ ကျမတို့ ရွေးချယ်လိုက်တာပါ။ အခုဆန္ဒပြပွဲက အောက်တိုဘာ ၄ ရက်၊ ၅ ရက်၊ ၆ ရက် သုံးရက်ဆက်တိုက် ဆန္ဒပြမှာပါ။ ဒီသုံးရက်မှာမှ ကုမ္ပဏီက လူကြီးများက ဆိုင်းထိုးဖို့ သဘောမတူခဲ့ရင် ကျမတို့က နိုဝင်ဘာမှာ ဆက်ပြီးတော့ နောက်ထပ် တပတ်ဆက်ပြီးဆန္ဒပြဖို့ အစီအစဉ်ရှိပါတယ်။

အင်ကြင်နိုင်။ ။ဟုတ်ကဲ့ အခုကိုင်ဇာမှာအလုပ်လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက် ဘယ်လောက် လောက် ပါဝင် ဆန္ဒပြနေကြတာလဲရှင့်။

မမေ။ ။ ဒီနေ့ဆိုရင် ကယ်လီဖိုးနီးယားမှာရှိတဲ့ ကိုင်ဇာရယ်၊ နောက်ပြီးတော့ ဗာဂျီးနီးယားပြည်နယ်၊ နောက် ကော်လိုရာဒို၊ ဝါရှင်တန်ပြည်နယ်တွေမှာ ရှိတဲ့ ဝန်ထမ်းအားလုံး ပါဝင်ထားတဲ့အတွက် ဝန်ထမ်းဦးရေ ခန့်မှန်းခြေ ၇ သောင်းခွဲ လို့ ဆိုပါတယ်။

အင်ကြင်းနိုင်။ ။ ဝန်ထမ်းပေါင်းက ၇ သောင်းခွဲကျော်တောင် ရှိနေတဲ့ အနေအထားမှာ ကိုင်ဇာကုမ္ပဏီက ဝန်ထမ်းတွေရဲ့တောင်းဆိုချက်ကို ဘယ်လိုစဉ်းစားနေလဲရှင့်။

မမေ။ ။ အခု တောင်းဆိုထားတဲ့အချက်လက်တွေကတော့ အဓိက က ဝန်ထမ်းဦးရေ လုံလုံလောက်လောက် ချမှတ်ပေးရေးပေ့ါ။ နောက်ကျမတို့ရဲ့ လက်ရှိ ရှိပြီးသား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကျိုးခံစားခွင့် တွေကို မလျေ့ာပါးစေဘဲ ပေးထားဖို့ ၊ နောက်ပြီးတော့ လစာတိုးပေးဖို့ အဲဒီအချက်အလက်တွေ ပါဝင်ပါတယ်။ နောက် ကျမတို့ရဲ့အလုပ်နေရာများကို အာမခံချက်ရှိဖို့ပေါ့နော်။ အဲဒီတော့ သူတို့က တချို့တဝက်ပဲ သဘောတူညီထားပါတယ်။ အကုန်လုံးအပြည့် သဘောတူညီမထားပါဘူး။ သုံးနှစ်တခါ သဘောတူညီချက်လုပ်တဲ့အခါမှာ ကျမတို့ အလုပ်သမားသမဂ္ဂကတောင်းဆိုထားတဲ့ အချက်တချို့လောက်ပဲ ကိုင်ဇာကုမ္ပဏီက သဘောတူညီခဲ့တာပါ။ အလုပ်သမားသမဂ္ဂဘက်က လက်လျှော့ခဲ့ရပါတယ်။ ဒီနှစ်တော့ ကျမတို့ ဝန်ထမ်းတွေဘက်က လက်မလျှော့ဘူး။ အကျိုးခံစားခွင့်တွေအပါအဝင် ကျမတို့ အလုပ်သမားသမဂ္ဂတွေဘက်က တောင်းဆိုထားချက်တွေကို အပြည့်အဝရမှသာ ကျမတို့ဘက်က ဆန္ဒပြပွဲတွေကို ရပ်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ ပြည်နယ်အစိုးရတွေကရော ဗဟိုအစိုးရဘက်ကရော ကိုင်ဇာက ကျန်းမာရေးဝန်ထမ်းတွေရဲ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က ဘယ်လိုဝင်ရောက်ဆောင်ရွက်တာတွေ တုံ့ပြပန်တာတွေ ရှိလဲရှင့်။

မမေ။ ။ သူတို့ဘက်က ပါဝင်ဆောင်ရွက်နေတာမျိုး ကျမ မမြင်မိပါဘူး။ ဒါပေမယ့် ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေး၊ အခွင့်အလန်းတွေအပါအဝင် လူနာတွေရဲ့ အသက် လုံခြုံရေးတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတော့ အစိုးရဘက်က ကျမတို့ တောင်းဆိုချက်တွေကို ထောက်ခံတဲ့ သဘောမျိုးတွေ့ရပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ မမေတို့ အခု ကျန်းမာရေးဝန်ထမ်းတွေရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကရော ဘာလဲရှင့်။

မမေ။ ။ ယူနီယံကတော့ ပထမသုံးရက် ဆန္ဒပြမယ်။ ဒီသုံးရက်မှာ မလိုက်လျောလို့ရှိရင် ကျမတို့ အလုပ်ကို ပုံမှန်အတိုင်းပြန်သွားမယ်။ ဒါပေမဲ့ နိုဝင်ဘာမှာ တပတ်ပြန်ပြီး ဆန္ဒပြပါမယ်။

XS
SM
MD
LG