သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး-ဂန့်ဂေါလမ်းပိုင်း တိုက်ပွဲ အရပ်သားထိခိုက်သေဆုံးမှုရှိ


ဂန့်ဂေါမြို့နယ် (Photo/ဂန့်ဂေါ-ဖဘ)
ဂန့်ဂေါမြို့နယ် (Photo/ဂန့်ဂေါ-ဖဘ)

{{Zawgyi/Unicode}}

ချင်းပြည်နယ် ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ကလေးမြို့- ဂန့်ဂေါ လမ်းပိုင်းမှာ ဒေသခံ PDFတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ဒေသခံကျေးရွာသားတွေ သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၂ ရက်က ကလေးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက်ဒီကနေ့ နိုဝင်ဘာ ၃ ရက်မှာတော့ကလေးမြို့တောင်ပိုင်း နဲ့ ဂန့်ဂေါမြို့အထွက်ကြားကစည်သာ၊ နတ်ချောင်း ၊ နတ်မြောင်း၊ ချောင်းခွ စတဲ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရတာတွေရှိခဲ့တယ်လို့နတ်ချောင်းရွာဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒီနေ့တိုက်ပွဲက စည်သာနဲ့ နတ်ချောင်း နတ်မြောင်းကြားမှာ ဒီနေ့ ၃၀ ကျော်လောက်ရောက်လာပြီးတော့ မနားတမ်း ထမင်းစားချိန်တောင် မနားဘူးထင်ရတာပဲ တရစပ်ပစ်တယ်ခင်ဗျ။ လက်နက်ကြီးတွေ အခု ကျနော့်အိမ်နောက်ဖေးဆိုရင်တောင်မှ လက်နက်ကြီးမှန်တယ်။ အဲ့ဒါက တောင်ဘက်(ဂန့်ဂေါလမ်း)ဘက်က လာတယ်။ သူတို့ညှပ်တယ်ခင်ဗျ။ ကလေးကလာတဲ့အဖွဲ့နဲ့ တောင်ကလာတဲ့ အဖွဲ့ကလည်း ရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ ကလေးက လာတဲ့ ယာဉ်တန်းကြီးကလည်း လက်နက်ကြီးပစ်တယ်ခင်ဗျ။ အရပ်သားပေါ့နော်။ ရွာထဲမှာနေတဲ့သူတွေ လက်နက်ကြီးနဲ့ ပစ်လို့မှန်တဲ့သူ အဲ့ဒါက ၃ ယောက်၊ မိုင်းမိတာ ၃ ယောက်။ သေတာချည့်ပဲ ၃ ယောက်။ ခေါင်းက ၂ ယောက်။ ကျနော်တို့ သွားယူတာ မည်သူမည်ဝါမှန်းတော့ မသိတော့ဘူး။ မျက်ခွက်ကို ကျောက်ခဲနဲ့ ထုထားတယ်။ သေတာက ကျနော်ကိုယ်တိုင် သွားဆွဲပြီးပြီ။ ၁ လောင်းပဲ သယ်ရသေးတယ်။ ၂ လောင်းကတော့ အဲ့အတိုင်းပဲ ထားရသေးတယ်။ အဲ့နေရာကြီးမှာပဲ။ ကျွန်တော်တို့အားလုံး ထွက်ပြေးနေရတယ်ခင်ဗျ။ လမ်းဆုံမှာရှိနေတဲ့ ပစ္စည်းတွေအကုန် သယ်သွားပါတယ်။ အိမ်တွေအားလုံး ဖောက်သွားတယ်။ လမ်းဘေးမှာရှိသမျှ အိမ်အများစု အကုန်လုံးလိုလို ဖောက်သွားတယ်။ ဆိုင်ကယ်တွေ တင်သွားတယ်။ ပြီးတော့ စက်ပစ္စည်းရောင်းတဲ့ဆိုင်ကဆိုရင် မီးစက်တွေ ၅ လုံး ၆ လုံးလောက် တင်သွားတယ်။ နောက်ပြီး ဆိုင်ကယ်ပြင်ဆိုင်တွေဆိုရင်လည်း ဆိုင်ကယ်တွေတင်တယ်။ Battery အိုးတွေတင်တယ်။ အကျီအဝတ်အစား အကောင်းတွေဆိုရင်လည်း ဘာမှမကျန်ဘူး၊ အကုန်ယူ သွားတယ်ခင်ဗျ။ ဖုန်းဆိုင်တွေဆိုလည်း နတ်ချောင်းမှာရှိတဲ့ ဖုန်းဆိုင်တွေ တဆိုင်မှ မကျန်ပါဘူးခင်ဗျ။ အကုန်လုံးရိုက်ခွဲ ချောင်းခွက ကွေ့လေးကဆိုင်တွေဆိုရင်လည်း အကုန်လုံးရိုက်ခွဲသွားတယ်။”

စစ်ကောင်စီတပ်တွေဟာ နတ်ချောင်း ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိပြီး လက်ရှိအချိန်မှာတော့ ဂန့်ဂေါဘက်အထွက် အောင်ချမ်းသာ ရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင် တဲ့အတွက် မော်တော်ယာဉ်တွေ ဖြတ်သန်းမသွားလာဖို့နဲ့ တိုက်ပွဲဖြစ်ပွားရင် ဘေးကင်းရာတိမ်းရှောင်ဖို့အပြင် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ဖို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။ ကလေး ဂန့်ဂေါလမ်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


=============

{{Unicode}}








#MyanmarMilitary #MyanmarViolence #ChinFighting #VOABurmese


XS
SM
MD
LG