သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမန်အမည်ခံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမှု ရခိုင်နှင့် ကမန်ပါတီတွေ ကန့်ကွက်


Bangladesh Myanmar Rohingyas

ဘာသာရေး လူမျိုးရေးအသွင်ဆောင်ပဋိပက္ခဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ်က ရမ်းဗြဲမြို့နယ်မှာ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ကနေ ကမန်လူမျိုးမဟုတ်တဲ့ တခြားမူဆလင်တွေကို ကမန်တိုင်းရင်းသား ဆိုပြီး နိုင်ငံသားစီစစ်ရေး ကဒ် ပြုလုပ်ပေးနေတယ်ဆိုတဲ့ သတင်းအပေါ် ရခိုင်နဲ့ ကမန်တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ကန့်ကွက်နေ ကြပါတယ်။ ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော် ကျေးရွာမှာရှိနေတဲ့ ကမန်လူဦးရေထက် ပိုပြီး မှတ်ပုံတင် လုပ်ပေး နေတယ်လို့လည်း နိုင်ငံရေးပါတီတာဝန်ရှိသူတွေက ပြောဆိုနေကြပါတယ်။ VOA ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ကမန် တိုင်းရင်း သား ဆိုပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးနေတဲ့အပေါ် ပြန်လည်စီစစ်ပေးဖို့ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီ (ALD) က တောင်းဆိုခဲ့တယ်လို့ ရမ်းဗြဲမြို့နယ် ALD ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်ကပြောပါတယ်။

“ဒီကျောက်နီမော်မှာ လ၀ကဌာနကလာပြီးတော့ မှတ်ပုံတင်တွေထုတ်ပေးတယ်။ ထုတ်ပေးတဲ့နေရာ မှာ လွှဲမှားမှုတွေ တွေ့နေရတယ်။ အဲဒီလွှဲမှားမှုတွေကို တကယ့်မှန်မှန်ကန်ကန် ဥပဒေဘောင်နဲ့ စီစစ်ပြီးတော့ မှတ်ပုံတင် ထုတ်ပေးခြင်းက ပိုပြီးတော့ကာ ဥပဒေအရ မှန်ကန် တယ်လို့ ထင်တဲ့ အတွက်ကြောင့် ဒီလို လွှဲမှား မှုတွေ မဖြစ်ရအောင် အဲဒီမှတ်ပုံတင် ထုတ်ပေးဖို့ ကို ကျနော်တို့ ကန့်ကွက်စာတင်တာပါ။ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်နဲ့ပက်သက်လို့လည်း သူတို့မှာ အခွင့်အရေး မရှိတဲ့သူလည်း ရှိတယ်။ အခု အဲဒီသူတွေရော တကယ် ထုတ်ပေးနိုင်ဖို့ အခြေအနေရှိတဲ့သူတွေရော အကုန်ရောပြီးထုတ်ပေးတဲ့အခါမှာ ဥပဒေဘောင်အပြင်ဘက်ကို ရောက်သွားတယ်လို့ကျွန်တော်တို့ခံစားရတာပါ။”

ကန့်ကွက်စာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စက်တင်ဘာ ၅ ရက်နေ့က ပေးပို့ထားပါတယ်။

သြဂုတ်လကုန်ပိုင်းတုန်းက နေပြည်တော်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ တာဝန်ရှိသူတွေ ကျောက်နီမော် ကျေးရွာကိုရောက်လာပြီး စုစုပေါင်း ၃,၃၀၀ ကျော်ကို နိုင်ငံသား စိစစ်ရေးကတ်တွေထုတ်ပေးခဲ့ပါတယ်။

လက်ရှိကျောက်နီမော်ရွာထဲမှာကမန်တိုင်းရင်းသားဦးရေ ရာဂဏန်းမပြည့်ပေမဲ့ နိုင်ငံသားစီစစ်ရေး ကဒ် (၃၀၀၀) ကျော်ထုတ်ပေးတဲ့အပေါ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(ALD) ကနေ ကန့်ကွက်ခဲ့ တယ်လို့ ဦးမြင့်လွင်က ပြောပါတယ်။

“မှတ်ပုံတင်လုပ်တာက ကျနော်တို့ အခု စာရင်းဇယားအရ (၃,၃၀၆) ယောက်လုပ်ပြီးသွားပြီ။ လက်ရှိ ကမန်ဦးရေ ဒီမှာ လောလောဆယ်ရှိနေတာက (၇၀) လောက်ပဲ ရှိတယ်။ အဲဒီ (၃,၀၀၀) က ဘယ်လို ကနေ ဘယ်လိုရှိတာလဲ။ ဘင်္ဂလီက နေပြီးတော့ ကမန်တိုင်းရင်းသား အရှိပြောင်း လိုက်ပြီးတော့မှ မှတ်ပုံတင် လုပ်ပေးတဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ပါတီက ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးခဲ့တဲ့အရေးအခင်းနောက်ပိုင်း ၂၀၁၇ ခုနှစ်နောက်ပိုင်း ကျောက်နီမော်ရွာ က ကမန် အမျိုးသား တော်တော်များများဟာ ရန်ကုန်မြို့မှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွက် နိုင်ငံသားစီစစ်ရေးကဒ်ထုတ်ပေးတာ ပြန်လည်စီစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေး ပါတီက လည်း စက်တင်ဘာ (၄) ရက်နေ့မှာ ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကတ်တွေထုတ်ပေးခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ကမန်အမျိုးသားတိုး တက်ရေးပါတီဒုဥက္ကဌဦးလှတိုးကပြောပါတယ်။

“မဖြစ်သင့်တဲ့ကိစ္စတခုပေါ့နော်။ ဒါအစိုးရကလုပ်ပေးတယ်ဆိုတဲ့ကိစ္စကိုး။ ကျနော်တို့သွားပြီးတော့ မလုပ်ပါနဲ့ ဆိုပြီးသွားပြောလို့ရတဲ့ကိစ္စမှမဟုတ်တာ။”

အစ္စလာမ်ဘာသာဝင် ကျောက်နီမော်ကျးရွာသား ဦးအောင်သိန်းကတော့ အစိုးရအနေနဲ့ဥပဒေနဲ့ အညီလုပ်ပေး တယ်လို့ယူဆကြောင်းအခုလိုပြောပါတယ်။

“ဒါ လ၀က-ကလုပ်ပေးတာ။ ကျနော်တို့ကမသိနိုင်ဘူး။ သူတို့ကဥပဒေနဲ့ညီရင်လုပ်ပေးမှာပေါ့။ ဥပဒေနဲ့မညီရင် လုပ် ပေးမှာမဟုတ်ဘူး။”

ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားတွေနဲ့အတူ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလို့ သူတို့ကိုယ်ကို သူတို့ခေါ်ဝေါ်နေတဲ့သူတွေနေထိုင်နေကြပါတယ်။

ဘင်္ဂလီတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံရေးစီစစ်ရေး ကဒ်လုပ်ပေးတယ်ဆိုတာ အစိုးရပေါ်လစီမရှိ ဘူးလို့ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

“မဟုတ်ဘူး။ မလုပ်ဘူး။ မလုပ်ဘူးဆိုတာက ကျွန်တော်တို့ဘင်္ဂလီဖြစ်ပြီးတော့ ကမန်ပါလို့မလုပ်ဘူး။ အဲဒါတွေ လည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် လ၀က သက်ဆိုင်တဲ့ဝန်ကြီးဌာနကို မေးပေးစေချင် တယ်။ ကျနော် အတိအကျ မသိဘူး။ သို့သော် ပေါ်လစီမှာမရှိဘူး။ ကမန်မဟုတ်တဲ့ သူတွေကို ကမန်လို့ ကျနော်တို့ အတင်းလုပ်ခွင့်မပေးဘူး။”

နိုင်ငံသားစီိစစ်ရေးကဒ်လုပ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနဲ့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့က ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်စေ လိုပြီး ကမန်တိုင်း ရင်းသားတွေအဖြစ် နိုင်ငံရေးစီစစ်ရေး ကဒ်လုပ်ပေးနေတဲ့သတင်းအပေါ် စိုးရိမ်မိကြောင်း ဒီလို လုပ်ရပ်ဟာ နိုင်ငံတော်အနာဂတ်နဲ့အချုပ်အခြာအာဏာ (၃) ရပ်ကို များစွာထိခိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG