သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးဝကျောက်မီးသွေးတွင်း အောက်စီဂျင်ပြတ်မှု မိုင်းလုပ်သား ၅ ဦးသေဆုံး


ကလေးဝကျောက်မီးသွေးတွင်းအောက်စီဂျင်ပြတ်မှု မိုင်းလုပ်သား ၅ ဦးသေဆုံး (ဓာတ်ပုံ-MOI)
ကလေးဝကျောက်မီးသွေးတွင်းအောက်စီဂျင်ပြတ်မှု မိုင်းလုပ်သား ၅ ဦးသေဆုံး (ဓာတ်ပုံ-MOI)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်က သစ်ချောက်ဒေသရှိ မြေအောက် ကျောက်မီးသွေးတွင်းမှာ အောက်စီဂျင် ပြတ်တာကြောင့် အလုပ်လုပ်ကိုင်နေသူ လုပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသားတဦးနဲ့ မြန်မာလုပ်သား ၄ ဦးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျောက်မီးသွေးတွင်းထိခိုက်မှုဖြစ်စဉ်ဟာ ကလေးဝမြို့နယ်က သစ်ချောက်ရွာနဲ့ ၁၀ မိုင်အကွာ စက်ကွင်းအရပ် က ထွန်းသွင် သတ္တုထူးဖော်ရေးကုမ္ပဏီ ဆောင် ရွက်နေတဲ့ လုပ်ကွက် မြေအောက်ပေ ၆၀၀ လောက်မှာ ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ် ကျောက်မီးသွေးတွင်းအတွင်းမှာ လူ ၅ ယောက်ပိတ်မိနေခဲ့ပြီး အဲဒီလူ ၅ ယောက်သေဆုံး ခဲ့တယ် လို့ ကလေးဝမြို့နယ်က တာဝန်ကျ ရဲ အရာရှိ က ပြောပါတယ်။

“အဲဒီ ၅ ယောက်လုံး အကုန်သေသွားတယ်ဗျ။ တရုတ်နိုင်ငံသားတယောက်ရယ်။ မြန်မာနိုင်ငံသား ၄ ယောက် ရယ် အကုန်သေသွားပါတယ်ခင်ဗျ။ နေ့လည် ၂ နာရီ မှာ အလောင်းတွေ ရပါတယ်ခင်ဗျ။ မီသိန်းဓါတ်ငွေ့လိုင်း ပေါက်ကွဲတာ။ ပေါက်ကွဲ ပြီးတော့မှ အောက်စီဂျင်ပြတ်သွားတာ။ မနေ့က ညကဖြစ်တာဗျ။ ည ၂ နာရီ လောက်က ဖြစ်တာ။”

အခင်းဖြစ်ပွားရာနေရာကို ခရိုင်နဲ့ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေအပါအဝင် ကျန်း မာရေးအဖွဲ့တွေဟာ ကူညီ ကယ်ဆယ်ရေးအတွက် သွားရောက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့တဲ့ ကလေး၀ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အခင်းဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့ သတ္တုတွင်းပညာရှင်က ပြောတာပေါ့နော်။ အောက်ထဲမှာ လျှပ်စစ် gun နဲ့ ကျောက်မီးသွေးကို gun နဲ့ ထိုးပြီးထုတ်တာကိုး။ ကျောက်မီးသွေးက နဂို ကကတည်းက မီသိန်းတို့ ကာဗွန်ဒိုင် အောက်ဆိုဒ်တို့ အဲဒါ မျိုးတွေ ထွက်တယ်။ ထွက်တော့ အဲဒီမှာ gun ထိုးလိုက်တော့ မီးစထွက်မှာပေါ့ဗျာ။ အဲဒီဥစ္စာနဲ့ ဓါတ်ငွေ့ များများ ထွက်တာနဲ့တွေ့ပြီးတော့ ဝုန်းဆိုပြီးပေါက်တာပေါ့။ ဓါတ်ငွေ့နဲ့မီးနဲ့တွေ့ပြီး ပေါက်တဲ့အခါကျတော့ အောက်စီဂျင် သွားတဲ့ပိုက် အောက်စီဂျင်ပေးတဲ့ပိုက် ပြတ် ထွက်သွားပြီးတော့ တွင်းထဲမှာကျန်နေတဲ့ ၅ ယောက်က အောက်စီဂျင် ပြတ်တယ် ပေါ့ဗျာ။ အဲလိုဖြစ်တာပါခင်ဗျ။ ”

ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျန်ရှိနေသူ ၅ ယောက်ကို သွားရောက်ကယ်တင်ခဲ့သူ ၄ ဦးဟာလည်း အောက်စီဂျင် ပြတ်တဲ့ဒဏ်ကြောင့် မူးမေ့လဲကျသွားခဲ့ကြောင်း၊ သူ တို့ကို ပြန်ဆွဲထုတ်ပြီး ကလေးဝဆေးရုံကို ပို့ဆောင် ကုသရာမှာ ပြန်လည် ကျန်းမာ လာပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

ထွန်းသွင်ကုမ္ပဏီက တာဝန်ရှိသူတဦးကတော့ သေဆုံးသွားသူ ၅ ဦးရဲ့ ရုပ် အလောင်းတွေကို ကလေးဝမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်းနဲ့ အခြား ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းကလည်း သစ်ချောက်ကျောက်မီးသွေးတွင်းမှာ အောက် စီဂျင် ပြတ်လပ်တာကြောင့် လူ ၇ ဦး ထိခိုက်ခဲ့ရာမှာ တရုတ်နိုင်ငံသား တဦး သေဆုံးခဲ့ပြီး မြန်မာလုပ်သား ၆ ဦးကတော့ အသက်အန္တရာယ် မဖြစ်ခဲ့ပါဘူး။ ဒီဖြစ်စဉ်ကတော့ တလကြာရပ်နားထားတဲ့တွင်းကို ပြန်လည်စတင် တူးဖော် စဉ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်း သတ္တုနဲ့ သယံဇာတတူးဖော်ရေးလုပ်သားတွေရဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အခြေအနေက အားရစရာမရှိဘဲ ဖားကန့် ကျောက်စိမ်း တွင်းတွေမှာလည်း မြေပြိုတာကြောင့်မကြာခဏ လူသေဆုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG