သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေဆိပ်ကမ်း ကုန်းတွင်းလမ်းတည်ဆောက်ရေး ကြန့်ကြာ 


Kaladan Multi-Modal Transit Transport Project (Credit-Wiki)
Kaladan Multi-Modal Transit Transport Project (Credit-Wiki)

[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း စစ်တွေဆိပ်ကမ်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးသွားပြီးမို့ လာမယ့်နှစ်ဆန်းပိုင်းမှာ စစ်တွေဆိပ်ကမ်းဖွင့်နိုင်ဖို့ နယ်စပ်ကုန်သည်တွေ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါကပ်ဘေးနဲ့ အခုလတ်တလော လုံခြုံရေးအခြေအနေတွေကြောင့် စီမံကိန်းတခုလုံးရဲ့ ကုန်းတွင်းပိုင်းတည်ဆောက်ရေးတွေမှာ ကြန့်ကြာနေပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတာကို ကိုစည်သူက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုတဆင့်ခံထားတဲ့ အိန္ဒိယရဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းကို မကြာခင် ဖွင့်လှစ်တော့မယ်လို့ မြန်မာသတင်းဌာနတွေက ရေးသားဖော်ပြကြပေမဲ့ အိန္ဒိယအစိုးရကတော့ တချို့အပိုင်းတွေမှာ အခုအချိန်အထိ ကြန့်ကြာနေသေးတယ်လို့ တနင်္လာနေ့က ပြောပါတယ်။ ရေလမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်က ပြီးစီးသွားပေမဲ့ မြန်မာပြည်တွင်း ကုန်းတွင်းပိုင်းကို ဖြတ်သန်းသွားတဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေမှာတော့ လုံခြုံရေးပြဿနာတွေ ရှိနေတယ်လို့ သိရပါတယ်။

ရေလမ်းပိုင်းအဓိက ဆိပ်ကမ်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကတော့ ရာနှုန်းပြည့်ပြီးစီးသွားပြီး အခုလာမယ့် ဇန်နဝါရီလထဲမှာ ဖွင့်နိုင်လိမ့်မယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဆိပ်ကမ်းကနေ ပို့ကုန်တွေကို စမ်းသပ်ပို့ဆောင်ဖို့လည်း ရှိနေတာပါ။ ချင်းပြည်နယ်ထဲက ကုန်းတွင်းပိုင်းလမ်းမှာတော့ လမ်းအူကြောင်း ဖောက်ထားပေမဲ့ တချို့နေရာတွေမှာ တည်ဆောက်နေဆဲလို့ သူကပြောပါတယ်။

" လက်ရှိ ပထမအဆင့်အနေနဲ့ကတော့ စစ်တွေဆိပ်ကမ်း port ကို ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။ စစ်တွေဆိပ်ကမ်းဆိပ်ကနေ တဆင့်ပေါ့လေ တက်နိုင်အောင် ဆိုပြီး လုပ်နေပါတယ်။ စစ်တွေဆိပ်ကမ်းပွင့်သွားပြီဆိုရင် ဖြစ်နိုင်ရင် ကုန်သည်အသင်းအနေနဲ့ တောင်းဆိုထားတာကတော့ စစ်တွေကတဆင့် ကာလကတ္တား (Kolkata) နဲ့ ကျနော်တို့ သင်္ဘောတွေဆွဲနိုင်အောင် လုပ်ပေးပါဆိုပြီး တောင်းဆိုထားတာ ရှိပါတယ်။ လက်ရှိအနေအထားက စစ်တွေဆိပ်ကမ်းမှာ ရှိတဲ့ဟာတခုပဲ သူတို့ဖွင့်မယ်ဆိုတဲ့ အနေအထား ရှိပါတယ်။ ဒါဖွင့်ပြီးသွားရင်တော့ ကျနော်တို့ သိထားသလောက် စစ်တွေ port ကတော့ အင်တာနေရှင်နယ် ပို့နိုင်တဲ့ သူတို့ certificate တွေ၊ ခွင့်ပြုချက်တွေ အကုန်လုံးကတော့ ရရှိပြီးဖြစ်ကြောင်း သိထားပါတယ်။"

ဒီစီမံကိန်းနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့နယ်ချင်းစပ် ကုန်းတွင်းပိတ် မီဇိုရမ်နဲ့ မဏိပူပြည်နယ်တွေ ဖွံ့ဖြိုးလာဖို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ကာလကတ္တားနဲ့ ရန်ကုန်က ကုန်ပစ္စည်းတွေကို စစ်တွေဆိပ်ကမ်းကို ပို့ပြီး အဲဒီကတဆင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကဖြတ်ပြီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်နဲ့ ကုန်သွယ်ဖို့ ဖြစ်ပါတယ်။ ရေလမ်းပိုင်း တည်ဆောက်ရေး လုပ်ငန်းတွေက ပြီးသွားပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ်ကို ဖြတ်သွားတဲ့ ကုန်တွင်းပိုင်းမှာတော့ စစ်ရေး ပဋိပက္ခတွေကြောင့် လုပ်ငန်းကြန့်ကြာနေပါတယ်။

အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး Mr. Vinay Mohan Kwatra နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ၂၀၂၂ နိုဝင်ဘာလ၂၁ ရက်က နေပြည်တော်မှာ တွေ့ဆုံပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေး စတဲ့ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၆ ရက်မှာ ရခိုင်လက်နက်ကိုင် AA နဲ့ စစ်ကောင်စီတို့ နှစ်ဘက်အပစ်ရပ်ဖို့ သဘောတူလိုက်ပြီး ၂ နှစ်ကြာရပ်ထားတဲ့ ကုလားတန်စီမံကိန်းကို ဆက်လုပ်ဖို့ ဖြစ်လာပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ ချင်းပြည်နယ် ပလက်ဝနေရာတွေမှာ ရခိုင်လက်နက်ကိုင် ULA/AA နဲ့ စစ်ကောင်စီတို့က နယ်မြေအသီးသီး ထိန်းချုပ်ထားတာပါ။

ဒါကြောင့်လည်း ဒီစီမံကိန်းအပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် အိန္ဒိယအနေနဲ့ မြန်မာစစ်ကောင်စီနဲ့တင်မဟုတ်ဘဲ သက်ဆိုင်ရာဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ ထိစပ်ညှိနှိုင်းဖို့လိုမယ်လို့ ယူဆကြပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီနဲ့တင်မဟုတ်ဘဲ ဒေသတွင်း နယ်မြေတချို့ကိုထိန်းချုပ်ထားတဲ့ AA ရခိုင်တပ်ဖွဲ့နဲ့လည်း ဆက်ဆံရေးထားရှိသင့်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။

" ဒီနှစ်ဖွဲ့က အကုန်လုံးမျှမျှတတ ကြည်ကြည်ဖြူဖြူ မရှိဘူးဆိုရင် ဒီလမ်းကပွင့်မှာမဟုတ်ဘူး။ အိန္ဒိယအစိုးရအနေနဲ့က တဘက်သတ် မြန်မာစစ်တပ်ကိုပဲ စောင်းပေးပြီး ဆက်ဆံနေမယ်၊ တဘက်ကို အသိအမှတ်မပြုဘူးဆိုရင်တော့ ဒီကိစ္စက တဘက်ကလည်း ခွင့်ပြုနိုင်စရာ အကြောင်းမရှိဘူးပေါ့။ ရေရှည်မှာလည်းပဲ ULA နဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ယာယီရပ်ဆိုင်းထားတယ် ဆိုပေမဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ရင်လည်း ဖြစ်လာလိမ့်မယ်။ အဲဒီတော့ ဒီလမ်းက သူတို့သဘောတူတဲ့အခါမှာ ပွင့်လိုက်၊ ရန်ဖြစ်တဲ့ တိုက်ပွဲဖြစ်တဲ့အခါမှာ ပိတ်လိုက် အဲလိုသူတို့ရဲ့ ကစားကွက်တခု ဖြစ်နေလိမ့်မယ်။ အဲဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ကိုယ်ရင်းနှီးထားတဲ့ ပိုက်ဆံတွေအတွက် နှစ်ဖက်ကို မျှမျှတတ ဆက်ဆံဖို့လိုတယ်။ နှစ်ဘက်စလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိအောင် သူတို့ဘက်က ကြိုးစားဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်။"

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multimodal Transit Transport Project) ကို အိန္ဒိယနဲ့ မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်မှာ လက်မှတ်ရေးထိုး ခဲ့တာပါ။ စီမံကိန်းကိုတော့ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာစတင် အကောင်အထည်ဖော်ခဲ့ကြပြီး အိန္ဒိယဘက်က အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

=======================

[[Unicode]]











XS
SM
MD
LG