ကလေးမြို့မြောက်ပိုင်း စော်ဘွားရေရှင် ကျေးရွာတဝိုက်ကို စစ်တပ်က ဒီနေ့ ဇန္နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာနဲ့အတူ စစ်တပ်က အဲဒီဒေသတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို မပြတ်လုပ်နေတဲ့အတွက် အဲဒီဒေသတွေက စစ်ပြေးဒုက္ခသည်ဟာ လေကြောင်းရန်ကို စိုးရိမ်နေကြတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူ ကိုသူရိန်ဇင်က အခုလို ပြောပါတယ်။
“"မကွေးတိုင်းဖြစ်စေ ချင်းပြည်နယ်ဖြစ်စေ တိုက်ပွဲတွေ ပြင်းထန်ပြီဆိုတာနဲ့ လေကြောင်းတွေက ကျွန်တော်တို့ ကလေးဒေသကို တောက်လျှောက် ဖြတ်သန်းပြီးမှ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ရတာကို အဲဒီတော့ ကျွန်တော်တို့ ကလေးဒေသမှာတော့ တော်တော်လေး စိုးရိမ်မှုတွေ ရှိတယ်။ ညတောင်မှ ကောင်းကောင်း မအိပ်ရဘူး။ ကိုယ့်ရဲ့ စစ်ရှောင် စခန်းနေရာမှာပဲ ကြဲမလား။ ကျွန်တော်တို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှု အန္တရာယ်တွေကနေ ဘယ်လို ကြိုတင်ကာကွယ်မှု လုပ်ဆောင်ရမလဲ အသိပညာပေး ဟောပြောတာတွေ တောက်လျှောက် လုပ်တာတွေတော့ ရှိတယ်။"
ဒီနေ့မနက်အစောပိုင်းက စော်ဘွားရေရှင် ကျေးရွာတဝိုက် လေကြောင်းကနေ အနည်းဆုံး ၅ ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့်၊ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က VOA ကို ပြောပြပါတယ်။
ဇန္နဝါရီလ ၁၆ ရက် ကြာသပတေးနေ့ကလည်း စော်ဘွားရေရှင်ရွာနဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာတွေအပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၂ ဦးသေဆုံးပြီး၊ အိုးအိမ်အတော်များများ ပျက်စီခဲ့ပါတယ်။
ကလေးမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၂၀ ကျော်ရှိပြီး၊ စစ်ဘေးကြောင့် ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၁ သိန်းကျော်လောက် ခိုလှုံနေပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ သူတို့ ခိုလှုံနေတဲ့စခန်းတွေအပေါ် စစ်တပ်က ဗုံးကြဲမှာကို စိုးရိမ်နေကြရပါတယ်။ အဲဒီဒေသဘက်တွေမှာ ကုန်စည်စီးဆင်းမှု ခက်ခဲလာသလို၊ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်၊ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရပါတယ်။
Forum