သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမန်နာမည်ခံ မှတ်ပုံတင်ထုတ်ပေးမှု သက်သေခိုင်လုံရင် တိုင်ကြားနိုင်


ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ
ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ကမန်လူမျိုးမဟုတ်တဲ့ တခြားမူဆလင်တွေကို သက်ဆိုင်ရာက ကမန် တိုင်းရင်းသားနာမည်ခံပြီး နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးနေတယ်ဆိုတဲ့သတင်းတွေဟာ မမှန်ကန် ကြောင်းနဲ့ ဒီလို လုပ်ဆောင်တယ်ဆိုတဲ့ ဖြစ်ရပ်တွေကို သက်သေအထောက်အထားရှိလို့ တိုင်ကြားနိုင်ရင် အရေးယူမှာဖြစ်ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား နည်းနည်းပဲရှိပေမယ့် ထောင်နဲ့ချီလူတွေကို ကမန်တိုင်းရင်းသား နာမည်ခံပြီး နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးနေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်က ပြောနေတာပါ။ VOA ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ဆိုပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးနေတာကို ရခိုင်ပြည်နယ်နိုင်ငံရေးပါတီတွေကနေ ကန့် ကွက်မှု တွေရှိနေတာပါ။

အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရေးကဒ်လုပ်ပေးတယ်ဆိုတဲ့သတင်းမဟုတ်မှန်သလို သက်သေ အထောက်အထားတွေနဲ့တိုင်ကြားနိုင်ကြောင်း ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဦးစီးမှူး ညွှန်ကြားရေးမှူး- ဦးအောင်မင်းက ငြင်းဆိုပါတယ်။

“ဘင်္ဂလီလူမျိုးတွေဟာ ကမန်နံမည်ခံပြီး မှတ်ပုံတင်လုပ်နေတာမျိုးကို ကျနော်တို့လုပ်မပေးပါဘူး။ ကမန်မျိုး တိုင်းရင်းသားတွေကိုပဲ ကျနော်တို့လုပ်ပေးတာပါ။ ဘင်္ဂလီလူမျိုးတွေက သပ်သပ် ရှိပါတယ်။ သူတို့မပါပါဘူးဗျ။ လျှောက်ထားသူသည် ကမန်လူမျိုးမဟုတ်ဘူး။ ဘင်္ဂလီဆိုရင် အဲဒီဟာကို သက်သေ အထောက်အထား တွေနဲ့ တိုင်ကြားတယ်ဆိုရင် ကျနော်တို့က ဥပဒေနဲ့အညီ စိစစ်ပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်။”

သြဂုတ်လကုန်ပိုင်းတုန်းက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကတာဝန်ရှိသူတွေ ကျောက်နီမော်ကျေးရွာကို ရောက် လာပြီး စုစုပေါင်း ၃,၃၀၀ ကျော်ကို နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် က မေးမြန်းချက်အရ သိရပါတယ်။

ကျောက်နီမော်ရွာထဲမှာနေထိုင်တဲ့ကမန်တိုင်းရင်းသားဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွါးတဲ့အရေးအခင်းအလွန် ၂၀၁၇ ခုနှစ်ကစပြီး ရန်ကုန်မြို့နဲ့တခြားနယ်ဘက်တွေမှပြောင်းရွှေ့နေထိုင်လာခဲ့တာပါ။

လက်ရှိကျောက်နီမော်ရွာမှာ ကမန်လူဦးရေ ရာဂဏန်းမပြည့်ပေမဲ့ နိုင်ငံသားစီစစ်ရေးကဒ် (၃၀၀၀) ကျော် ထုတ်ပေးတဲ့အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ကနေ ကန့်ကွက်ခဲ့တယ်လို့ ရမ်းဗြဲမြို့နယ် ALD ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။

“နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကိုတော့ ကျနော်တို့မဆိုလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့က ဒေသခံတွေဆိုတော့ဗျာ အဲဒီမှာ ကမန်တိုင်းရင်းသားမဟုတ်တဲ့သူတွေကိုလည်း ကျနော်တို့ဒေသခံတွေအနေနဲ့ သိပါတယ်။ ကမန် မဟုတ်တဲ့၊ တိုင်းရင်းသားမဟုတ်တဲ့ သူတွေကို၊ လိမ်လည်သူတွေကို သူတို့က ကမန်တိုင်းရင်းသားအဖြစ် သတ်မှတ်ပြီးတော့ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စအပေါ် ကျနော်တို့က သိသာမြင်သာတဲ့အပေါ်မှာ ဒါ မဖြစ်သင့် ဘူး။ ဒါကို ဥပဒေကြောင်းအရ သေသေချာချာဂဃနဏ စိစစ်ကြည့်ဦး။ အဲဒီတိုင်းရင်းသား အမှန်အကန်ကိုပဲ ဖြစ်စေချင်တယ်။ အဲဒီကြောင့်ပဲ ကျနော်တို့က ကန့်ကွက်စာတွေ သဘောထားလေးတွေ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။”

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး ပြန်လည်စိစစ်ပေးဖို့ ရခိုင် ပြည်နယ်နိုင်ငံရေးပါတီတွေကနေ ပြည်နယ်အစိုးရအပါအဝင် ပြည်ထောင်စုအစိုးရကိုတင်ပြခဲ့ပါတယ်။

ဒီတင်ပြချက်အပေါ်သက်ဆိုင်ရာဝန်ကြီးဌာနကနေစိစစ်နေတယ်ဆိုပြီး ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“အခုဘင်္ဂလီတွေက ကမန်ဆိုပြီးတော့ သူတို့ကနိုင်ငံသားစီစစ်ရေးကဒ်ပြားကို ရတဲ့နည်းနဲ့ယူထားတယ်။ အဲဒါကို သူတို့ရဲ့အကြောင်းကို ကောင်းစွာနားလည်တဲ့ ကမန်အဖွဲ့အစည်းကနေ တပ်အပ် သေချာသိနေတဲ့ အတွက် အထောက်အထားနဲ့တင်ပြထားတဲ့အတွက်ကြောင့် ဒီကိစ္စကအစိုးရဝန်ကြီးဌာနနဲ့သက်ဆိုင်ကြတယ်။ သူတို့ဆက်လက်ပြီး လုပ်နေကြတယ်လို့ ကျနော်တို့သိနေရပါတယ်ခင်ဗျ။ ဝန်ကြီးဌာနက စိစစ်နေတယ်ဆိုတာ ကျနော်တို့ ကြား သိရပါတယ်။”

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကဒ်တွေ ထုတ်ပေးခဲ့တဲ့ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ စိစစ်နေတဲ့အခြေအနေနဲ့ပက်သက်ပြီးသိရှိဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန် ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားအနည်းစုဟာ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလို့ သူတို့ကိုယ်ကို သူတို့ခေါ်ဝေါ်နေတဲ့သူတွေနေထိုင်နေကြပါတယ်။

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ကမန် အမျိုးသားတိုး တက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးက ပြောပါတယ်။

“မဖြစ်သင့်တဲ့ကိစ္စတခုပေါ့နော်။ ဒါအစိုးရကလုပ်ပေးတယ်ဆိုတဲ့ကိစ္စကိုး။”

ကမန်လူမျိုးအမည်ခံ နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တဲ့ဖြစ်စဉ်အတွက် ပြန်လည်စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ဒီလပထမအပတ်မှာ သက်ဆိုင်ရာ အစိုးရဌာနထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။

ဘင်္ဂလီတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစီစစ်ရေး ကဒ်လုပ်ပေးတယ်ဆိုတာ အစိုးရပေါ်လစီမရှိ ဘူးလို့ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG