သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်


ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)
ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အနည်းဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ဝင်ခွင့်မပေးတာကြောင့် အတိအကျ သတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင်ကြား ရွှေတူးဖော်ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြားထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ်မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”

ဒါကတော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက်နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။

“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှုဖြစ်သွားတဲ့အချိန်မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိတယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသားတွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”

သေဆုံးသူစာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူးဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေကို ကုမ္ပဏီ အာဏာပိုင်တွေက ဝင်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။

အခြားဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။

“အာရှကမ္ဘာမြေကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ်တော့ လုံး၀ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့်သွားတယ်ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံးကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီအချိန်က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ်တယ်ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်းဆုံးတော့ ၁၀၀ ကျော်မှာပေ့ါ အဲ့လိုမျိုး။”

သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်းတွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူးဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီးမှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရွှေတွင်းလုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည်အလယ်ပိုင်းဒေသက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက်အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။

ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင်တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင်လာတာတော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။
XS
SM
MD
LG