သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့အနီးကျေးရွာတွေ စစ်ရေးတင်းမာ 


Kalay Township, Myanmar
Kalay Township, Myanmar

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ကလေးမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေ တင်းမာနေပါတယ်။ စစ်ကောင်စီဘက်က အင်အားတိုးချတာကြောင့် ဒေသခံတွေကလည်း တိုက်ပွဲကြီးတွေဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျောက်ပြုတ်ရွာမှာ မနေ့ နိုဝင်ဘာ ၂၁ ရက် က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျောက်ပြုတ်ရွာက ဒေသခံတွေကတော့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာလဆန်းပိုင်းထဲက ထွက်ပြေးနေတဲ့အတွက် ရွာထဲမှာ လောလောဆယ် နေထိုင်သူမရှိဘဲ စစ်တပ်ဘက်ကပဲ တပ်စခန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ပွဲတွေမရှိပေမဲ့လည်း စစ်တပ်အင်အားတွေတိုးချနေတဲ့အတွက် စစ်ရေးတင်းမာတဲ့ အခြေအနေမှာရှိနေတယ်လို့ ကလေးဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“မနေ့ မနက် ၁၀ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပါတယ်။ PDF ကလေးက ကျောက်ပြုတ်ရွာဘက်ကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရွာအတွင်းထဲထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နေ့လည် ၁ နာရီကျော် ၁ နာရီခွဲလောက်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး တွေလည်း အသုံးပြုခဲ့ပါတယ်။ ဒီကနေ့က အခုချိန်ထိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပါဘူး။ စစ်ဆေးတင်းမာမှုတွေက ဆက်ရှိနေဆဲပါ။ စစ်ကောင်စီတပ်တွေက အရင်နေ့တွေ့ထက် ကလေးမြို့ကနေ တောင်ပိုင်းကို စစ်ကြောင်းလျှောက်ပြီး ရွေ့လာတဲ့ အနေအထားရှိတယ်။ မနေ့ကဆို ထောက်ကြန့် ၊ ထောက်ကြန့်ကနေ ဆီသာ ၊ ဆီသာကနေ နတ်မြောင်း နတ်ချောင်း ၊ ချောင်းခွကိုကျော်ပြီး အောင်ချမ်းသာကနေမှာ မြစ်အရှေ့ဘက် ကမ်းကို ကူးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်က ကလေးဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းတခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေးအဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးသွားပါတယ်။ သူတို့အခြေအနေနဲ့ပတ်သက်လို့ အတိအကျ မသိရသေးဘူးလို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

“အရင်အပတ်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ကျနော်တို့ PDF ကလေး တပ်ဖွဲ့ဝင်အမျိုးသမီးတွေကို နဂါးပွက်ကနေတဆင့် မြို့တွင်းကို ခေါ်သွားတယ်။ သူတို့ကို အခုစစ်ချက် ယူနေတယ်လို့ကြားပါတယ်။ ကျန်တာတော့မကြားမိသေးပါဘူး။”

စစ်ကောင်စီက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း ဒေသခံကာကွယ်ရေး အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံခဲ့ရတာပါ။ နိုဝင်ဘာ ၁၆ ရက်ကစလို့ ကလေးမြို့ နဂါးပွက်ကျေးရွာအနီး တောထဲမှာရှိတဲ့ ကလေး PDF စခန်း တပ်ရင်း ၃ ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက်ပိုင်းမှာ အနီးအနား ကျေးရွာတွေနားမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားလာပြီး စစ်ရေးအခြေအနေတွေ တင်းမာနေပါတယ်။

ကလေးမြို့နဲ့ မဝေးလှတဲ့ စံပြကျေးရွာနားမှာ အခြေစိုက်ထားတဲ့ အမှတ် ၆၄၄ စစ် လက်နက် ပစ္စည်းတပ်စုကိုလည်း PDF ဇိုလန်းနဲ့ အခြား ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မနေ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အခုလို အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေချိန်မှာပဲ တင်းမာပြီး စစ်ကောင်စီက တပ်အင်အားတိုးချဲ့နေတဲ့အတွက် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ ကလေးမြို့အနီးက ကျေးရွာတွေမှာတော့ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်နေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ခုနကတောင် ၂ ကြိမ်လောက်ရှိနေပြီ ကျွန်တော်တို့မြို့ကို ပတ်နေတာ။ အပေါ်ကနေ မြို့ကိုလည်း ပတ်နေတယ်။ နောက်ပြီး မနေ့က ကျောက်ပြုတ်မှာ မနေ့က ဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ မနေ့ညနေ ၅ နာရီခွဲ ၅ နာရီဝန်းကျင်လောက်ရှိမယ် ဟက်စကီးနဲ့ စစ်ကူတွေချတယ်။ ပြီးတော့ ဒီနေ့မနက်ကို ဟံသာဝတီကနေမှ ကျောက်ပြုတ်ဘက်ကို လက်နက်ကြီးနဲ့ အမြဲတမ်းထုနေတာကိုဗျ။ အဲ့ဒါကြောင့် တိုက်ပွဲက သူတို့က ဖြန့်ကျက်ပြီး ဟိုသွားလိုက်ဒီသွားလိုက်ဆိုတော့ တိုက်ပွဲက ပြင်းထန်လာနိုင်မယ်လို့ သုံးသပ်ကြည့်တာ။ အခုဆိုတော်တော်များများက ကြောက်လန့်ပြီး တောထဲတွေအကုန်ရှောင်ပြေးနေတယ်ခင်ဗျ။”

အခုလက်ရှိ စစ်ကောင်စီတပ်တွေ နေရာယူ စစ်ကြောင်းထိုးနေတဲ့ ကလေးမြို့တောင်ပိုင်းကျေးရွာတွေ အနီးမှာ နိုဝင်ဘာ ၃ ရက်ကထဲကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ စတင်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေအတွင်း နေအိမ်တချို့ကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအချိန်ကစလို့ နတ်ချောင်း နတ်မြောင်း ချောင်းခွ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်


=============

{{Unicode}}











#MyanmarMilitaryCoup #MyanmarViolence #ChinFighting #VOABurmese

=============

XS
SM
MD
LG