သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့အနီးကျေးရွာတွေမှာ စစ်တပ်က တပ်စွဲပြီး ဖမ်းဆီးရှင်းလင်းနေ


Kalay Township, Myanmar
Kalay Township, Myanmar

{{Zawgyi/Unicode}}

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ရှာဖွေဖမ်းဆီးနေပါတယ်။ ဒါ့အပြင် နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ မကွေးတိုင်း နှမ်းခါးကျေးရွာက ဘေးလွတ်ရာ ထွက်ပြေးပုန်းခိုနေကြသူတွေ ဆေးဝါးအခက်အခဲကြောင့် သက်ကြီးရွယ်အိုတချို့ သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့အနီးက နတ်ချောင်း ၊ နတ်မြောင်း ၊ ချောင်းခွ ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျေးရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေပြီး တချို့က ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတာပါ။ နတ်ချောင်းကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်အမျိုးသားတချို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နတ်ချောင်းကျေးရွာ ဒေသခံတဦးကပြောပါတယ်။

“အခုနတ်ချောင်း နတ်မြောင်း ၊ ချောင်းခွ ရွာတွေထဲမှာရှိနေပါသေးတယ်။ ပစ်တာခတ်တာတော့မကြား ရသေးဘူး။ ဒါပေမယ့် အရှေ့ပိုင်းမှာ မနေ့ကတုန်းက ဖောက်သွားတဲ့အိမ်မှာ ဝင်ပြီးတော့မှ ဖောက်နေတယ်။ ပြီးတော့ ကျေးရွာသားတွေက အခုထိရှောင်နေရတုန်းပါ။ ဘေးလွတ်ရာရှောင်နေရတယ်ခင်ဗျ။ စောနက ဘုန်းကြီးကျောင်းမှာ ဝင်ပြီးတော့မှ ပြည်သူတွေကို ဝင်ခေါ်သွားတယ်ခင်ဗျ။ ရွာသူရွာသားတွေက ပြေးစရာမရှိတော့ ဘုန်းကြီးကျောင်းတွေမှာ အများသောအားဖြင့် ရှောင်နေကြရတယ်။ အဲ့ဒီမှာလည်း ဝင်ခေါ်တယ်။ လမ်းမှာလည်း တွေ့တဲ့ဟာကိုခေါ်တယ်။ အခုကျနော်တို့သိသလောက်တော့ ကြားရသလောက်က အားလုံးပေါင်း ၅ ယောက် ၆ ယောက်လောက်တော့ ခေါ်သွားပြီ။ ဘုန်းကြီး ကျောင်းတွေကပေါ့။ ခေါ်သွားတာကတော့ ဒီနတ်ချောင်းထဲက ဘုန်းကြီးကျောင်းထဲက ခေါ်သွားတာ။ နေထိုင် စားသောက်တာထက် အသက်နဲ့ကိုယ် အဓိကထားပြီးပဲ ထွက်ပြေးနေကြရတယ်။ လိုအပ်တာတွေကတော့ အများကြီးပေါ့ဗျာ။ အဓိကကတော့ မသေဖို့ပဲ ပြေးနေကြရတယ်ခင်ဗျ။”

နိုဝင်ဘာ ၂ ရက်က ကလေးမြို့ကနေလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့ သေဆုံးဒဏ်ရာရခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၃ ရက်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေလုပ်နေပြီး လက်နက်ကြီးတွေနဲ့ လည်း လူနေအိမ်တွေရှိရာဘက် ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် နေအိမ်အချို့ မီးလောင်ခဲ့ပြီး နတ်ချောင်းကျေးရွာသား ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ဒီဒေသဘက် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့နဲ့ တိုက်ပွဲဖြစ်ရင် ဘေးလွတ်ရာတိမ်းရှောင်ပြီး ကြိုတင်ပြင်ဆင်တာတွေလုပ်ဖို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တဆက်တည်းမှာပဲ မကွေးတိုင်းထဲ ကလေး-ဂန့်ဂေါ လမ်းပိုင်းက ကျေးရွာတခုဖြစ်တဲ့ နှမ်းခါးကျေးရွာမှာလည်း စစ်ဘေးရှောင်နေရတာ တလနီးပါးရှိလာပြီဖြစ်တဲ့အတွက် ဆေးဝါးအကူအညီတွေ လိုအပ်နေလို့ အသက်ကြီးပိုင်းထဲက သေဆုံးသူတချို့ရှိခဲ့တယ်လို့ နှမ်းခါးဒေသခံတဦးက ပြောပါတယ်။

“အခုလောလောဆယ်က ကျနော်တို့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်နေတယ်ခင်ဗျ။ ဖျားနာတဲ့သူတွေအတွက် အားဆေးတွေ အဓိကလိုအပ်တယ်ခင်ဗျ။ လူကြီးတွေက တော်တော်လေး အားပြတ်နေတယ်ပေါ့နော်။ စစ်ဘေးရှောင်ရတဲ့အတွက် သွားလိုက်ပြန်လိုက်ဆိုတော့ အားပြတ်ပြီးတော့မှ အခုဆို အားဆေးတွေ လိုက်နေရတယ်ခင်ဗျ။ အခုသေဆုံးမှုတွေက စစ်ဘေးရှောင်တွေက ဆေးဝါးကုသမှုခံဖို့ အိမ်မှာလို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မှုမရဘူးခင်ဗျ။ သေဆုံးမှုက အားလုံးစုစုပေါင်း ၆ ဦးလောက် ရှိသွားပြီ။ အခုသေဆုံးမှုဆိုရင် အသက်ကြီးတဲ့အပိုင်းက ၁၀၁ နှစ်တောင် ပါတယ်ခင်ဗျ။ ဒီလထဲမှာကို ၃ ယောက်လောက်ရှိသွားပြီ အရင်လက ၃ ယောက်လောက်ဆိုတော့ ၆ ယောက်လောက်ရှိပြီ။ လာလှူတဲ့သူလည်းမရှိဘူး။ ဘာလို့လဲဆိုတော့ အင်တာနက်လိုင်းတွေလည်းမရဘူး။ ဖုန်းလိုင်းတွေလည်းမရဘူး။ ရွာထဲမှာဆို တယ်လီနောကော MPT ကောဖြတ်ထားတယ်။”

အိမ်ထောင်စု ၁,၀၀၀ ကျော်ရှိတဲ့ နှမ်းခါးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၃ ရက်နေ့တွေက ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်တွေ မီးရှို့ခံရတာကြောင့် နေအိမ် အလုံး ၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်


================

{{Unicode}}












================

XS
SM
MD
LG